ချေ ၏ ပြောက်ကျားစစ် လက်စွဲ(12)

by Hla Soewai - Nov 04 2025

ထို့အပြင် လမ်းများကို မိုင်းထောင်ခြင်း၊ တံတားများကို ဖျက်ဆီးပစ်ခြင်း များသည်လည်း လွန်စွာ အရေးပါသော ဗျူဟာ ဖြစ်သည်။ ဇွဲရှိမှု နှင့် ကြာရှည်မှု အပိုင်း တွင် ပြင်းထန်မှု လျော့နည်း နိုင်သော်လည်း အလွန်အမင်း အကြမ်းဖက်မှုမျိုး ဖြစ်လာနိုင်ပြီး မိုင်း နှင့် ပြောင်းတိုကဲ့သို့သော သေနတ် အမျိုးမျိုး အသုံးပြုနိုင်သည်။

 

စစ်သားများ အပြည့် တင်ဆောင်လာသော အမိုးဖွင့် ထရပ်ကားများ၊ သို့မဟုတ်ကလည်း အထူးတလည် အကာအကွယ် မပါဘဲအလုံပိတ်ထားသော ကားများ၊ ဘတ်စ်ကားများ တိုက်ခိုက်ရာတွင် shotgun သည် အထိရောက်ဆုံး ဖြစ်သည်။ ထိုလက်နက် အား ပြောက်ကျား တို့၏ လျို့ဝှက် စစ်ဆင်ရေး တွင်သာ မဟုတ်၊ စစ်ပွဲကြီးများတွင်လည်း သုံးကြသည်။

 

မြောက်အမေရိကတိုက် သားများသည် စက်သေနတ်အမြှောက်စခန်းများအား ဝင်တိုက်ရန် အတွက် အရည်အသွေးမြင့်လက်နက်များနှင့် လှံစွပ်တပ်သေနတ်ပစ်တပ်ဖွဲ့ (shotgun platoons) များကို အသုံးပြုခဲ့ကြသည်။

 

ရှင်းပြဖို့ အဓိက အကြောင်းအရာ အဖြစ် ရှိနေသည်က လက်နက်ခဲယမ်း ပြဿနာပင် ဖြစ်သည်။ ထိုအရေး အတွက် အမြဲလို နီးပါး ရန်သူထံမှ ရယူရလိမ့်မည် ဖြစ်သည်။ မိမိတို့ ဖက်မှ ကုန်ခမ်းသွားသော လက်နက်ခဲယမ်းများကို ဖြည့်တင်း နိုင်ဖို့ သေချာပေါက် ရနိုင်သည့် ရန်သူ စခန်းများကို ဝင်တိုက် နိုင်ဖို့ မရှိမဖြစ် လိုအပ်သည်။ သို့သော် အခိုင်အမာ ကာကွယ်ထားသည် မျိုး ဆိုက မတတ်နိုင်၊ အကယ်၍ ‌လတ်တလော ထိုသို့ ဖြည့်တင်းဖို့ အခြေအနေ မပေးလျင် ရန်သူ တပ်စုလေး တခု ကို ချေမှုန်းဖို့ လောက်နှင့် ကျည်အား ကို မီးကုန်ယမ်းကုန် မသုံးသင့် သေး။

 

ပြောက်ကျား နည်းဗျူဟာ တွင် အကြီးမားဆုံး ပြဿနာ က စစ်ပွဲ ကို ဆက်လက် ဆင်နွှဲနိုင်ဖို့ လိုအပ်သော လက်နက် ပစ္စည်း များ ရရှိနိုင်ရေး ဖြစ်သည် ဆိုသည်ကို အမြဲလို နှလုံးသွင်းထားရပေမည်။ ထို့အတွက် ကြောင့်လည်း ပြောက်ကျား များ သုံးသော လက်နက်သည် ခြောက်လုံးပြူး နှင့် ပြောင်းတို သေနတ်များမှ လွဲ၍ ရန်သူ့ လက်နက် နှင့် အတူတူ ဖြစ်နေရမည်။ ခြောက်လုံးပြူး နှင့် ပြောင်းတို သေနတ်များသည် အနီးအနား နှင့် မြို့များတွင် လွယ်လင့်တကူ ရနိုင်ပေသည်။

 

ထိုသို့ ဝင်ရောက် တိုက်ခိုက်မည့် ပြောက်ကျား အင်အားသည် ဆယ်ယောက်၊ ဆယ့်ငါးယောက်ထက် မပိုသင့်၊ ဤသည်ကလည်း မည်သည့်နေရာတွင် မဆို အလွယ်တကူ ပုန်းခို နိုင်ရေး နှင့် တချိန်တည်းလိုလို ရန်သူ ကို ပြင်းပြင်းထန်ထန် ခုခံ တိုက်ခိုက် နိုင်ရန် အတွက် ဖြစ်သည်။

 

လေးယောက်၊ ငါးယောက်က နည်းလွန်းပြီး၊ ဆယ်ယောက်ထက် ကျော်သွားမည် ဆိုပါကလည်း ပုန်းအောင်းနေသည့် စခန်း၊ ချီတက်နေသည်များကို ရန်သူ က ရှာတွေ့သွားနိုင်သည်။

 

သတိပြုသင့်သည်က ပြောက်ကျား အဖွဲ့၏ ချီတက် နေသည့် နှုန်းသည် လမ်းလျှောက် အနှေးဆုံး လူတဦး၏ ခြေလှမ်း မျိုး နှင့် တူညီအောင် လှမ်းရမည် ဆိုသည့် အချက် ဖြစ်သည်။ ပြောက်ကျား အယောက် ၂၀,၃၀, ၄၀ တို့ တို့ သည် ၁၀ ယောက်ထက် စာလျင် တူညီအောင် လျှောက်ဖို့ ဆိုသည်က မဖြစ်နိုင်။ မြေပြန့်သည့် နေရာတွင်တော့ ပြောက်ကျား တယောက်သည် အပြေးသမားလို ဖြစ်နေရမည်။ ပစ်ပြီး ပြေး နိုင်အောင် လေ့ကျင့်ထားရမည် ဖြစ်သည်။

 

မြေပြန့်ပိုင်းတွင် ပြောက်ကျား တပ်ဖွဲ့များသည် ရန်သူ၏ အလျင်အမြန် ဝိုင်းပတ်ခံရမည့် အန္တရာယ် နှင့် အခိုင်အမာ နေရာယူ ခုခံနိုင်မည့် နေရာမျိုး ရှိနေခြင်း တို့ကြောင့် အခွင့် မသာ သည့် အခြေအနေမျိုး ကြုံရနိုင်သည်။

 

လုံးဝ လျို့ဝှက် ထားရသည့် အခြေအနေ မျိုး နှင့် ကာလကြာရှည်စွာ နေထိုင်နိုင်ရမည် ဖြစ်သည်။ ဒေသခံများ ၏ သစ္စာရှိမှု ကိုလည်း အပြည့်အဝ ယုံကြည်ထား၍ မရသဖြင့် မည်သူကိုမျှ မသိခံ၍ မဖြစ်။

 

ရန်သူဖက်က လက်တုန့်ပြန် လက်စားချေမှု သည် ပြင်းထန်ပြီး ရက်စက်ကြမ်းကြုပ်လှသည်၊ ၎င်းတို့သည် အိမ်ထောင်စု အကြီးအကဲကိုသာ မဟုတ်တော့ဘဲ မကြာခဏ ဆိုသလို အမျိုးသမီးများ၊ ကလေးငယ်များကိုပါ သတ်ဖြတ်တတ်သည်။ ထိုသို့သော အနေအထားတွင် တောင့်မခံနိုင် ဖြစ်လာတတ်၍ အညံ့ခံကာ ပြောက်ကျားတပ်များ မည်သည့် နေရာတွင် ရှိနေသည်၊ မည်သို့မည်ပုံ လှုပ်ရှားနေသည်ကို ထုတ်ဖေါ် ပြောဆိုကြရတော့သည်။

 

ထိုအချိန်မျိုး တွင် မိမိတို့ စခန်းသည် ချက်ခြင်းလက်ငင်း ဆိုသလို အဝိုင်းခံရပြီး ကံမကောင်း အကြောင်းမလှသည့် ဆိုးကျိုးများ ထွက်ပေါ်လာနိုင်သည်၊ သို့သော် အကျအဆုံး များ ရှိတတ်သည်မျိုးတော့ မဟုတ်။

 

လက်နက် အရည် အတွက်၊ လူထု၏ ဆန့်ကျင် တွန်းလှန် လိုစိတ် များသည်ထက် များလာသော အခြေအနေများကြောင့် ပြောက်ကျား အရည် အတွက် တိုးလာပါက အုပ်စုများ ခွဲထုတ်ရတော့မည် ဖြစ်သည်။ သို့သော် ရန်သူအား အပြင်းအထန် ထိုးနှက် တိုက်ခိုက်ဖို့ လိုအပ်လာပါက တချိန်ချိန် တွင် ပြန် စု စည်း နိုင်ရမည် ဖြစ်သည်။ တိုက်ခိုက်ပြီးလျင် ပြီးချင်းလည်း ယခင်ကလို ပင် အုပ်စု ဆယ်ယောက်၊ ဆယ်နှစ်ယောက်၊ ဆယ်ငါးယောက် ခွဲပြီး နေရာအသီးသီး သို့ ပြန်ဆုတ်နိုင်ရမည်။

 

စစ်တပ်တတပ်လုံးသည် တခုတည်းသော အမိန့်ပေး ကွပ်ကဲမှု အောက်တွင် စနစ်တကျ စုစည်းထားနိုင်ပြီး အမိန့်ကို လေးစား နာခံ မှု လည်း ရှိထားပြီး ဖြစ်သည်။ သို့ဖြစ်၍ မိမိတို့ဖက်မှ ပြောက်ကျား ခေါင်းဆောင်များ ရွေးချယ်ရာတွင် ၎င်းတို့ အားလုံးသည် ဒေသတွင်းရှိ တာဝန်ခံ များနှင့် အတွေးအခေါ် ပိုင်းရော၊ လူချင်းရော ပူးပေါင်း ဆောင်ရွက် ညှိနှိုင်းနိုင်မည့် လူမျိုး သေချာစေဖို့ လွန်စွာ အရေးကြီးသည်။

 

ဘဇူကာ သည် လေးလံ‌ သော်လည်း သယ်ယူရလွယ်ပြီး ကိုင်တွယ် ပစ်ခတ်ရာတွင် အဆင်ပြေ၍ ပြောက်ကျား တပ်ဖွဲ့များ သုံး၍ ရနိုင်သည့် လက်နက်မျိုး ဖြစ်သည်။ ယခုအခါ ရိုင်ဖယ်တွင် တပ်၍ ပစ်နိုင်သည့် တင့်ကားပစ် လက်ပစ်ဗုံး ကျည် နှင့် အစားထိုး သုံးနိုင်လာသည်။ ထိုကဲ့သို့ လက်နက်မျိုးကလည်း ရန်သူထံမှ ရယူနိုင်ရမည် ဖြစ်သည်။

 

ဘဇူကာ သည် သံချပ်ကာ ကားများကို ပစ်ခတ်ရာတွင် အသုံးတည့်ဆုံး လက်နက် ဖြစ်သည်။ ရန်သူ တပ်များ တင်ဆောင်လာသည့် သံချပ်ကာ မဟုတ်သော ကားများကိုလည်း ပစ်ခတ်နိုင်သည်။ လူအနည်းငယ် နှင့် အထိုင်ချထားသော စခန်းငယ်များကို အချိန်တို အတွင်း သိမ်းယူနိုင်သည်။ သို့သော် လူတယောက်သည် ကျည်ဖူး သုံးဖူးသာ သယ်နိုင်ပြီး သိသိသာသာ အားစိုက်ရသည်။

 

ရန်သူထံမှ သုံးချောင်းထောက် စက်သေနတ်များ၊ ၅၀ မမ စက်သေနတ်ကြီးများ ကဲ့သို့ လက်နက်ကြီးများ သိမ်းယူ ရရှိပါက ပြန်လည် ဆုံးရှူံးသွားနိုင်ခြေ ရှိသည်ဟု နားလည်ထားဖို့ လိုသည်။ တနည်းဆိုရသော် မိမိတို့ အတွက် အခြေအနေ မပေးသော အနေအထားတွင် စက်သေနတ်ကြီး သို့မဟုတ် ထိုကဲ့သို့သော လက်နက်ကြီးမျိုး ကို ကာကွယ် နိုင်ဖို့ သက်သက် အတွက် တိုက်ခိုက်နေရခြင်းမျိုး ကို ခွင့်ပြု၍ မဖြစ်၊ တိုက်ပွဲ အနေအထား အရ စွန့်လွှတ်ရဖို့ ဖြစ်လာသည့် အချိန်မရောက်မချင်းသာ အသုံးပြုရမည် ဖြစ်သည်။

 

ကျွနုပ်တို့၏ ကျုးဘား လွတ်မြောက်ရေး စစ်ပွဲ အတွင်း လက်နက် တလက်ကို စွန့်ပစ်ခဲ့ခြင်းသည် ကြီးစွာသော အပြစ်ကို ကျူးလွန်လိုက်ခြင်း နှင့် အတူတူပင် ဖြစ်သည်။ မလုပ်မဖြစ် လုပ်ဖို့ လိုအပ်လာသည့် အခါမျိုးတွင်တော့ ထိုသို့ သဘောထား၍ မဖြစ်၊ ယခု ရှင်းပြနေသည်က လက်နက်ကို စွန့်ထားခဲ့ရခြင်းသည် ကြီးလေးသော ပြစ်မှု ကို ကျုးလွန်သည်ဟု သဘောမထားသင့်သော အခြေအနေမျိုးကို ဆိုလိုခြင်း ဖြစ်သည်ကို သဘောပေါက်စေရန် အတွက် ဖြစ်သည်။ အခြေအနေ မပေးသော မြေပြင်အနေအထားတွင် ပြောက်ကျားစစ်သည်၏ လက်နက်မှာ လျင်မြန်စွာ ပစ်နိုင်သော ကိုယ်ပိုင်လက်နက်ပင် ဖြစ်သည်။