ပြောက်ကျား တယောက်သည် မည်သို့သော အနေအထား မျိုး တွင်မှ မိမိဖက်က ဒဏ်ရာ ရနေသည့် ရဲဘော် တဦးကို ရန်သူ့လက်ထဲ ထားခဲ့၍ မရ၊ ထိုသို့ ပစ်ထားခဲ့မည် ဆိုက ရန်သူ၏ ကြိမ်းသေပေါက် သတ်ဖြတ် ခံရတော့မည် ဖြစ်သည်။
မည်သို့ပင် ဖြစ်နေစေကာမူ ဒဏ်ရာရ ရဲဘော်ကို တိုက်ပွဲ ဖြစ်သည့် နေရာမှ ဘေးကင်းရာ သို့ ဆွဲထုတ်ရမည် ဖြစ်သည်။ ထိုတာဝန်သည် လွန်စွာမှ အန္တရာယ် များပြီး ခွန်အားလည်း စိုက်ထုတ် ရဖို့ ရှိ နေသော် လည်း ပြောက်ကျား တဦးသည် သာလွန် ထူးခြားသော ရဲဘော်ရဲဖက် စိတ် အပြည့် ရှိနေသင့်သည်။
တချိန်တည်းမှာပင် နှုတ်ကို အထူး စောင့်စည်းရမည်၊ မိမိတို့ လုပ်သမျှ ပြောသမျှ သည် ကိုယ့်အချင်းချင်းသာ သိစေရမည်။ မိမိတို့ ရဲဘော် ရဲဖက် အကြားတွင်ပင် မလိုအပ်ဘဲ စကား တလုံးကိုမျှ ပင် အာမချောင်မိပါ စေနှင့်၊ ရန်သူသည် မိမိတို့ ဘာတွေ စီစဉ်် နေသည်၊ ဘယ်မှာ ရှိနေသည်၊ ဘယ်လို နေထိုင်နေကြသည်ကို သိနိုင်ရန် သူလျို ထဲ့ထားဖို့ အမြဲလို ကြိုးစားနေသည်ကို သိထားရမည်။
ကိုယ်ကျင့် တရားပိုင်း ဆိုင်ရာ အရည်အသွေး များ အပြင် ပြောက်ကျား တဦးသည် ကိုယ်ကာယ ပိုင်းတွင်လည်း အလွန် အရေးပါသော အရည်အသွေးများ ပိုင်ဆိုင်ထားရမည် ဖြစ်သည်။ ပြောက်ကျား တဦးသည် အမောခံနိုင်ရမည်၊ ပင်ပန်းလွန်းမက ပင်ပန်းလာလျင်ပင် ထပ်၍ လုံလစိုက်ဖို့ လိုအပ်ပါက စိုက်ထုတ် နိုင်ရမည်။ ပြောက်ကျား စစ်သည် တဦး၏ မျက်နှာ တွင် ပေါ်လွင်နေသော နက်ရှိူင်းသည့် ခံယူချက် သည် နောက်ထပ် ခြေလှမ်း တလှမ်း လှမ်းရန် တွန်းအားပေးနေမည်သာ ဖြစ်သည်။ ယင်းသည် နောက်ဆုံး ခြေလှမ်း မဟုတ်သေး၊ ခေါင်းဆောင်များ သတ်မှတ်ထားသည့် နေရာ မရောက်မချင်း နောက်ထပ် ခြေလှမ်းပေါင်းများစွာ ဆက်လှမ်းရပေဦးမည်။
ပြောက်ကျားစစ်သည် သည် အဆိုးဝါးဆုံး အခြေအနေများကို ရင်ဆိုင်ရပါကလည်း ခံနိုင်ရည် ရှိရပေမည်။ စားနပ်ရိက္ခာ ပြတ်လပ်ခြင်း၊ အဝတ်အထည် နှင့် အမိုးအကာ မရှိ နေရခြင်း မျိုးကိုလည်း မကြာခဏ ကြုံတွေ့ခဲ့ကြရသည်။ ဖျားနာခြင်း၊ ဒဏ်ရာ ရလာခြင်း များ ကိုလည်း ခွဲစိတ်ဆရာဝန် များ၏ အကူအညီ များများစားစား မရခဲ့လျင် တိုင်းရင်းဆေးများ နှင့်သာ ကုစား ရဖို့သာ ရှိသည်။ ထိုသို့ မနေဘဲ ပြောက်ကျား ဇုံ မှ အပြင်ထွက်၍ ဆေးကုသမည် ဆိုက ရန်သူ၏ လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံရနိုင်၍ ဖြစ်သည်။
ဤအခြေအနေများနှင့် ကိုက်ညီရန်အတွက်၊ ပြောက်ကျားတိုက်ခိုက်ရေးသမားများသည် ဖျားနာခြင်းမရှိဘဲ ဖြစ်ပေါ် လာနိုင်သော ဆိုးကျိုးများအားလုံးကို တွန်းလှန်နိုင်စေမည့် သံမဏိကဲ့သို့သော ခန္ဓာကိုယ်ကြံ့ခိုင်မှု နှင့် ဇွဲသတ္တိ ရှိဖို့ လိုအပ်သည်။ယင်းသည် အမဲလိုက်ခံရသော တိရစ္ဆာန်များကဲ့သို့ ဖြစ်လာသော မိမိတို့ ဘဝများကိုပင် ပိုမိုအားကောင်းလာစေရန် အသုံး ချ နိုင်မည့် အခြားနည်းလမ်း တစ်ခုလည်း ဖြစ်သည်။
သဘာဝ နှင့် လိုက်လျောညီထွေ နေနိုင်လာခြင်းကပင် ပြောက်ကျား တို့သည် ၎င်းတို့ တိုက်ခိုက်နေရသော ပတ်ဝန်းကျင် ၏ တစိတ်တပိုင်း ဖြစ်လာပေမည်။
ထိုအချက်များ ကို ထည့်သွင်း စဉ်းစားရမည် ဆိုလျင် ပြောက်ကျား တဦး ဖြစ်လာဖို့ မည်သို့သော အရွယ် မျိုးသည် အသင့်တော် ဆုံး ဖြစ်မည်နည်းဟု မေးစရာ ရှိလာသည်။ ဤသည်ကို အတိအကျ သတ်မှတ်ဖို့က လွန်စွာမှ ခက်ခဲလှသည်။ အဘယ့်ကြောင့် ဆိုသော လူတဦးချင်းစီ နှင့် ၎င်းတို့၏ လူမှု သဘောသဘာဝ ကွဲပြားနေသော ကြောင့်ပင် ဖြစ်သည်။
ဥပမာ ဆိုက လယ်သမား တဦးသည် မြို နေ လူထက်စာလျင် တော်လှန်လိုသော စိတ် ပို၍ ပြင်းထန်နေမည်သာ ဖြစ်သည်။ ကိုယ်လက် လေ့ကျင့်ခန်း လုပ်လေ့ရှိပြီး ကျန်းကျန်းမာမာ နှင့် နေထိုင်လေ့ရှိသည့် မြို့နေလူတစ်ဦးသည် စားပွဲတစ်လုံး၏ နောက်ကွယ်တွင် ဘဝကို ကုန်ဆုံးခဲ့သူထက် ပိုမို ထိရောက်မှု ရှိလိမ့်မည်။
သို့သော် ယေဘုယျအားဖြင့် ပြောက်ကျားတဦးသည် လုံးဝလှည့်လည်သွားလာရသည့် အနေအထားမျိုး ရှိ၍ တိုက်ခိုက်ရေးသမားများ၏ အမြင့်ဆုံး အသက်အရွယ်သည် အသက် ၄၀ ထက် မကျော်လွန်သင့်ပေ၊ သို့ရာတွင် အထူးသဖြင့် တောင်သူ လယ်သမားများအကြား၌မူ ချွင်းချက် ပေးရမည့် အခြေအနေများ ရှိနိုင်သည်။
ကျွန်ုပ်တို့ ကျုးဘား တော်လှန်ရေး၏ သူရဲကောင်းများထဲက တဦး ဖြစ်သည့် ခရေဆန်စီယို ပဲရက်စ် သည် ဆီယဲရာ မားအက်စ်တရာ သို့ ရောက်လာချိန်တွင် အသက်အားဖြင့် ၆၅ နှစ် ရှိနေသော်လည်း တပ်ဖွဲ့ဝင်များ ကြားတွင် အသုံးဝင်ဆုံးလူ ဖြစ်လာခဲ့သည်။
ပြောက်ကျား တော်လှန်ရေးသမား ဖြစ်လာရန် လူတန်းစား အလွှာတခုခု မှ ရွေးထုတ်သင့်သလား ဆိုသည်ကိုလည်း မေးခွန်းထုတ်နိုင်သည်။ လူတန်းစား ဖွဲ့စည်းပုံသည် စစ်ဆင်ရေး ဆင်နွဲ့ရာ နယ်မြေ နှင့် လိုက်လျောညီထွေ ရှိအောင် ထိန်းညှိသင့်သည်ကို လည်း ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ တနည်း အားဖြင့် ဆိုရလျင် ပြောက်ကျားတပ်ဖွဲ့ တဖွဲ့၏ အမြူတေ အင်အားသည် လယ်သမားများနှင့် သာ ဖွဲ့စည်းသင့်သည်။
လယ်သမား တဦးသည် အကောင်းဆုံး ပြောက်ကျား တပ်ဖွဲ့ဝင်တဦး ဖြစ်သည်ဆိုသည်ကို အထင်အရှား တွေ့လာခဲ့ရပြီး ဖြစ်သည်။ သို့သော် အခြား လူထု လူတန်းစာ အလွှာအသီးသီးကိုလည်း တရားမျှတမှု အတွက် ဆင်နွှဲမည့် အရေးတော်ပုံ မှ ဘယ်လို နည်းနှင့်မျှ ဖယ်ထုတ်ထားခြင်းမျိုး မဖြစ်သင့်။ လူတိုင်း တွင် ခြွင်းချက် အဖြစ် လက်ခံသင့်သည့် အရာများ ရှိနေကြသည်။
ပြောက်ကျား တယောက် ၏ အသက် မည်မျှအထိ အငယ်ဆုံး ဖြစ်ရမည်ကို ယခုထိ မသတ်မှတ်ရသေး။ ထူးခြားသော အခြေအနေများ မှ လွဲ၍ အသက် ဆယ့်ခြောက်နှစ် ထက် ငယ်သူကို လက်မခံသင့်ဟု ယုံကြည်ထားသည်။ ယေဘုယျ သဘော ပြောရမည်ဆိုလျင် ကလေး အရွယ်မျှသာ ရှိသော ၎င်းတို့ အဖို့ ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်ဖို့ လုံလောက်သည့် ဖွံ့ဖြိုးမှု မရှိသေး။ ဒုက္ခလည်း ခံနိုင်ဦးမည် မဟုတ်ပေ။