ဂေါ်ကီ ၏ အမေ(37)

by Hla Soewai - Nov 17 2025

အခန်း (၉) 

 

ပုလိပ်များပါဗယ်ကို ခေါ်သွားကြသည့် အခါ အမေသည် အိမ်ရှိ ခုံတန်းလျှားတွင် ထိုင်ကာ မျက်စိ ကို ပိတ်ပြီး အသံမထွက်ဘဲ ရှိုက်ကြီးတငင် ငိုနေခဲ့သည်။ ခင်ပွန်းဖြစ်သူ လုပ်လေ့ ရှိသလို ခေါင်းကို နောက်ပစ်ပြီး နံရံ ကို မှီလိုက် ပြန်သည်။

 

ဝမ်းနည်း စိတ်များ နှင့် အတူ သားအတွက် ဘာမှ မတတ်နိုင် ဖြစ်နေ၍ ထိခိုက်နာကျင်နေသော စိတ်များ ဖြင့် လွှမ်းခြုံနေ‌သည့် နာကျင်သော နှလုံးသား၏ ဝေဒနာ အားလုံး ကို မျက်ရည်များ မှ တဆင့် ညင်ညင်သာသာ ပဲ သွန်ထုတ်နေခြင်း ဖြစ်သည်။ နှုတ်ခမ်းမွှေးကျဲကျဲ၊ မျက်နှာဝါဝါ နှင့် သူမအား မလိုတမာ အကြည့်မျိုး နှင့် ခပ်မှေးမှေး စိုက်ကြည့်နေသော မျက်လုံးများကို ဖျက်မရသော အစွန်းအထင်း တခုလို မြင်ယောင် နေပြန်သည်။

 

ရစ်လုံး တခုပေါ်က ကြိုးနက်များလို ဒေါသ အာဃာတ နှင့် ခါးသီးမှု များက သူမ ရင် ကို ရစ်ပတ်လာနေခဲ့သည်။ ယင်းသည် အမှန်တရားကို ရှာဖွေနေသော သားတ‌ယောက်ကို မိခင်ရင်မှ ဆွဲထုတ်သွားသူများ အပေါ် ထားရှိသည့် ဒေါသ အာဃာတ နှင့် ခါးသီးမှု များလည်း ဖြစ်ပေသည်။

 

ရာသီဥတု က အေးစိမ့်နေသည်၊ မိုးရေစက်များက ပြတင်းပေါက် မှန် ကို ရိုက်ခတ်နေသံက တစုံတရာသည် အိမ်နံရံ တလျောက် တွယ်ကပ် တက် နေသလို ထင်ရသည်။ အမေ သည် အိမ်ထဲတွင် သတိကြီးစွာ ဖြင့် လှည့်ပတ် စောင့်ကြည့်နေစဉ် အတွင်း မျက်နှာ နီနီ ကြီးကြီး၊ လက်တံ ရှည်များ နှင့် မီးခိုရောင် သဏ္ဍန်များများ လေးလေးကန်ကန် သွားလာနေသည်ဟု ထင်မိသည်။ သူတို့၏ မြင်းစီး ‌ဒေါက်ဖိနပ်သံများလည်း တချွင်ချွင် ကြားလိုက်ရသည်ဟု လည်း ထင်မိပြန်သည်။

 

"ငါ့သာ တခါတည်း ခေါ်သွားလိုက်ပါတော့လား" ဟု စိတ်ထဲ က ပြောလိုက်မိသည်။

 

လူများကို အချက်ပေးသည့် ခရာမှုတ်သံကို ကြားလိုက်ရသည်။ ဒီတကြိမ် ကြားလိုက်ရသည့် အသံက ခပ်တိုးတိုး နှင့် မသဲမကွဲ ဖြစ်သည်။ တံခါး ပွင့်လာပြီး ရိုင်ဘင် အိမ်ထဲသို့ ဝင်လာသည်။ သူမ ရှေ့တွင် ရပ်လိုက်ပြီး မုတ်ဆိပ်တွင် တွယ်ကပ်နေသည့် မိုးရေစက်များကို လက်နှင့် သပ်ချနေသည်။

 

"သူတို့ ပါဗယ် ကို ဆွဲ သွားကြပြီ မဟုတ်လား"

 

အမေက သက်ပြင်းတချက် ချလိုက်ရင်း "ဟုတ်တယ်၊ ခွေးလို အကောင်‌တွေ ပေါ့"

 

"အဲ့လို ဖြစ်လာမှာပဲ၊ ကျွန်တော် အိမ်ကိုလည်း လာရှာကြသေးတဲ့ အပြင် ကျေနပ်လောက်တဲ့ အထိ ဆဲဆို သွားကြသေးသဗျာ၊ ကျန်တာတော့ ဒုက္ခ ပေးမသွားဘူး၊ ဒီတော့ ပါဗယ်ကို ခေါ်ထုတ်သွားကြတော့ တာပေါ့လေ၊ မန်နေဂျာက မျက်စိမှိတ်ပြလိုက်ယုံ နဲ့ ပုလိပ်တွေကလည်း 'အာမင်' လို့ ပြောပြီး လူတယောက် ပျောက်သွားတော့တာပဲ၊ သူတို့ အားလုံးက တကြိတ်တည်း တညံ့တည်းတွေ၊ တယောက်က လူတွေရဲ့ အိပ်ကပ်ထဲက လက်နဲ့ နှိုက်ထုတ်တယ်၊ တယောက်က သေနတ်ကို ကိုင်ထားတယ်"

 

"ရှင်တို့ အားလုံး ပါဗယ် ဖက်က ရပ်ပေးသင့်တယ်" ဟု အမေက မတ်တတ်ထရပ်လိုက်ရင်း အသံကျယ်ကျယ် နှင့် ပြောလိုက်သည်၊ "ရှင်တို့ အားလုံး အတွက် ပါသွားရတာ"

 

"ဘယ် သူ တွေက ပါဗယ် အတွက် ရပ်ပေးရမှာလည်း"

 

"ရှင်တို့ အားလုံးကို ပြောနေတာ"

 

"ဒါတော့ များသွားပြီ၊ ကျုပ်တို့ဖက်က ဒါမျိုးတွေ ဘယ်တော့မှ မလုပ်ဘူး၊ ကျုပ်တို့ ရဲ့ သခင်ကြီး ဆိုသူတွေက နှစ်ပေါင်း ထောင် နဲ့ ချီပြီး အင်အားတွေ စုဆောင်း ကြီးထွားလာတဲ့ လူမျိုးတွေ၊ ကျုပ်တို့ရဲ့ နှလုံးသားတွေလည်း သူတို့ ရိုက်ထဲ့ထားတဲ့ သံမှိုတွေ နဲ့ ပြည့်နေပြီ၊ ကျုပ်တို့ မားမားမတ်မတ် ရပ်ပေး နိုင်ဖို့ ဒီ သံမှိုတွေ ဆွဲနှုတ်ဖို့ အရင် လုပ်ရဦးမယ်"

 

ပြောပြောဆိုဆို ခြေလှမ်းကျဲကျဲ နှင့် လှည့်ထွက်သွားသော ရိုင်ဘင်၏ ကျောပြင်ကြီး ကို ကြည့်ရင်းက သူ့ နှုတ်က ထွက်လာသည့် အမေ၏ မျှော်လင့်ချက် များ ပြိုလဲသွားအောင် တင်းတင်းမာမာ ပြောသွားသည့် စကားလုံးများ ကြောင့် သောက မီးများ ပို၍ လောင်ကျွမ်း လာခဲ့ရသည်။

 

ထိုနေ့အဖို့ သူမရင်ထဲတွင် ဟာလာဟင်းလင်းနှင့် ဘာရယ်လို အတိအကျ မပြောနိုင်ဘဲ လွမ်းဆွတ် တောင့်တမှု ဆိုသော သိပ်သည်းလှသည့် မြူခိုးများ လွှမ်းခြုံရင်း ကုန်ဆုံး သွားခဲ့ရသည်။ ချက်ပြုတ် စားသောက်ချင်စိတ်လည်း မရှိ၊ ညဖက် ရောက်လာမှသာ ပေါင်မုန့် လောက်သာ စားဖြစ်ခဲ့သည်။ အိပ်ယာ ဝင်သည့် အခါတွင်လည်း သူမ ဘဝသည် ယခုလို ရှက်ရွံ့ရခြင်း၊ အထီးကျန်ခြင်း၊ စိတ်ထဲတွင် ဟာတာတာ ခံစားရခြင်းမျိုး တခါမှ မဖြစ်ခဲ့ဖူးဘူး ဟု သတိပြုမိလာပြန်သည်။

 

ပြီးခဲ့သည့် နှစ်များက သူမ ဘဝတွင် အကောင်းများ စုပြုံ ရောက်ရှိလာတော့မည်ဟူ သော မျှော်လင့်ချက် ဖြင့် နေသားကျလာခဲ့ရပြီး ဖြစ်သည်။ သူမ အနားတွင်လည်း အားမန် အပြည့် နှင့် ဆူဆူညံညံ ပြောဆိုနေကြသော လူငယ်လေးများ နှင့် ဘဝ သည် ပြည့်စုံနေသလို ခံစားခဲ့ရသည်။ တည်ကြည် လေးနက်သော သားဖြစ်သူ မျက်နှာကိုလည်း အမြဲလို မြင်တွေ့နေရသည်။ သားသည် သူမ အဖို့ အသည်းတထိတ်ထိတ် နှင့် မြင့်မြတ်သော ဘဝ ကို ပိုင်ဆိုင်လာဖို့ ဖန်တီးရှင် အရှင် သခင် လည်း ဖြစ်ခဲ့ပုံရသည်။

 

ယခု သူ မရှိတော့၊ အားလုံးလည်း ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။ သူမ သဘောမတွေ့သည်များ လာပြောသွားသော ရိုင်ဘင်မှ လွဲ၍ ဘယ်သူမှ ပေါ်မလာကြတော့။

 

အိမ်အပြင်ဖက်တွင်တော့ မိုးက သည်းသည်းမဲမဲ ရွာနေပြီး မိုးစက်များက ပြတင်းပေါက် မှန် ကို ရိုက်ခတ်နေသည်။ ခေါင်မိုး တလျောက် စီးကျလာနေသော ရေသံများက ဝမ်းနည်း ပူဆွေးဖွယ် တေးသီချင်း တပုဒ်ကို ညည်းတွားနေသည့်အလား ကြားယောင်လာမိသည်။ တအိမ်လုံးလည်း ငြင်ငြင်သာသာ ရှေ့တိုးနောက်ဆုတ် လှုပ်ရမ်းနေသလို ခံစားနေရပြန်သည်။ သူမ ပတ်ပတ်လည် အရာအားလုံးက အဓိပ္ပါယ် မဲ့ မလိုအပ်ပဲ ဖြစ်ပျက် နေကြသလားဟု ထင်မြင်နေမိသည်။

 

အိမ်ရှေ့ တံခါးကို တစုံတယောက်က ငြင်ငြင်သာသာ ခေါက်နေသံကို ကြားလိုက်ရသည်။ နောက်တကြိမ် ထပ်ခေါက်ပြန်သည်။ သူမ အဖို့က ဒီလို အသံမျိုး ကြားနေကျ ဖြစ်၍ ကြောက်စိတ်လည်း မဝင်တော့၊ ဒီတကြိမ်တွင်တော့ မရေမရာ မျှော်လင့်ချက်များ နှင့် စိတ်ထဲ အပျော်စိတ်များ ကူးပြီး ရုတ်ခြည်း လှုပ်ရှားသွားသည်။ ထိုင်နေရာ မှ ချက်ခြင်းလို ထလိုက်ပြီး ပုခုံးပေါ် တဘက်စောင် လေး တင်ကာ တံခါးရှိရာသို့ ကမန်းကတမ်း လျှောက်သွားပြီး ဆွဲဖွင့်လိုက်သည်။