အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)(3)

by Hla Soewai - Nov 24 2025

ဝဲလက်စလေ သည် နယ်ခြား အရေးကို ပေါ့ပေါ့ဆဆ သဘောမထားကြောင်း ပြသသည့် အနေဖြင့် နှိုင်းနှိုင်းဆဆ ဖြင့် အင်အား အတန်အသင့် ရှိသော စစ်တပ်ကို စစ်တကောင်းသို့ ချက်ခြင်းလို စေလွှတ်လိုက်သည်။ "နောက်ထပ် မြန်မာ တပ်များ ရုတ်ခြည်း ထပ်မံ ဝင်ရောက်လာမှု ကို ကြိုတင်ကာကွယ် နိုင်ရန် နှင့် အင်းဝ နန်းတော်ရောက် ၎င်း၏ ကိုယ်စားလှယ် အဖွဲ့၏ အနေအထားကို အားဖြည့်ပေးနိုင်ရန် အတွက် ဖြစ်သည်ဟု ဆိုသည်။

 

ဆိုင်းမ်အား ဘိုးတော်အရာ မှ ၎င်း၏ ထီးနန်း အရိုက်အရာ ကို ဆက်ခံရန် လျာထား ထားသူ အား သေချာပေါက် လွှဲအပ်နိုင်ရေး သေချာစေရန် ဗြိတိသျှ တပ်များ ဖြင့် အကူအညီ ပေးဖို့ ကမ်းလှမ်းခဲ့ဖို့လည်း ညွှန်ကြားခဲ့သည်။ ယိုးဒယား မှ သားတော်အငယ် ဆက်ခံ နိုင်ရန် အားပေးအားမြှောက် လုပ်လာနေသည်ကို သိထား၍ ဖြစ်သည်။ ဝဲလက်စလေ တွင် လျို့ဝှက် အကြံ ရှိနေ၍ လည်း ထိုသို့ ကမ်းလှမ်းလာခြင်း ဖြစ်သည်။ အိန္ဒိယ အရှေ့ဖျား နယ်ခြားအား ပြင်သစ် နှင့် မြန်မာ တို့ တိုက်ခိုက်လာမည် အရေး မှ လုံခြုံ စိတ်ချ ရဖို့ ဗြိတိသျှ တို့ မြန်မာ မြေပေါ်တွင် ခြေကုပ်ယူထားနိုင်ရန် အတွက် ဖြစ်သည်။

 

သို့သော် အင်းဝ အရောက်တွင် ဆလိုင်းမ်၏ လုပ်ပုံကိုင်ပုံများ ကြောင့် ဘုရင်ခံ၏ အရင်းခံ အကြောင်းရင်းကို လျို့ဝှက်ထားရာ မရောက် ဖြစ်သွားခဲ့ရသည်။ ဆလိုင်းမ်သည် ရန်ကုန်သို့ ၁၈၀၂ မေလ တွင် ရောက်ရှိလာခဲ့သည်။ သို့သော် သူတဦးတည်းတော့ မဟုတ်၊ မြန်မာ တို့ အထင်တကြီး ရှိစေရန် လက်နက် အင်အား အပြည့်အစုံ ကိုင်ဆောင်လာသည် အင်အား တရာခန့် ရှိသော ဗြိတိသျှ တပ်သားများအား အစောင့်အရှောက် သဘောမျိုး ခေါ်လာခဲ့သည်၊ ဤသည်ကပင် ၎င်း၏ ရည်ရွယ်ရင်းကို မြန်မာတို့ သံသယ ရှိလာအောင် လုပ်လိုက်သလို ဖြစ်သွား ခဲ့ရသည်။

 

ထိုမျှမကသေး တပါတည်း သယ်ဆောင်လာသော ခြောက် ပေါင် အမြှောက်ကိုပါ အာရုံတက် နှင့် ည‌ ဖက်များတွင် ၎င်း ရောက်ရှိ‌ နေသည်ကို လူသိရှင်ကြား ဖြစ်ရန် တွင် ပစ်‌ ဖေါက် လိုက်သေးသည်။ မြန်မာ တို့ဖက် မှ ကန့်ကွက်လာသည့် အခါ ၎င်းအား အနှောက်အယှက် ပေးခံလာရသည်ဟု ယူဆခဲ့သည်။ မြန်မာ တို့မှ အာရုံတက်ချိန် နှင့် ည ရှစ်နာရီ တွင် ‌အမြှောက်များ မပစ်ဖောက်ရန် တောင်းဆိုလာခဲ့သည်။ ညဖက် အတွက် အကြောင်းပြချက် က အတော်လေး ထူးဆန်းကြောင်း၊ ထိုသို့ ညအချိန်မတော် သေနတ်များ ပစ်ဖောက်ခြင်းသည် မြန်မာ တို့၏ ဥပဒေ ကို ချိုးဖောက်ရာ ကျသည်၊ သေနတ်သံသည် လူထုကို အထိတ်တလန့် ဖြစ်စေပြီး၊ မြို့တော်ရှိ ကိုယ်ဝန်ဆောင် မိန်းမတိုင်း သွေးတက်ပြီး ကလေး ပျက်ကျ နိုင်သည် အထိ အန္တရာယ်များ ကြောင်း ဆလိုင်းမ်အား ပြောပြခဲ့ကြသည်။

 

လအနည်းငယ် အကြာ အင်းဝ ရွှေနန်းတော်သို့ ရောက်လာသည့် အခါတွင်တော့ ရန်ကုန်တွင် ကြုံခဲ့ရသည့် အခက်အခဲများသည် မပြောပလောက်အောင် ဖြစ်သွားခဲ့ရသည်။ ရွှေနန်းရှင်က သူ့အား မထီမဲ့မြင် ပြုသည့် အနေဖြင့် နန်းတွင်း အရာရှိငယ် အဆင့် ရှိသူများကို သာ ခရီးဦးကြိုပြုရန် စေလွှတ်ခဲ့သည်။ ၎င်းတို့မှ ဆိုင်းမ် ၏ အစောင့်များကို လက်နက်ဖြုတ်ရန် ခြိမ်းခြောက်လာခဲ့သည်။ တချိန်တည်းမှာပင် သူ နှင့် မရှေးမနှောင်း ရောက်လာသော ပြင်သစ် ကိုယ်စားလှယ် အဖွဲ့ကို ဦးစားပေး ရဖို့ ရှိသည်ဟု ပြောလာသည်။

 

ဆိုင်းက ထိုသို့ လုပ်မည်ဆိုလျှင် မကြာမီက မှ အိန္ဒိယ တွင် ပြင်သစ်တို့ အပေါ် အနိုင်ယူခဲ့သော ဘုရင်ခံချုပ်ကို စော်ကားမော်ကား ပြုရာ ရောက်၍ သူ၏ မစ်ရှင် အဖွဲ့ကို ပြန်ရုပ်သိမ်းသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထိုနန်းတွင်း အရာရှိများက ဆိုင်းမ် စိတ်ကျေနပ်အောင် ပြောဆို ချွေးသိပ်ခဲ့ကြသည်။ သို့သော် ရက်သတ္တပတ် အတန်ကြာသည်အထိ ဘုရင်ကြီး နှင့် တွေ့ခွင့်မရ၊ ‌တွေ့ခွင့်ရပြန်တော့လည်း မူးမတ် ဗိုလ်ပါ ပရိသတ် အကြားတွင် ဖြစ်နေ၍ စာပါ အကြောင်းအရာများကို ရှင်းလင်း ပြောဆိုခွင့် မရ ဖြစ်သွားခဲ့ရသည်။

 

မြန်မာ တို့သည် တတိယ တန်း အရာရှိများသာ ပါလာသည့် ပြင်သစ် မစ်ရှင် အဖွဲ့၏ အပြုအမူ များ၊လုပ်ပုံ ကိုင်ပုံ များ ကို သဘောမကျတော့၍ အစေးမကပ် ဖြစ်လာသည်။ ဆလိုင်းမ်သည်လည်း သူ၏ အမှားကို ရိပ်စားမိလာ၍ ပြုပြင်လာသည်။ နန်းတော်သို့ ဝင်ရောက် မခစားမီ ဖိနပ်ကို ချွတ်ပစ်ခဲ့သည်။ ထို့အတွက် ဆလိုင်းမ်အား နန်းတွင်း အရာရှိများ က အရေးပေးလာသည်၊ ဧည့်ဝတ်ကျေပြွန်စွာ ဆက်ဆံလာကြသည်။ ဆိုင်းမ်သည် မြန်မာ တို့၏ အမြင်တွင် ၎င်း၏ ဂုဏ်သိက္ခာ ကို ပြန်လည် ထိမ်းသိမ်း နိုင်ရန် အတတ်နိုင် ဆုံး ကြိုးပမ်းခဲ့သော်လည်း ‌ဆိတ် ပြဿနာ တက်လာ၍ ပျက်စီးလု နီးပါး ဖြစ်သွားခဲ့ရပြန်သည်။

 

ဆိုင်းမ်သည် သူတည်းခိုရာ ဗိုလ်တဲ ဝင်းထဲတွင် နို့အတွက် ဆိတ် မ လေးကောင်ကို မွေးထားသည်။ အိမ်ရှေ့စံ ဥပရာဇာ မင်းသားသည်လည်း နိုင်ငံခြား တရိစ္ဆာန် များကို စုဆောင်းတတ်သူ ဖြစ်ရာ ထိုအထဲတွင် ဆိတ်ထီး အုပ် တအုပ်လည်း ပါဝင်ခဲ့သည်။ ထိုဆိတ်ထီးများက ဆိုင်းမ်၏ ခြံဝင်းအနားသို့ ရောက်လာကြာရာ ဆိတ်မ များ၏ အသံကြားရ၍ ခြံစည်းရိုးကို အတင်းတိုးခွေ့ ဝင်လာကာ မိတ်လိုက်ရန် ကြိုးစားလာကြသည်။

 

ဆိုင်းမ်က အစောင့်များအား ဆိတ်များကို မောင်းထုတ် ပစ်ဖို့ အမိန့်ပေးခဲ့သည်။ အစောင့်များက ပါးစပ်မှသာ အော်ဟစ် ခြောက်လှန့်နေကြသည်။ သို့သော် ဆိတ်သိုးများက ၎င်းတို့ အချင်းချင်း အဝေမတည့်၍ တိုက်ခိုက်နေကြသည်သာမက ဆိတ်မ များ နောက်မှ မုန်ယို ပြီး အတင်း လိုက်နေ၍ အိမ်ထဲသို့ပင် ရောက်လုမတတ် ဖြစ်လာသည်။ အစောင့်များ၏ အော်ဟစ် ခြောက်လှန့်သံသည်လည်း မည်သို့မျှ အရာမထင်တော့။

 

ဆိုင်းမ်က အစောင့်များကို တုတ် နှင့် ရိုက်ပြီး မောင်းထုတ်ရန် ပြောသော်လည်း အိမ်ရှေ့စံ ပိုင် ဆိတ် များ ဖြစ်၍ ဒဏ်ရာ အနာတရ ဖြစ်အောင် မလုပ်ရဲဟု ဆိုကာ ငြင်းဆန်နေကြသည်။ ‌ဆိုင်းမ်လည်း အခြား ရွေးချယ် စရာ လမ်း မရှိတော့၍ အိမ်ဝန်ထမ်း များ နှင့် စစ်သား များကို ဝါးလုံး များ သုံးပြီး မောင်းထုတ် ခိုင်းခဲ့ရသည်။ မင်းသား၏ ဆိတ်များကို အပြင်းအထန် နာကျင်အောင် ရိုက်နှက်ရဲကြသည့် ကျွနုပ်တို့ကို ကြည့်ပြီး မြန်မာ များ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေကြသည်ဟု ဆိုသည်။

 

ကံကောင်းသွားရသည်က အစောင့်များသည် ထိုသို့ ဖြစ်ပျက်ခဲ့သည်များကို ရေငုံ နှုတ်ပိတ်နေကြသည်။အကယ်၍သာ အိမ်ရှေ့စံ ကိုယ်တော်၏ နားသို့ ပေါက်ကြားသွားခဲ့မည်ဆိုက ဆိုင်းမ်၏ မစ်ရှင် အောင်မြင်နိုင်ဖို့ အတွက် အလားအလာ ကောင်းတော့မည် မဟုတ်။

 

ဆိုင်းမ်သည် ဒုတိယ အကြိမ် ၎င်း အပေါ် အထင်အမြင် ကောင်းလာအောင် လုပ်နိုင်ခဲ့သော်လည်း ဗြိတိသျှ တပ်များ မြန်မာ မြေပေါ်တွင် ‌ခြေချခွင့် ရ‌ဖို့ သဘောတူညီချက် ရအောင် မလုပ်နိုင်ခဲ့ပေ။ မြန်မာ တို့သည် ပင်ကို သဘာဝ အရ ထိုသို့သော အဆိုပြုချက်ကို အလွန်အကျွံ အဖြစ် သံသယ ရှိခဲ့သည်။ ဘိုးတော်ဘုရား ကိုယ် နှိုက်ကလည်း မည်သည့် စာချုပ်ကိုမျှ လက်မှတ်ရေးထိုးလိုစိတ် မရှိ ဖြစ်နေသည်။ ထိုသို့ လက်မှတ်ရေးထိုးမိက ၎င်း၏ လွတ်လပ်စွာ သဘောရှိ လုပ်နိုင်ခွင့်ကို ဘောင်ခတ် ခံလိုက်ရသလို ဖြစ်သွားမည်ကို စိုးရွံ့‌၍ ဖြစ်သည်။

 

ဤသို့ဖြင့် ၁၈၀၂ ဒီဇင်ဘာ တွင် ပြန်ရန် ပြင်ဆင်လာပြီး တချိန်တည်း မှာပင် ၎င်း၏ အစိုးရမှ မြန်မာ နှင့် ပတ်သက်၍ ထားရှိလာမည့် မူဝါဒ အတွက် လမ်းကြောင်း ချပေးသည့် အနေဖြင့် ဘိုးတော်ဘုရား နှင့် ပတ်သက်ပြီး ယခုလို ရေးသားခဲ့သည်။

 

"ဘုရင်ခံချုပ်၏ သံတမန် အဖြစ် သူ့ ရှေ့ ချပြခဲ့သော အဆိုပြုချက်ကို ဂရုထားပုံ မရ၊ ကမ္ဘာပေါ်ရှိ မည်သည့် အင်အားကြီး နိုင်ငံဟူ သမျှ ၎င်းနှင့် တန်းတူ အဖြစ် သဘောထား ဆက်ဆံမည့်သူ မဟုတ်၊ တရုတ်၊ သီဟို၊ အာသံ နှင့် အိန္ဒိယ ရှိ ဗြိတိသျှ အင်ပိုင်ယာ တို့သည် သဘောထား ကြီးစွာဖြင့် သူ၏ အကာအကွယ် အောက်တွင် ရပ်တည်နေခွင့် ရသူ များ အဖြစ် ယူဆထားသည်။ သူသည် ဆုတော် လဒ်တော်များသာ ပေးမည်၊ စာချုပ်ကို တော့ ချုပ်ဆိုမည့် သူ မဟုတ်၊ သူ ပေးသမျှ အရာအားလုံးသည် တောင်းခံသူ အား သဘောကျ၍ ထုတ်ပြန်ပေးသော အမိန့်အာဏာ မျိုးသာ ဖြစ်ရမည်။

 

စစ်သားလည်း ဖြစ် သံတမန်ရေး တွင် ထူးချွန်သူလည်း ဖြစ်သည့် ဆိုင်းမ်က တခုခုလုပ်ရန် အချိန်ကျပြီဟု ဆိုသည်။ "ကျွနုပ်သည် စစ်ပွဲကို တရားမျှတစေမည့် လုံလောက်သော ရန်စမှုများဖြင့် အင်းဝမှ ထွက်ခွာလာခဲ့ပြီ၊ အရှေ့တိုင်းရှိ ဗြိတိသျှပိုင်နက်များ၏ အကျိုးစီးပွားနှင့် လုံခြုံရေးအတွက်၊ ကျွန်ုပ်တို့ မည်သို့ နည်းဖြင့် ရယူသည်ဖြစ်စေ၊ အင်းဝအစိုးရအား အုပ်ချုပ်ရေး ပိုင်းတွင် အဓိကဩဇာလွှမ်းမိုး နိုင်‌ အောင် လုပ်ထားဖို့ ယခုအခါ မရှိမဖြစ် လိုအပ်နေပြီဖြစ်သည်။" ဟု ကျွန်ုပ် အခိုင်အမာ ယူဆ ပါသည် ဟု ပါရှိသည်။