အခန်း (၂)
ပြောက်ကျား တပ်သား သို့မဟုတ် လူမှု ပြုပြင်ရေးသမား
ပြောက်ကျား တပ်သား သည် လူထု ၏ လွတ်မြောက်လိုသော ပြင်းပြသည့် စိတ်ဆန္ဒ နှင့် ထပ်တူ ခံယူထားသူ ဖြစ်သည်ဟု ကျွနုပ်တို့ ဝိသေသ ပြုခဲ့ပြီး ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် ငြိမ်းချမ်းသော နည်းလမ်း များ ဖြင့် ကြိုးပမ်းခဲ့သော်လည်း အချည်းနှီးသာ ဖြစ်သည်ကို သိမြင်လာပြီး နောက် လက်နက်ကိုင် ရုန်းကန် တိုက်ပွဲ ဝင်ရန် ဦးဆောင်ဦးရွက် ပြုလာသော တပ်ဦး ထဲသို့ ဝင်ရောက်လာသူ ဖြစ်သည်။
ရုန်းကန် တိုက်ပွဲ ဝင်မှု စတင်လာချိန်တွင်တော့ ပြောက်ကျား စစ်သည်သည် မတရားသော အမိန့် သို့မဟုတ် စနစ် ကို ဖျက်ဆီးပြီး အသစ်တခုခု နှင့် အစားထိုးရန် သံန္နိဋ္ဌာန် ချလိုက်ပြီး ဖြစ်သည်။
လက်ရှိ အနေအထား တွင် အမေရိကား တိုက်ရှိ နိုင်ငံအားလုံး နီးပါးသည် စီးပွားရေး ဖွံ့ဖြိုးမှု ဟူ၍ မဆိုသလောက်သာ ရှိနေ၍ ကျေးလက်ဒေသများသည် ရုန်းကန် တိုက်ပွဲ ဝင်ဖို့ ရေခံ မြေခံ ကောင်းများ ဖြစ်လာသည်။ ပြောက်ကျား တပ်သားများ သည် အခြေခံ လူမှုရေး ဆိုင်ရာ လိုအပ်ချက် ဖြစ်သည့် လယ်ယာမြေ ပိုင်ဆိုင်မှု ဖွဲ့စည်းပုံ ကို ပြောင်းလဲရမည်ဟူ သော အပြောနှင့် စတင်ရမည် ဖြစ်သည်။
ထိုကာလ တွင် တော်လှန်ရေး၏ ဆောင်ပုဒ်သည် မြေယာ ပြုပြင်ပြောင်းလဲရေးသာ ဖြစ်နေလိမ့်မည်။ ပထမ ပိုင်းတွင် တော့ ထိုရည်မှန်းချက်အား မည်သည့် အတိုင်းအတာ နှင့် မည်မျှအထိ ဆိုသည်ကို ပြည့်ပြည့်စုံစုံ အဓိပ္ပါယ် ဖွင့်ဆို နိုင်ဦးမည် မဟုတ် လူမှန်း သိကတည်းက ၎င်းတို့ ထွန်ယက်စိုက်ပျိုး လုပ်ကိုင်နေသည့် မြေယာ ကို ပိုင်ဆိုင်လိုစိတ် ပြင်းပြနေသည့် လယ်သမား တို့၏ ဆန္ဒကို ရည်ညွှန်း ပြောဆိုသည့် အဆင့်တွင်သာ ရှိပေဦးမည်။
မြေယာပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်မည့် အခြေအနေများသည် တော်လှန်ရေး မစမီက ရှိခဲ့သော အခြေအနေများနှင့် တော်လှန်ရေး ပေါ်ပေါက်လာရသည့် လူမှုရေးဆိုင်ရာ အနက်အဓိပ္ပာယ်များ ပေါ်တွင် မူတည်သည်။
သို့သော် လူထု၏ တပ်ဦး တွင် ဦးဆောင်နေသည်ဟူသော အသိကို ခံယူထားကြသည့် ပြောက်ကျား တပ်သား တဦး အဖို့ လူထု လိုလားနေသော ပြုပြင် ပြောင်းလဲရေး များ အတွက် စစ်မှန်သော ဘုန်းတော်ကြီး တပါး၏ ကိုယ်ကျင့် တရားမျိုး ပြသနိုင်ရမည် ဖြစ်သည်။ ဆင်နွဲရမည့် စစ်ပွဲ အတွက် ကြမ်းတမ်းခက်ခဲသော အခြေအနေများကို ကြံ့ကြံခံ ရင်ဆိုင်နေရသည့် ပြောက်ကျား တပ်သားများသည် ရသေ့တပါးကဲ့သို့ ပြုမူ နေထိုင်ရမည်၊ မည်သို့သော အခြေအနေမျိုး ကြုံလာရသည် ဖြစ်စေ အလွန်အကျွံ ပြုကျင့်ခြင်း၊ အမှား ကျုးလွန်ခြင်းမျိုး တခုတလေမျှ မဖြစ်စေရန် မိမိကိုယ်ကို ထိန်းချုပ်နိုင်သည့် ခြိုးခြံ မှု မျိုးကို ပေါင်းစပ်ပေးရမည်။
စစ်ပွဲ ၏ ပေါ်ပေါက်လာသော အခြေအနေ များအရ လူမှု ဆက်ဆံရေးသည်လည်း ပြောင်းလဲလာမည် ဖြစ်သည်။ အစပိုင်းတွင် တော့ မိမိတို့ လှုပ်ရှား နယ်မြေ အတွင်း ရှိ လူမှုရေး အနေအထားကို ပြောင်းလဲ ပစ်ဖို့ ကြိုးစားမည် ဆိုက ဖြစ်လာနိုင်ဖွယ် မရှိဟု ဆိုရမည် ဖြစ်သည်။
လောလောဆယ် လိုအပ်သည်များကို ငွေနှင့် လက်ငင်း ပေးချေ၍ မဖြစ်နိုင်သေးလျင် ငွေပေးလွှာ များ အရင်ထုတ်ပေးထားပြီး အခြေအနေ ပေးသည်နှင့် ချက်ခြင်း လက်ငင်းဆိုသလို ပေးချေရမည် ဖြစ်သည်။
လယ်သမားများကိုလည်း မိမိတို့ဖက်မှ နည်းပညာပိုင်း၊ စီးပွားရေး၊ စာရိတ္တ နှင့် ယဉ်ကျေးမှု ဆိုင်ရာ များ တွင် အကူအညီ ပေးကြရမည် ဖြစ်သည်။ ပြောက်ကျား တပ်သား တဦးသည် ၎င်းတို့ဒေသ အတွင်းသို့ ကောင်းကင်မှ စောင့်ရှောက်ပေးရန် ဆင်းလာသော နတ်သားတပါး အလား ဖြစ်နေရမည်၊ ဆင်းရဲ နွမ်းပါးသူများကို အမြဲလို ကူညီပေးပြီး၊ လူချမ်းသာများကိုတော့ စစ်ပွဲ၏ ကနဦး အဆင့်တွင် တတ်နိုင်သမျှ အနှောက်အယှက် မပေးမိ အောင် နေရမည်။
စစ်ပွဲ အရှိန် ရ လာသည်နှင့် အတူ ကွဲပြားမှု များ ထင်ရှားစွာ ထွက်ပေါ်လာမည် ဖြစ်သည်။ အစပိုင်းတွင် တော်လှန်ရေးကို ထောက်ခံအားပေးခဲ့ကြသူ အများအပြားသည် ယင်းနှင့် ဆန့်ကျင်ဘက် အနေအထားတွင် ရပ်တည်လာကြပြီး လူထုအင်အားစုများကို တိုက်ခိုက်ရန် ပထမဆုံး လှုပ်ရှားမှုများကို ပြုလုပ်လာမည့်အချိန် ရောက်ရှိလာမည်ဖြစ်သည်။
ထိုအခါတွင် ပြောက်ကျား တပ်ဖွဲ့ဝင် တဦးသည် ပြည်သူ့ အရေးကို ဦးထိပ်ထားသူ တဦး အဖြစ် သစ္စာဖေါက်လာမှု တိုင်းကို တရားမျှတ စွာ ပြစ်ဒဏ်ခတ်ရတော့မည် ဖြစ်သည်။ စစ်ပွဲ ဇုံအတွင်းရှိ ပုဂ္ဂလိက ပိုင်ဆိုင်မှု များအားလည်း လူမှုရေး လုပ်ငန်းများ အတွက် ရယူရမည်။ ဆိုလိုသည်မှာ ချမ်းသာသော မိသားစု တစု အတွက် မရှိမဖြစ် လိုအပ်နေခြင်း မျိုး မဟုတ်ဘဲ ပိုလျှံနေသည် မြေ များ၊ ကျွဲနွားများကို ပြည်သူများ လက်ဝယ်သို့ မျှမျှတတ လွှဲပြောင်းပေးရန် ဖြစ်သည်။
ထိုသို့ လူမှုရေး အကျိုး အတွက် ပစ္စည်း ဥစ္စာများသိမ်းယူ ခံရသည့် ပိုင်ရှင်များအားလည်း တန်ရာ တန်ကြေး ပေးရမည် ဆိုသည့် အချက်ကိုလည်း တလေးတစား ဆောင်ရွက်ရမည်၊ လောလောဆယ်တွင် ငွေကြေး အရ ပေးဖို့ မတတ်နိုင်သေးလျင် အချိန်ကျလျင် ပေးပါမည် ဆိုသော စာရွက်စာတမ်းများ ထုတ်ပြန်ပေးရပေမည်။
သို့သော် တော်လှန်ရေး အား တက်တက်ကြွကြွ ဆန့်ကျင်လှုပ်ရှား နေသူများ၏ မြေယာ နှင့် ပိုင်ဆိုင်မှု များ ကိုတော့ ချက်ခြင်းလို လွှဲပြောင်းယူရမည် ဖြစ်သည်။
စစ်ပွဲ၏ အရှိန်အဟုန် မြင့်တက်လာမှု ကြောင့် အချင်းချင်း ညီရင်း အကိုကဲ့သို့ ချစ်ခင် လိုသည့် စိတ်ဓါတ် များ အမြင့်ဆုံး ရောက်ရှိလာနိုင် မှု ကို အခွင့်ကောင်း ယူကာ ဒေသခံများ၏ ခံယူချက် မှ ခွင့်ပြုလာသည် အထိ ပူးပေါင်း ဆောင်ရွက် နိုင်သည့် လုပ်ငန်း အမျိုး မျိုး ကို လှုံ့ဆော် ပေးသင့်သည်။
လူမှုပြုပြင် ပြောင်းလဲရေး သမား များ ဖြစ်သည့် ပြောက်ကျား တပ်သားများသည် မိမိတို့ နေထိုင်လုပ်ကိုင်မှု များကို လည်း စံပြဖြစ်အောင် နေပြကြရမည် ဖြစ်သည်။ ဝါဒရေးရာ ပိုင်း တွင်လည်း အမြဲလို ညွန်ပြပေးနိုင်ရမည်။ မိမိတို့ သိသမျှ နှင့် လုပ်သင့်သည့် အချိန် ရောက်လျင် လုပ်လိုသည်များကို ရှင်းပြပေးရမည်။
စစ်ပွဲ ရှည်ကြာလာသည်နှင့် အတူ မိမိတို့၏ တော်လှန်ရေး ခံယူချက်များ ပိုမို ခိုင်မာလာသည် နှင့် အမျှ လေ့လာ သင်ယူ နိုင်ခဲ့သည်များကို အကျိုး ရှိအောင် အသုံးချသင့်သည်။ ဒေသခံ ပြည်သူ များ၏ အတွေး အမြင်များသည် မိမိတို့ စိတ်ဓါတ် နှင့် ဘဝ၏ တစိတ်တပိုင်း ဖြစ်လာနေ၍ သဘောထားများ ပို၍ ပြင်းထန်လာမည်၊ မိမိတို့ လုပ်လိုသော ပြောင်းလဲမှု များစွာတွင် တရားမျှတမှု နှင့် အရေးပါမှု သည် မရှိမဖြစ် လိုအပ်လာသည်ကို ယခင်က စာတွေ့ အဖြစ်မှ ယခုအခါ အရေးတကြီး လုပ်ဆောင်စရာ များ အဖြစ် လက်တွေ့ကျကျ သိရှိလာကြတော့မည် ဖြစ်သည်။