အချစ်ကို ရှာဖွေတွေ့ရှိပြီ
တာဝန်များ ပိုလာရသည်နှင့် အမျှ စနေနေ့များ နှင့် အခြားရုံးပိတ်ရက်များ တွင်လည်း လုပ်အားပေး ထွက်ခဲ့ရသည်။ ကျွနုပ်တို့ကို စေလွှတ်လိုက်သည့် နေရာတိုင်းအား မညည်းမငြူ သွားခဲ့ကြသည်။ ထင်းကောက်ခြင်း၊ ကုန်ထမ်းခြင်း အစရှိသည်တို့အပါအဝင် လိုအပ်သည်မှန်သမျှကို လုပ်အားပေးခဲ့ကြသည်။ ကျွနုပ်တို့၏ နုငယ်သော နှလုံးသားများထဲတွင်ကား ကွန်မြူနစ် အတွေးအခေါ် နှင့် ခံယူချက်များ အဓွန့်ရှည်ရမည်ဟူသော မီးပြင်းမီးတောက်ကြီးသာ တဟုန်ထိုး လောင်ကျွမ်းလျှက် ရှိနေပေသည်။
ကျွနုပ်တို့အတွက် သွားလေရာတွင် ခရီးစရိတ် နှင့် စားဖို့သောက်ဖို့ ကာမိရုံသာ ရှိသည့် ငွေကြေးမျှလောက်သာ ရရှိခဲ့သည်။ ထိုအချိန်ကာလများကို ပြန်စဉ်းစားမိတိုင်း ကျွနုပ်၏ နှလုံးသားများက နွေးထွေးလာခဲ့ရစမြဲပင်။ အဘယ်ကြောင့်ဆိုသော် ထိုကာလများတွင် ကျွနုပ်၏ ဘဝတသက်တာလုံး အိမ်ထောင်ဖက် ဖြစ်လာမည့် လီဒီယာ ဒီမီထြီဗီနား ဂရီနီဗစ်ချ် နှင့် ဆုံစည်းခွင့် ရခဲ့သောကြောင့်လည်းဖြစ်သည်။ သူမသည် ဘဲလိုရုရှား လယ်သမား မိသားစုမှ ဆင်းသက်ခဲ့သော ကျောင်းသူတဦး ဖြစ်သည်။ မင့်စ်မြို့တော်၏ အနောက်ဖက် အစွန်တွင် ရှိသော ကာမင်ကီး ရွာလေးမှ ဖြစ်သည်။
တရက်တွင် အမျိုးသမီး အုပ်စု တစုနှင့် ပါလာသော ချောမောလှပသည့် မိန်းကလေးတဦးကို ကျွနုပ် သတိပြုမိလိုက်သည်။ ထိုအချိန်မှစ၍ သူမ၏မျက်နှာလေးအား ကျွနုပ် စိတ်ထဲမှ ဖျောက်ဖျက်ပြစ်၍ မရလောက် အောင် ဖြစ်လာခဲ့ရသည်။ နောက်ဆုံးတွင် တော့ ကျွနုပ်ကို ကျွနုပ် ဆက်ပြီးဒုက္ခပေးနေ၍ မဖြစ်တော့၊ အသက်လည်း နှစ်ဆယ်ကျော်လာပြီ ဖြစ်သဖြင့် သူမနှင့် ပတ်သက်၍ တခုခု လုပ်မှ ဖြစ်တော့မည်ဟု စိတ်ဒုံးဒုံးချ ဆုံးဖြတ်လိုက်ရပေတော့သည်။၊
ထိုအချိန်က အသက်အရွယ်အရ ယခုလို အရေးတွင် မည်သူမဆို ထိုကဲ့သို့ သော ဆုံးဖြတ်ချက်မျိုးကို လျှပ်တပြက် အတွင်း ချမှတ်ကြမည်သာ ဖြစ်သည်။ မကြာမီအတွင်း မှာပင် ကျွနုပ်တို့ ရင်းနှီးလာခဲ့ကြသည်။ ကျွနုပ်သည် သူမ၏ အလှ၊ သူမ၏ အိန္ဒြေသိက္ခာ နှင့် အခြား စွဲမက်ဖွယ် အရည်အချင်းများ ကြားတွင် ရုန်းမထွက်နိုင်အောင် ယစ်မူးနေပြီ ဖြစ်သည်။ ကျွနုပ် စိတ်ထင် ထိုအခြင်းအရာများက မည်သည့် ယောကျ်ားသားမျှ ကာကွယ်နိုင်စွမ်း မရှိသည့် အမျိုးသမီးတို့ တပ်ဆင်ထားသော လက်နက်များပင် ဖြစ်ရမည်ဟု တွေးမိပြန်သည်။ ထိုသို့ ကာကွယ်နိုင်ရန် အတွက်လည်း အမျိုးသားများက တခါဖူးမျှ အားထုတ် ခဲ့ခြင်းမျိုးလည်း ရှိခဲ့မည် မထင်မိပေ။ အမျိုးသမီးများ တွင် ရှိသည့် ထူးခြားသော အရည်အသွေးများကို ဒါဝင်ကဲ့သို့ လူမျိုး အယောက်တထောင်ခန့် ရှိစေဦး ရှင်းပြနိုင်စွမ်း ရှိကြလိမ့်မည် မဟုတ်ပေ။ ဤသည်က လည်း သဘာဝ တရားကြီး၏ လျို့ဝှက်ချက် တခုပင် ဖြစ်ပေလိမ့်မည်။
နွေရာသီ ညများ က တိုတောင်းလွန်းလှသည်။ ညတိုင်းလို ကျွနုပ်နှင့် လီဒီယာတို့ သည် တညလုံးနီးပါး အတူတွဲကာ လျှောက်ဖြစ်ခဲ့ကြသည်။ ကျွနုပ်တို့ နှစ်ဦး စိတ်တွင် လမ်းလျှောက်နေသည် မထင်ပဲ နတ်မြင်းရထားကြီး၏ သယ်ဆောင်ရာနောက်ကို လိုက်ပါနေသလို စိတ်ဝယ် ခံစားနေမိကြသည်။ ကျွနုပ်တို့၏ ဖြစ်အင်ကို တိတ်တဆိတ် ပြူထွက်လာသော အာရုဏ်ဦးကသာ ရိပ်စားမိနိုင်မည် ထင်သည်ဟု ကိုယ့်ဖာသာ တင်စားလိုက်မိပြန်သည်။ နောက်ပိုင်း နှစ်ပေါင်း များစွာ အကြာတွင် ကျွနုပ်တင်စားခဲ့မိသည့် The Quiet Dawns ဟူသော အမည် ဖြင့် ရုပ်ရှင် ထွက်ပေါ်ခဲ့သည်။ ဇာတ်လမ်း အကြောင်းအရာကတော့ တခြားစီသာ ဖြစ်သည်။ ထို ရုပ်ရှင်အမည်ကပင် ကျွနုပ်၏ ထိုအချိန်က စိတ်အခြေအနေနှင့် ခံစားခဲ့ရသော စိတ်အာရုံ ကို နှိုးဆွပေးခဲ့သလို ဖြစ်လာခဲ့ရပြန်သည်။
ပူလောင် အိုက်စပ်သော နွေရာသီ တနေ့တွင် ကျွနုပ်သည် ဘာရီဇီနား သို့ ရေကူးရန် ထွက်လာခဲ့သည်။ နေရောင် က လယ်ကွင်းပြင်များ ပေါ်သို့ ဖြာကျနေသည်။ ကျွနုပ်ဖြတ်လာခဲ့ရာ လမ်းတလျှောက်တွင် ပန်းပွင့်တို့၏ ချိုမြိန်သော အနံ့အသက်များနှင့် စူးရှမွှေးပျံ့နေပြန်သည်။ သို့သော် ကျွနုပ်၏ စိတ်ထဲ လွှမ်းမိုးနေသည်က သူမအကြောင်းသာလျှင် ဖြစ်သည်။ ထိုအချိန်က ကျွနုပ်သည် Eugene Onegin ဆိုသည့် စာအုပ်ကို နောက်တကြိမ် ပြန်ဖတ်ပြီးကာစလည်း ဖြစ်သည်။ စာအုပ်ထဲတွင် ပါသည့် ဇာတ်ကောင် အမျိုးသမီး တာရာနာ ဆီ ရောက်လိုက် သူမဆီ ပြန်ရောက်လိုက်နှင့် လူးလာခပ်နေသည်။ နောက်ခံ အခြေအနေများက လုံးဝကွဲပြားပြီး ပွတ်ရှ်ကင့်၏ စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလှသည့် စာသားများမှာ ကျွနုပ်တို့ စကားပြောနေစဉ် ခေါင်းထဲတွင် ပေါ်လာတတ် ခြင်းမရှိပါလျှက်နှင့် ယခုမှ ကျွနုပ် ခေါင်းထဲသို့ ရောက်လာခဲ့သည်မှာ ထူးခြားလှသည်။ ကျွနုပ်တို့အဖို့က အတူ ရှိနေလျှင်ပင် ကျေနပ်နေတတ်ကြသူများ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ပွတ်ရှ်ကင်၏ ကျော်ကြားလှသော ဝတ္ထုကြီး တွင် ဇာတ်ရှိန် အမြင့်ဆုံး က ဇာတ်လိုက် နှင့် သူ၏ ချစ်သူတို့ တယောက်နှင့်တယောက် အဘယ်ကြောင့် မပေါင်းဆုံနိုင် သည်ကို ရှင်းပြသော အခန်းပင် ဖြစ်သည်။ ယင်းသည်က ကျွနုပ်တို့ အတွက် သတိပေးချက် ဖြစ်လာရသလို ဘာလုပ်သင့်သည် ဆိုသည်နှင့် ပတ်သက်၍လည်း တွန်းအားတခု ဖြစ်လာခဲ့ရသည်။ မိမိ၏ ဘဝတွင် ရလာသော အခွင့်အရေးကို လက်လွတ်မခံသင့် ဆိုသည့် အဓိပ္ပါယ် အဖြစ် သွယ်ဝိုက် ဖွင့်ဆိုနိုင်သည်လည်း မဟုတ်ပါလား။
ကျွနုပ်သည် လမ်းလျှောက်လာနေစဉ် အတွင်းမှာပင် နောက်ထပ်တွေးမိခဲ့သည်က ဘဝ ဆိုသည်မှာ ချိုမြိန်သော အသံများနှင် ဖွဲ့စည်းထားခြင်းသာ ဖြစ်သည်ကို လူအများ နားမလည်ကြသေးခြင်းသာ ဖြစ်သည် ဆိုခြင်းပင်၊ ကျွနုပ်၏ အတွေးများ ထိုသို့ အတိုင်းအဆမရှိ ပျံ့လွင်နေစဉ်မှာပင် မတ်စောက်သော ချောက်ကမ်းပါးမှ ခြေချော် ကာ နေရောင်အောက်တွင် အရောင်တလက်လက် ထနေသည့် မြစ်ထဲ ပြုတ်ကျသွားခဲ့ရသည်။
ကျွနုပ်လည်း ကမ်းပေါ်သို့ ပြန်တက်လာစဉ် မိမိအဖွဲ့မှ ကျောင်းသား နှစ်ယောက်ကို တွေ့လိုက်ရ၍ အဝတ်အစားကို အမြန်လဲကာ သူတို့နှစ်အတူ တဖက်ကမ်းသို့ ကူးခတ် လိုက်ပါသွားခဲ့သည်။ တဖန် ဒီဖက်ကမ်းသို့ ပြန်ကူးလာခဲ့ကြပြန်သည်။ မြစ်သည် နက်သော်လည်း ကျယ်ဝန်းခြင်း မရှိ၍ ဟိုဖက်ကမ်း၊ ဒီဖက်ကမ်းကို ကျွနုပ်တို့ အလွယ်တကူ ကူးနိုင်ခဲ့ခြင်းလည်း ဖြစ်ပေသည်။
အေးမြနေသည့် ရေ၏ အထိအတွေ့ကြောင့် ကျွနုပ်၏ နေ့လည်အိမ်မက် စိတ်ကူး စိတ်သန်းများကို လက်တွေ့ဘဝသို့ ပြန်လည် တွန်းပို့နိုင်ခဲ့သည်။ ကျွနုပ်သည် နေကျဲကျဲ ပူနေချိန် ကွင်းပြင်ကျယ်ကြီး ကို တဦးတည်း ဖြတ်လျှောက်လာခဲ့စဉ် ကျွနုပ်၏ ဘဝတွင် အခုလို စိတ်ဓါတ်တက်ကြွလာခြင်းနှင့်၊ ကြည်လင်ပြတ်သားသော အတွေးအခေါ်များ အတွင်းသဏ္ဌာန်မှ ထွက်ပေါ်လာခဲ့သည်။ ထိုသို့သော အဖြစ်မျိုးက ဘဝတွင် ထပ်မကြုံခဲ့တော့ပေ။
ကျွနုပ်သည် တည်းခိုနေသည့် အဆောင်သို့ ပြန်အရောက်တွင် ကျွနုပ်စိတ်တွင် ဖြစ်ပေါ်လာခဲ့သည်များကို နားလည်ရန် အားထုတ်ခဲ့မိပြန်သည်။ ဘာအကြောင်းတွေများလဲ၊ ကျွနုပ် မြစ်ထဲသို့ ကျသွားရလောက်အောင် အဘယ်ကြောင့် အတွေးရေယာဉ် ကြောတွင် နစ်မြောခဲ့ရပေသနည်း၊ ကျွနုပ်သည် ရေကူးတတ်၍သာ ဘာမှ မဖြစ်ခဲ့ခြင်းပင် ဖြစ်သည်။
မိမိကိုယ်ကို ယခုလို ဝေဖန်ဆန်းစစ်မိခဲ့သောကြောင့်လည်း ကျွနုပ်တခါမှ မျှော်လင့်မထားသည့် အကြောင်းခြင်းရာမျိုး ကို တိတိကျကျ အဖြေထုတ် ပေးနိုင်ခဲ့ပေသည်။ ကျွနုပ်သည် သူမကို အားလုံး ဖွင့်ပြောပြရမည်။ ပြီးနောက် ကျွနုပ်တို့ ဘာလုပ်သင့်သည်ကို ဆက်ပြီး အတူ ဆုံးဖြတ်ကြမည်။
ဤသည်က နွေဦးတရက်တွင် ကျေးလက်ရှုခင်းနှင့် ပွတ်ရှ်ကင်၏ ကျော်ကြားလှသော ကဗျာတပုဒ် ပေါင်းစပ်မိသွားခြင်းသည်ကပင် ကျွနုပ်၏ စိတ်ခံစားမှုများကို ပြင်းထန်စွာ နှိုးဆွပေးနိုင်ခဲ့သည် ဟု ဆိုရပေတော့မည်။
လီဒီယာ နှင့် ကျွနုပ်သည် ကျောင်းသားဘဝ မှာပင် လက်ထပ် ဖြစ်ခဲ့ကြသည်။ ထို့အတွက်လည်း ကျွနုပ်တို့ ဘဝက အဆင်မချောခဲ့။ သို့သော် မကြာမီမှာပင် ကျွနုပ်တို့ တိုက်ခန်းတခန်း ပိုင်ဆိုင်နိုင်သည့်အထိ စနစ်တကျ စီမံခန့်ခွဲလာနိုင်ခဲ့ပေသည်။