နေ့လည်စာ စားပွဲဝိုင်း တွင် ထိုအကြောင်းအရာများဖက် ရောက်သွားရာ မဒမ်သည် သူပြောချင်သည်များ ပြောခွင့်ရသွား ပြန်၍ ကွန်ဂရက် အမတ် နှင့် ကက်စထရို တော်လှန်ရေး ကြောင့် ဒုက္ခသည် အဖြစ် ရောက်လာရသည့် ဇနီး ရီတာ တို့အား ထပ်ပြောနေပြန်သည်။ သူမသည် မင်းသမီး ရီတာ ဟေးဝပ် နှင့် ရုတ်တရက် ကြည့်လျင် အတော်လေး ဆင်သည်။ ရီတာ ဟေးဝပ် အကျော်ကြားဆုံး ဖြစ်နေချိန်တွင် အသက် နောက်ထပ် ဆယ့်လေးငါးနှစ် ထပ်တိုး၊ ကိုယ်အလေးချိန် ထပ်ဖြည့်ပေးလိုက်မည် ဆိုက ချွတ်စွပ်ဟု ပင် ပြောနိုင်သည်။
ရီတာက မကောင်းဆိုးဝါး ကောင်တွေနဲ့ နေရလို့ တခု ကောင်းတာက မကောင်းဆိုးဝါး မှန်း သိနေတာပဲ၊ မြင်ရင်လည်း သတိထားမိတယ်၊ အဲ့ဒါကြောင့် ရှင်တို့ ဒီနေ့ ရောက်လာကြတာ ကျမ ဝမ်းသာတယ်၊ ကျမ တို့ ကျုးဘား၊ ဗီယက်နမ်တွေက ကွန်မြူနစ်ဝါဒ ကို အတူ လက်တွဲ တိုက်ပွဲဝင်နေကြတဲ့ ဝမ်းကွဲ ညီအကို မောင်နှမ တွေလို့ ပြောလို့ရတယ်။
ရီတာ ၏ စကားများက ကွန်ဂရက် အမတ်၊ ရီတာ နှင့် ဗိုလ်ချုပ်ကြီး၊ မဒမ်တို့ကြားရှိ နှောင်ကြိုးကို ပို၍ ခိုင်မာ သွားစေခဲ့သည်၊ မဒမ်ကလည်း လာနာ အကြောင်း ပြောရ၍ နေသာထိုင်သာ ရှိသွားသည်။ အိမ်ဖေါ် အမျိုးသမီးကတော့ ပန်းကန်များ ဆေးကြောနေသည်။
ရီတာက မဒမ် ပြောသည်ကို ချက်ခြင်းလို ကိုယ်ချင်းစာမိသွားသည်။ သူမသည်လည်း ခင်ပွန်းသည်လိုပင် မည်သည့်အရာကိုမျှ သီးခြားဖြစ်ရပ် သက်သက်အဖြစ် မယူဆဘဲ၊ ဆင်းရဲမွဲတေမှု၊ ဖောက်ပြန်ပျက်စီးမှု၊ ဘုရားမဲ့ဝါဒနှင့် အမျိုးမျိုးသော ယို့ယွင်းမှုများကို ဖြစ်ပေါ်စေသည့် ကွန်မြူနစ်ဝါဒဟူသော ရောဂါ၏ လက္ခဏာရပ်တစ်ခုအဖြစ် အမြဲတစေ ဆက်စပ်ကြည့်ရှုတတ်သူဖြစ်သည်။
ရီတာ သည် ကျမ အိမ်မှာတော့ ရော့ခ် ဂီတ ဆိုတာမျိုး ကို ခွင့်မပြုဘူး ဟု ပြောရင်းက သမီးဖြစ်သူ စာရိတ္တ ချို့ယွင်းမှု အတွက် မဒမ် ကို နှစ်သိမ့်သည့် အနေဖြင့် လက်ကို ဆုပ်ကိုင်လိုက်သည်။ ကျမ ကလေး တွေကိုလည်း အိမ်မှာ နေနေသရွေ့ ဆယ့်ရှစ်နှစ် မပြည့်မချင်း ဘယ်ယောက်ျားလေး နဲ့ ချိန်းတွေ့တာတို့၊ ဒိတ် လုပ်တာတို့ ခွင့်မပြုဘူး၊ ဆယ်နာရီ မထိုးခင် အိမ်ပြန်လာရမယ်လို့လည်း ကာဖြူးထုတ်ထားတယ်၊ ကျမတို့ရဲ့ အားနည်းချက်ကတော့ လွတ်လပ်ခွင် ရှိနေလို့ ဆိုတာပဲ၊ လူတွေကလည်း မူးယစ်ဆေးတို့၊ လိင်ကိစ္စတွေကို ကူးစက်တတ်ပါလား မတွေးတော့ဘူး၊ သူတို့ လုပ်ချင်သလို လွတ်လွတ် လပ်လပ် လုပ်ခွင့် ရနေတယ် ဆိုပြီး ဖြစ်လာကြတယ်။
စနစ်တိုင်းမှာတော့ အလွန်အကျွံ ဖြစ်လာတာတွေတော့ ရှိတတ်တာပဲ၊ ဒါတွေကို အထဲကနေပဲ ပြန် ထိန်းကွပ် ပေးရတာမျိုး တွေ ရှိတယ်ဟု ကွန်ဂရက် အမတ်က ဝင်ပြောသည်။ ဟစ်ပီတွေကို "ချစ်ခြင်း မေတ္တာတို့"၊ "လွတ်လပ်ခွင့်တို့" ဆိုတဲ့ စကားတွေ ကို ခိုးယူခွင့် ပေးသလို ဖြစ်သွားရင် ပြန်တိုက်ယူရတာပဲ၊ ဒီလို မျိုး တိုက်ပွဲက အိမ်တွင်းမှာပဲ စပြီး အိမ်တွင်းမှာပဲ အဆုံးသတ်ရတာမျိုး၊
ကွန်ဂရက် အမတ် သည် လူမြင်ကွင်း တွင် ပြောဆိုပုံမျိုး မဟုတ်ဘဲ၊ စကားကို နူးနူးညံ့ညံ့ နှင့် ချိန်ချိန်ဆဆ ပြောနေသည်။ မြို့စားကြီးအလား စားပွဲထိပ်တွင် ထိုင်နေပြီး ဗိုလ်ချုပ်ကြီး နှင့် မဒမ်တို့အား စားပွဲ ဘေးတဖက် တချက်တွင် ထိုင်စေသည်။ ကျွန်တော်တို့ကတော့ ကလေးတွေ ကို ဘာတွေ ဖတ်ရမယ်၊ ဘာတွေ နားထောင်ရမယ်၊ ဘာတွေ ကြည့်ရမယ် ဆိုတာ သွန်သင်နေပေမယ့် သူတို့ ကြိုက်တဲ့ အချိန် တီဗီ တို့ ရေဒီယို တို့ ဖွင့်လို့ရနေတော့လည်း မခက်ဘူးလား။ ကျွန်တော်တို့ဖက်ကတော့ ဟော်လီဝုဒ် နဲ့ ဓါတ်ပြား ကုမ္ပဏီ တွေ အလွန်အကျွံ မလုပ်အောင် အစိုးရက ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ သဘောရတယ်။
"ခင်ဗျားတိုက အစိုးရ မဟုတ်ဘူးလား" ဟု ဗိုလ်ချုပ်ကြီးက ဝင်ပြောလိုက်သည်။
"ခင်ဗျား ပြောတာ အမှန်ပဲ၊ ဒါကြောင့်လည်း ရုပ်ရှင် နဲ့ ဂီတ ကို စည်းကမ်းတကျ ဖြစ်အောင် ထိန်းညှိပေးမယ့် ဥပဒေတခု ထွက်လာဖို့ ကျွန်တော် ဦးစားပေး လုပ်ရမယ့် အထဲ ထည့်ထားပြီးပြီ၊ ဒါ ဆင်ဆာ လုပ်ဖို့ မဟုတ်ဘူးနော်၊ မလိုက်နာရင် အကျိုးသက်ရောက်မှု တွေ ရှိလာမယ်ဆိုတဲ့ အကြံပေးတာမျိုး ဆိုလိုတာ။ ကျွန်တော် ပြောရဲတယ်၊ ဟော်လီဝုဒ် နဲ့ ဂီတ ဖက်က လူတွေ ကျွန်တော့်ကို လုံးဝ မကြိုက်ကြဘူး ဆိုတာ၊ နောက်ဆုံး ကျွန်တော် နဲ့ တွေ့တော့မှ ကျွန်တော်က သူတို့ ဖန်တီးမှုတွေကို သူရဲသူဘက်လို ဝါးစားပစ်မယ့် လူမျိုးမဟုတ်ဘူး ဆိုတာ သိသွားကြတယ်။ သူတို့ လုပ်နေတာတွေ ကို သန့်စင်သွားအောင် ကြိုချက်ပေးတဲ့ သဘောပါ၊
လုပ်ငန်း ဆပ်ကော်မတီ ထဲ ကျွန်တော် ပါနေတော့ ဟော်လီဝုဒ်က လူအချို့ နဲ့ မိတ်ဆွေ ဖြစ်လာတယ်။ နကိုယ်က ကျွန်တော် သူတို့ အပေါ် အစာကြေလှတယ် မဟုတ်ဘူး ဆိုတာ ဝန်ခံပါတယ်၊ တကယ်တမ်းကျတော့ သူတို့ထဲက အချို့က လူတော်တွေ၊ အလုပ်ကို စိတ်ပါလက်ပါ သဲကြီးမဲကြီး ဇောက်ချ လုပ်ချင်ကြတယ် လူတွေဆိုတာ သိလာရတယ်။ ကျွန်တော် ဖြစ်စေချင်တာလဲ အဲ့လိုမျိုးပဲ၊ ထားပါတော့ သူတို့ထဲက တယောက်က စစ်ပွဲ အကြောင်း ရုပ်ရှင်ရိုက်ချင် နေကြလို့ ကျွန်တော့်ဆီက အကြံဉာဏ် တောင်းလာတယ်။ ဘယ်လို ရိုက်ရင် မှန်တယ်၊ မှားတယ် ဆိုတာမျိုး လောက် သူတို့ဇာတ်ညွှန်း အပေါ် မှတ်ချက် ရေးပေးရမယ်၊
ကျွန်တော် အဲ့ဒါတွေ ခင်ဗျားတို့ကို ပြောနေရတာက အကြောင်းရှိတယ်၊ သူတို့ ရိုက်မယ့် ဇာတ်လမ်းက ဖီးနစ် ပရိုဂရမ် အကြောင်း ဖြစ်နေတယ်၊ ခင်ဗျားက အဲ့ဖက်မှာ ကျွမ်းကျင်ခဲ့တယ် ဆိုတာ ကျွန်တော် သိနေတယ်။ ကျွန်တော် ကျတော့၊ အဲ့ဒီ ပရိုဂရမ် မစခင်ကတည်းက ထွက်လာခဲ့တာ ဆိုတော့၊ ခင်ဗျား ဆို သူတို့ကို အကြံလေး ဘာလေး ပေးနိုင်တာပေါ့ဗျာ၊ နင့်မိုဆိုရင် ဘယ်လို ဟာမျိုး တွေ ထွက်လာမယ် ဆိုတာ မသိနိုင်ဘူး။
(မှတ်ချက် - Phoenix Program သည် ၁၉၆၇ ခုနှစ်တွင် စတင်ခဲ့ပြီး၊ တောင်ဗီယက်နမ် ထောက်လှမ်းရေးအဖွဲ့များနှင့် စီအိုင်အေ တို့မှ ပံ့ပိုးမှုများဖြင့် တောင်ဗီယက်နမ် အတွင်းရှိ အရပ်ဖက် ကွန်ယက်များကို ဖြိုခွင်းရန် ဖြစ်သည်။)
ဒီအတွက်တော့ မပူပါနဲ့၊ ကျွန်တော့် ကက်ပတိန် တယောက်လုံး ရှိနေပြီးသားပါ ဟု ဗိုလ်ချုပ်ကြီးက ကျွန်တော့်ဖက်ကို ခေါင်းငြိမ့်ပြရင်းက ပြန်ပြောလိုက်သည်။ တကယ်တမ်းဆို သူက ကျွန်တော်ရဲ့ယဉ်ကျေးမှု သံမှုး လို့ ပြောလည်း ရပါတယ်။ သူက ဇာတ်ညွှန်းကို ပျော်ပျော်ကြီး ဖတ်ပြီး ထင်မြင်ချက်တွေ ပေးပါလိမ့်မယ်၊ ကျွန်တော်က ဇာတ်လမ်း အမည်ကို ကွန်ဂရက် အမတ်အား မေးကြည့်ရာ Hamlet ဇနပုဒ် ဆို၍ တွန့်သွားမိသည်။ အမတ်က Hamlet မဟုတ်ဘူး၊ The Hamlet ဟု ပြန်ပြောသည်။
ဒါရိုက်တာကလည်း စာရေးဆရာပဲ၊ စစ်ထဲတော့ တခါမှ မဝင်ဖူးဘူး၊ ကလေးဘဝက ဂျွန်ဝိန်း တို့ အက်ဒီ မာဖီ တို့လောက် ကြည့်ဖူးတာပဲ ရှိတယ်။ အဓိက ဇာတ်ဆောင်ကတော့ အစိမ်းရောင် သံပုရာခွံ ဦးထုတ် ဆောင်း အထူး တပ်ဖွဲ့ဝင်က၊ ရွာငယ်ဇနပုဒ် လေးကို ကယ်တင်ရတဲ့ ဇာတ်လမ်း၊ ကျွန်တော် ကိုယ်တိုင်လည်း ရွာအတော်များများ မှာ တာဝန်ကျတဲ့ A-Team မှာ ပါခဲ့ဖူးတယ်၊ ဒါပေမယ့် သူတို့ ဖန်တီးလာတဲ့ စိတ်ကူးယဉ် ဇာတ်လမ်းထဲကလိုတော့ မဟုတ်ဖူး။
ကျွန်တော် လုပ်နိုင်တာ ရှိရင် လုပ်ပေးပါမယ် ဟု ပြောလိုက်ရသည်၊ ကလေး ဘဝ နှစ် အနည်းငယ်လောက် မြောက်ပိုင်းရှိ ရွာလေးတရွာတွင် နေခဲ့ဖူးသည်၊ ၅၄ တွင် တောင်ပိုင်းကို ရွှေ့မလာမီ အထိဖြစ်သည်၊ သို့သော် အတွေ့အကြုံ မရှိဘူး ဆို၍ မကြိုးစားဘဲ တော့ မနေ၊ ဤသည်ကပင် လာနာကို ချည်းကပ်ခဲ့သည့် ကျွန်တော့်၏ ခံယူချက်ပင် ဖြစ်သည်။ စင်ပေါ်တွင် ပိုင်ပိုင် နိုင်နိုင် အသုံးတော် ခံသွားသည်ကို ကြည့်ပြီး သူမအတွက် အသက်မွေး ဝမ်းကျောင်း တခု စလို့ရပြီ ဟု ချီးမွမ်းဖို့လည်း ကြံရွယ်ထားခဲ့သည်။
မင်္ဂလာပွဲ လုပ်သည့် စားသောက်ဆိုင် ခမ်းမ အဝ ရှိ သတိုးသား၊ သတိုးသမီး စုံတွဲ ပုံ ထောင်ထားသည့် အနားတွင် ရပ်နေရင်း လာနာသည် ကျွန်တော်အား မည်သည့် ခံစားချက်မှ မပါဘဲ ပန်းချီကား တချပ်ကိုဓမ္မဓိဋ္ဌာန်ကျကျ အကဲဖြတ်သည့် အကြည့်မျိုး နှင့် ကြည့်နေသည်။ ထို့နောက် တချက်ပြုံးလိုက်ပြီး ကက်ပတိန်က ကျမ ကို ရှောင်ဖယ် ရှောင်ဖယ်လုပ်နေတာလား ဟု မေးလာသည်။ ကျွန်တော်က မဟုတ်ရကြောင်း၊ ရုတ်တရက် မမှတ်မိလို့ပါဟု ငြင်းလိုက်ရသည်။ အခု ကျမကို မှတ်မိသွားတော့ ကျမ ပုံကို သဘောကျလား၊ ကက်ပတိန် သိခဲ့တဲ့ ကျမ မဟုတ်တော့ဘူး မဟုတ်လား။
အချို့က အဖြူရောင် အာအိုဒိုင် ဝတ်စုံ နှင့် အပြစ်ကင်းသည့် ကျောင်းသူလေးများကို သဘောကျကြသည်။ ထိုအထဲတွင် ကျွန်တော်တော့ မပါ၊ သူတို့သည် ကျေးလက်အလှ ကို ဖေါ်ကျုးသည့် သန့်စင်သည့် ယဉ်ကျေး မှု ဆိုင်ရာ အမြစ်သစ် ကို ဖေါ်ကျူး နေသည်၊ ထိုယဉ်ကျေးမှု သည် ကျွန်တော် နှင့် ဆို က ဖခင် မွေးရပ်မြေရှိ နှင်း ဖုံးနေသော တောင်ထိပ်များ ကဲ့သို့ပင် အလှမ်းကွာနေသည်။ ကျွန်တော်၏ သွေးသည် စင်ကြယ်မှု မရှိ၊ အညစ်အကြေး တခုမျှသာ ဖြစ်ပြီး ကျွန်တော် တောင့်တခဲ့သမျှ၊ ကျွန်တော်နှင့် ထိုက်တန်သည်များ စုဝေးနေခြင်းမျှသာ ဖြစ်သည်။
မင်းက ငါသိကျွမ်းခဲ့တဲ့ မိန်းကလေးတွေနဲ့တော့ မတူဘူး ဟု ကျွန်တော် ပြောလိုက်သည်။ ဒါပေမယ့် မင်းဟာ တစ်ချိန်ချိန်မှာ ဖြစ်လာမယ်လို့ ငါ စိတ်ကူးထားခဲ့တဲ့ အမျိုးသမီးနဲ့ တထေရာတည်း တူနေပါတယ်။ သူကို ထိုသို့ ပြောခဲ့ဖူးသူ တဦးတယောက်မျှ မရှိ၊ ကျွန်တော့်ဆီက ထိုသို့ မျှော်လင့် မထားသော စကားမျိုး ကြားလိုက်ရ၍ ခဏ မျှ ကြောင်သွားသော်လည်း တခဏ အတွင်းမှာပင် အခြေအနေ ကို ပြန်ထိန်းလိုက်သည်။ ဒါပေမယ့် ဒီကို ရောက်ကတည်းက ပြောင်းလဲသွားတာ ကျမ တယောက်တည်း မှ မဟုတ်တာဘဲ ကက်ပတိန်ရယ်။ ရှင်က ကျမ တို့နဲ့ အတူ နေခဲ့စဉ်ကထက် စာရင် ဘယ်လို ပြောရမလဲ ပိုပြီး ဒဲ့ဒိုး ပြောတတ်လာတယ်။
အခု ငါက မင်းတို့နဲ့မှ အတူ မနေတော့တာ၊ မဒမ်သာ အနား ရောက်မလာခဲ့လျင် ကျွန်တော်တို့ ပြောနေသည်များက ဘယ်ဆီ ဦးတည်သွားမည်ဆိုသည်ကား မပြောတတ်၊ မဒမ်သည် ကျွန်တော့်အား တခွန်းမှ မပြောဘဲ လာနာ အား တတောင်ဆစ်မှ ဆွဲကာ အမျိုးသမီး သန့်စင်ခန်း ရှိရာသို့ ဆွဲခေါ်သွားသည်။
ထို့နောက်ပိုင်း အတော်ကြာသည်အထိ သူမ နှင့် ပြန်မဆုံ ဖြစ်တော့၊ သို့သော် ရက်သတ္တပတ် ပေါင်းများစွာ ကျွန်တော့် စိတ်ကူးအိမ်မက်ထဲ့သို့ ရောက် ရောက် လာတတ်သည်။
ကျွန်တော် တောင့်တသမျှ၊ ကျွန်တော်နှင့် ထိုက်တန်သမျှ က မည်သို့ပင် ရှိနေစေကာမူ သူမက တော့ အဖြူရောင် အာအိုဒိုင် ဝတ်စုံလေး နှင့် ရောက်လာတတ်သည်။ သူမ၏ နက်မောင် ရှည်လျှားသော ဆံနွယ်များသည် တခါတရံ သူမမျက်နှာအား မှန်ဘောင်သွင်းထားသလို ဖြစ်နေတတ်ပြီး၊ တခါတရံ ဖုံး ကွယ်ထားတတ်သည်။ သူမနဲ့ တွေ့ဆုံခဲ့တဲ့ အမည်မဲ့ အိပ်မက်မြို့ထဲတွင် ၊ ကျွန်တော့်နှင့် အရိပ်လို ကပ်ပါနေသည့် အကျင့်စရိုက်ကို တုန်လှုပ်ချောက်ချား စေခဲ့သည်။ အိပ်မပျော်တပျော် အခြေအနေ မှာပင် အဖြူရောင်သည် ဖြူစင်မှုနဲ့ အပြစ်ကင်းစင်မှုရဲ့ အရောင်သက်သက် မဟုတ်ဘူးဆိုတာ ကျွန်တော် သိခဲ့သည်။ ဒါဟာ ဝမ်းနည်းပူဆွေးမှုနဲ့ သေဆုံးခြင်းရဲ့ သင်္ကေတလည်း ဖြစ်သည်။
**********************