လူအုပ်ကြီးက မန်နေဂျာ လာလို့ ရရန် ဘေးသို့ ရှဲပေးလိုက်ကြသည်၊ မန်နေဂျာသည် အရပ်ရှည်ရှည်၊ ပိန်ပိန်သွယ်သွယ်၊ မေးဖျားတွင် ချွန်ထွက်နေသော မုတ်ဆိတ်မွှေး၊ ရှည်မျောမျော မျက်နှာ နှင့် မျက်လုံးများက ပုတ်ခတ်ပုတ်ခတ် နှင့် ဖြစ်သည်။
"ခွင့်ပြုပါ" ဟု ပြောရင်း လက်ကလေး တကာကာ နှင့် လူအုပ်ကြားထဲ ဖြတ်လျှောက်လာသည်။ ထိုသို့ လျှောက်လာရင်းက လူများစွာ ကို အုပ်ချုပ်နေရသူ တဦး၏ ကျင့်သားရပြီးသော မျက်နှာပေးဖြင့် တစုံတခု ကို ရှာဖွေ နေသည့် အလား အလုပ်သမားများ၏ မျက်နှာများကို တဦးစီ လိုက် ကြည့်နေသည်။ အလုပ်သမားများက ခေါင်းပေါ်ရှိ ဦးထုတ်များကို ချွတ်ကာ ဦးညွှတ်လိုက်ကြသည်။
သို့သော် မန်နေဂျာသည် အလုပ်သမား၏ ခရီးဦးကြို ပြုမူကို ပြန်၍ အသိအမှတ် ပြုခြင်းမျိုး မရှိဘဲ လျှောက်မြဲ လျှောက်လာသည်။ သူ ရောက်လာ၍ အသံဗလံများ တိတ်ဆိတ်သွားပြီး ဝေခွဲမရ ဖြစ်လာကြသည်။ သူတို့၏ မျက်နှာများတွင်လည်း အားနာသည့် ပုံမျိုးနှင့် ပြုံးနေပြီး တိုးတိုးတိတ်တိတ် ပြောသံများလည်း ထွက်လာသည်။ ဗရုတ်ကျခဲ့မှု အတွက် မိဘရှေ့တွင် နောင်တရနေသော ကလေးများ နှင့် တူနေသည်။
မန်နေဂျာသည် အမေ့ရှေ့က ဖြတ်သွားခိုက် အမေ့ဖက် လှည့်ပြီး ခပ်တင်းတင်း စိုက်ကြည့်သွားခဲ့ပြီး သံထည် ပုံကြီး ရှေ့တွင် ရပ်လိုက်သည်။ အပေါ်တွင် ရပ်နေသူ များ ထဲမှ တယောက်က သူ တက်လို့ ရရန် လက်ကမ်း ပေးလိုက်သည်။ သို့သော် လက်ကို ဖမ်းမကိုင်ဘဲ သွက်လက်ဖြတ်လတ်စွာ ကိုယ်ကို လွှဲကာ ခုန်တက်လိုက်ပြီး ပါဗယ် နှင့် ဆီဇော့ ရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် တိတ်ဆိတ်နေသော လူအုပ်ကြီးထံ လှမ်းကြည့် လိုက်သည်။
"ဘယ်လို သဘောနဲ့ အခုလို လူတွေ လာစုနေကြတာလဲ၊ အုလုပ်ကိုလည်း ဘာအကြောင်း နဲ့ ရပ်လိုက်ကြတာလဲ"
စက္ကန့် အနည်းငယ်လောက် စကားသံ ထွက်မလာပဲ တိတ်နေသည်။ ဆီဇော့က ဦးထုပ်ကို ချွတ်ပြီး လေထဲ ဝှေ့လိုက်ရင်းက ပုခုံးတွန့်ကာ ခေါင်းကို အောက်စိုက်ထားလိုက်သည်။
"ကျုပ် မေးနေတယ်လေ"
ပါဗယ်သည် သူ့ ဘေးနားသို့ ကပ်လာပြီး အသံတိုးတိုး ဖြင့် ဆီဇော့ နှင့် ရိုင်ဘင် တို့ကို လက်ညိုး ထိုးပြပြီး...
"ဟော့ ဒီက ရဲဘော်တွေကို ကျွန်တော်တို့ သုံးယောက် ကို တာဝန်ပေးပြီး မန်နေဂျာရဲ့ ကိုပက် တွေ ဖြတ်မယ့် အမိန့်ကို ပယ်ဖျက်ပေးဖို့ ပြောခိုင်းထားပါတယ်"
မန်နေဂျာ က ပါဗယ် ဖက် လှည့်မကြည့်ဘဲ "ဘာကြောင့်လဲ"
"ဘာဖြစ်လို့လဲ ဆိုတော့ အခုလို အခွန် အတုပ် ပုံစံမျိုး နဲ့ ကောက်ယူတာ တရားမမျှတဘူးလို့ ထင်လို့ပဲ" ဟု ခပ်ကျယ်ကျယ် ပြောလိုက်သည်။
"ဒါဆိုရင် စက်ရုံနောက်က နွံအိုင်ကြီးကို စုတ်ထုတ်မယ့် ကျုပ်ရဲ့ အစီအစဉ်ကို မင်းတို့က အလုပ်သမား တွေ အပေါ် ခေါင်းပုံဖြတ်တာပဲ၊ သူတို့ရဲ့ နေထိုင်မှု အခြေအနေ ကောင်းမွန်လာအောင် လုပ်ပေးတာ မဟုတ်ဘူး၊ အဲ့လို မြင်နေကြတယ်ပေါ့"
"ဟုတ်တယ်" ဟု ပါဗယ်က ပြန်ဖြေလိုက်သည်။
"ခင်ဗျားကကော အဲ့လိုပဲလား" ဟု ရိုင်ဘင် ဖက် လှည့် မေးလိုက်ပြန်သည်။
"အိုး...လုံးဝ ထပ်တူပဲ"
"ကဲ...ဒီဖက်က ကျွန်တော်တို့ တန်ဘိုးထားတဲ့ မိတ် ဆွေ ကြီးက ကောဗျာ" ဟု ဆီဇော့ဖက် လှည့်လာသည်။
"ကျွန်တော်တို့ ကိုပက် တွေကို ကျွန်တော်တို့ပဲ ရပါရစေ လို မန်နေဂျာကြီး တောင်းဆိုချင်ပါတယ်" ဟု ဆီဇော့က ခေါင်းကို ငုံ့ထားရင်းက အပြစ်ရှိနေသယောင် ပြုံးရင်း ပြောလိုက်သည်။ မန်နေဂျာက သူ၏ အကြည့်ကို လူအုပ်ကြီးဖက် တဖြေးဖြေး လှည့်လာပြန်သည်။ ထို့နောက် ပုခုံးကို တချက် တွန့်လိုက်ပြီး ပါဗယ်ကို အကဲခတ်သလို စူးစူးရဲရဲ ကြည့်လိုက်သည်။
"မောင်ရင့် ကြည့်ရတာ အသိဉာဏ် ပညာ နဲ့ ပြည့်စုံတဲ့ လူမျိုးပဲ၊ အခု ကျုပ် စီစဉ်ထားတာ အားလုံး အတွက် အကျိုးရှိမယ်လို့ မထင်ဘူးလား"
"စက်ရုံကနေ ဒီနွံအိုင်ကြီး ကို စုတ်ထုတ်ပေးမယ် ဆိုရင်တော့ အားလုံး သဘောပေါက်ကြမှာ" ဟု ပါဗယ်က ခပ်ကျယ်ကျယ် ပင် ပြန်ပြောလိုက်သည်။
"စက်ရုံက ပရဟိတ အလုပ်တွေ လုပ်နေတဲ့ အဖွဲ့အစည်း မဟုတ်ဘူး၊ ဒီတော့ ခင်ဗျားတို့ အားလုံး အခုချက်ခြင်း အလုပ် ပြန်လုပ်ကြပါ၊ ဒါ အမိန့်ပဲ"
ထို့သို့ ပြောပြီးသည် နှင့် သံပုံကြီးပေါ်မှ သူ့ ခြေထောက် ထိခိုက်မည် စိုး၍ တလှမ်းချင်း လှမ်း၍ ဆင်းသွားသည်။
လူအုပ်ကြီး ထံမှ မကျေမနပ် ပြောသံ ဆိုသံများ ထွက်လာသည်။
မန်နေဂျာ က သွားနေရာမှ ရပ်၍ "ဘာဖြစ်နေကြတာလဲ" ဟု မေးလိုက်သည်။
မည်သူမျှ ပြန်မဖြေဘဲ တိတ်ဆိတ်နေချိန်တွင် အဝေး တနေရာ ဆီမှ အသံတသံ ထွက်လာသည်။
"ခင်ဗျား ဖာ ခင်ဗျားပဲ သွားလုပ်လေ"
"ဆယ့်ငါးမိနစ် အတွင်း မင်းတို့ အားလုံး အလုပ်ထဲ ပြန်မသွားဘူး ဆိုရင် မင်းတို့ တယောက်ချင်းစီကို အလုပ် ထုတ်ပြစ်ဖို့ ကျုပ်ပြောမယ်" ဟု မန်နေဂျာက ခြောက်ကပ်ကပ် အသံဖြင့် ပြောလာသည်။
ပြောပြီး လူအုပ်ကြီးထဲ ဆက်၍ ဖြတ်လျှောက်သွားသည်၊ ဒီတကြိမ်တွင်တော့ လူအုပ်ကြီးထဲ မှ တီးတိုး ပြောသံများ ထွက်ပေါ်လာသည်။ သူ အဝေးသို့ ရောက်သွားသည်နှင့် အသံများ ပိုကျယ်လာသည်။
"ပြောကြ ပါဦး"
"ဒါမင်းတို့ ပြောတဲ့ တရားတဲ့ အတိုင်း ဆိုတာလား၊ ဝေးသေး"
အချို့က ပါဗယ်ဖက် လှည့်ပြီး.....
" ကဲ....ရှေ့နေကြီး၊ အခု ဘာလုပ်ကြမလဲ၊ မင်းတို့ပဲ တချိန်လုံး ပြောနေတာ၊ အခု သူရောက်လာတာနဲ့ လေထဲ ပျောက်ကုန်ပြီ"
"ဟုတ်တယ်၊ ဗီလာဆော့၊ အခု ဘာလုပ်ကြမလဲ"
အော်သံဟစ်သံ များက အဆက်မပြတ် ထွက်ပေါ်လာသည့် အခါတွင်တော့ ပါဗယ်သည် လက်ကို မြှောက်လိုက်ရင်းက....
"ရဲဘော် တို့ မန်နေဂျာ က ကျွန်တော်တို့ ရဲ့ ကိုပက် တွေ မယူတော့ဘူးလို့ မပြောမချင်း အလုပ်မဆင်းကြဖို့ ကျွန်တော် အဆိုပြုပါတယ်"
လူအုပ်ကြီးထံမှ ပေါက်ကွဲသံများ တယောက်တပေါက် ထွက်လာပြန်သည်။
"ငါတို့ကို အရူး တွေလို့ ထင်နေတာလား"
"ငါတို့ အဲ့လို လုပ်သင့်တယ်"
"သပိတ် မှောက်ကြဖို့လား"
"ပိုက်ဆံ တပြား လောက်နဲ့"
"ဘာလို မလုပ်ရမှာလဲ၊ သပိတ်မှောက်မယ်"
"ငါတို့ အားလုံး အလုပ်ထုတ် ခံရမှာနော်"
"အားလုံးကို ထုတ်ပစ်မယ် ဆိုရင် ဘယ်သူက လာလုပ်မှာလဲ"
"လုပ်မယ့်လူတွေ ရှိနေမှာပဲ"
"ဘယ်သူတွေ လဲ၊ သစ္စာဖေါက်မယ့် ကောင်တွေ ပြောတာလား"
"နှစ်တိုင်း ငါတို့ တဦးစီက ခြင်တွေ နှိမ်နှင်းဖို့ ဆိုပြီး သုံးရူဘဲ နှင့် ကိုပက် ၆၀ ပေးရမှာလား"
"အားလုံး ပေးရမှာနော်"
ပါဗယ် သည် အောက်ကို ဆင်းလာပြီး မိခင် ဖြစ်သူ ဘေးတွင် ရပ်နေလိုက်သည်။ မည်သူကမျှလည်း သူ့ကို သတိမမူ မိကြတော့ဘဲ အချင်းချင်း အော်ကြဟစ်ကြ နဲ့ ဒေါသတကြီး ငြင်းခုံ နေကြတော့သည်။