စီးကရက် တဝက် မကျိုးမီမှာပင် ဗိုလ်မှုးသည် ကားဂိုဒေါင် ရှိရာသို့ နောက်ဆုံးအကြိမ် အဖြစ် ရောက်လာခဲ့သည်။ သူ့မျက်နှာတွေ ဇဝေဇဝါ ဖြစ်သွားရင်းက ပြုံးလိုက်သည်။ လက်ထဲတွင်လည်း ထမင်းဗူးကို ကိုင်ထားသည်။ "ဟေး...မောင်ရင် ဒီဘာလာလုပ်တာတုန်း ဟု မေးလိုက်သည်။ ကျွန်တော်လည်း အားတင်းပြီး ပြန်ပြုံးပြလိုက်သည်။ လက်ထဲက ပလပ်စတစ် အထုပ်ကို မြှောက်ပြလိုက်ရင်း ဒီနား ရောက်လာတာနဲ့ ဒါ ဝင်ပေးတာ။
ဘာတွေများလဲ ဆိုကာ ကျွန်တော့်နား ကပ်လာသည်။
ဂျုလိုင် လေး လက်ဆောင်ပေါ့ဗျာ၊ ဗိုလ်မှုး ဖြတ်လျှောက်လာသည့် ကားနောက်မှ ထွက်လာသည့် ဘွန် ကို တွေ့လိုက်ရသည်။ ကျွန်တော် အကြည့်ကို ဗိုလ်မှုး ထံမှ မခွာပဲ ထားလိုက်သည်။ ဗိုလ်မှုးသည် Fourth of July မှာ လက်ဆောင်တွေ ပေးရတယ်တဲ့လား ဟု ပြောရင်း ကျွန်တော်နှင့် သုံးပေ အကွာသို့ ရောက်လာသည်။
သူမျက်နှာတွင် ဆက်ပြီး ဇဝေဇဝါ ဖြစ်နေဆဲ ဆိုသည့် အရိပ်အယောင်များ တွေ့နေရသည်။ ကျွန်တော်က အိပ်ကို လက်နှစ်ဖက် နှင့် ကိုင်ပြီး လှမ်းပေးလိုက်သည်။ သူ က အိပ်ထဲ ဘာတွေ ပါလဲဟု ငုံ့ကြည့်လိုက်သည်၊ သူ့ နောက်သို့ ဘွန်က ကပ်လာသည်၊ သူ့လက်ထဲတွင် သေနတ် နှင့် ခြေအိပ်သာ စွပ်ထား၍ ခြေအစုံက အသံမကြားရ၊ ဗိုလ်မှုး က ဒါမျိုးတွေ လုပ်စရာ မလိုပါဘူးဗျာ ဟု ပြောရင်း အိပ်ထဲ လက်နှိုက်လိုက်သည့် အခါတွင်တော့ ဘွန် ပစ်ရတော့မည့် အချိန်ကျလာသည်။ သေနတ် မောင်းကို ဆွဲရမည့် အစား ဘွန်က "ဟေး...ဗိုလ်မှူး' ဟု အသံပေးလိုက်သည်။
ဗိုလ်မှုးသည် အသံလာရာဖက်သို့ လက်တဖက်တွင် ထမင်းဗူး၊ တဖက်တွင် လက်ဆောင်အထုပ်ကို ကိုင်၍ လှည့်ကြည့်လိုက်သည်။ ကျွန်တော်က ဘေးတဖက် သို့ ထွက် ရပ်လိုက်သည်၊ ဘွန်က သူ့ဖက် လှည့်လာလာချင်း သေနတ်မောင်းကို ဆွဲလိုက်သည်။ သေနတ်သံသည် ကားဂိုဒေါင်ထဲတွင် ဟိန်းထွက်သွား၍ နားများပင် အူသွားခဲ့ရသည်။
ဗိုလ်မှုး၏ ခေါင်းသည် ကတ္တရာလမ်း နှင့် ဆောင့်မိသွားပြီး ဦးခေါင်းခွံ ကွဲအက်သွားသည်၊ အကယ်၍ သေနတ်နှင့် ပစ်၍ မသေလျင်ပင် ခေါင်း နှင့် ကတ္တရာလမ်း ဆောင့်မိ၍ သေသွားလောက်ပြီ ဖြစ်သည်။
ဗိုလ်မှုးသည် မြေကြီးပေါ်တွင် ပက်လက် လဲကျနေပြီး ကျည်ဆံဝင်သွားသည့် နဖူးတည့်တည့် တွင်လည်း တတိယ မျက်လုံးတလုံး ထွက်လာသည့်အလား အပေါက်ကြီး ဖြစ်သွားပြီး သွေးများ ဒလဟော ထွက်လာနေသည်။ ဘွန်က သွားစို့ဟု ခပ်တိုးတိုး ပြောကာ သေနတ်ကို ခါးကြားထဲ ထိုးထည့်လိုက်သည်။ ပြီးနောက် ဒူးထောက်ပြီး ဗိုလ်မှုး အလောင်းကို ဘေးစောင်း ဖြစ်အောင် လှည့်လိုက်သည်၊ ကျွန်တော်လည်း သူ့ပေးထားသော အထုတ်ကို ကောက်ကိုင်လိုက်သည်၊ အိပ်ပေါ်ရှိ ပြုံးနေသော မျက်နှာတွင် သွေးစသွေးန များ ပေကျံနေသည်။ ဗိုလ်မှုး၏ ပါးစပ်သည် သူနောက်ဆုံးပြောခဲ့သည့် စကားပြော အတိုင်း ပွင့်နေသည်။ ဘွန်သည် ဗိုလ်မှုး၏ ဘောင်းဘီ နောက်အိပ်ထဲက ပိုက်ဆံအိပ်ကို နှိုက်ယူလိုက်ပြီး မတ်တတ်ပြန်ရပ်ကာ ကျွန်တော့်အားလည်း ကားရှိရာ သို့ တွန်းလိုက်သည်။ ကျွန်တော်လည်း နာရီကို ကြည့်လိုက်တော့ ၈:၁၃ သို့ ပြနေသည်။
ကားကို ဂိုဒေါင်ရှေ့မှ မောင်းထွက်လိုက်သည်။ ကျွန်တော် တကိုယ်လုံးလည်း ကျောက်ရုပ်တရုပ်အလား မလှုပ်နိုင် မရှားနိုင်လောက်အောင် ထုံကျင်နေသည်၊ ဦးနှောက်မှသည် မျက်လုံး၊ ထိုမှတဆင့် လက်ဖျား ခြေဖျား များအထိ ရောက်လာသည်။
သူ့အနေနဲ့ အသတ်ခံရတော့မှာကို မသိလောက်ဘူးလို့ ထင်ထားတာ၊ ဘွန်က ငါ့အနေနဲ့ လူတယောက်ကို နောက်ကနေ မပစ်နိုင်လို့၊ မစိုးရိမ်နဲ့၊ သူ ဘာမှ မခံစားလိုက်ရဘူး၊ ကျွန်တော် စိုးရိမ်သည်က အမူးသမား ဗိုလ်မှုး ခံစားသွားရမလား ဆိုတာ မဟုတ်၊ ကျွန်တော့် စိတ်ထဲ ခံစားသွားရမည်ကိုသာ ပူပန်နေခြင်း ဖြစ်သည်။ ကျွန်တော်တို့ နှစ်ယောက်စလုံး အိမ်ပြန်ရောက်သည် အထိ ဘာစကားမှ ဆက်မပြောဖြစ်တော့။ အိမ်နား အရောက်တွင် နောက်ဖေး လမ်းကြားထဲသို့ ကားကို ချိုးဝင်လိုက်ပြီး လိုင်စင် ပလိပ်ပြား များကို ပြန်လဲတပ်လိုက်သည်။
အိမ်ပြန်ရောက်၍ စီးထားသည့် ဝေါ့ကင်းရှုးကို ချွတ်လိုက်သည့် အခါ ဖိနပ်ထိတ်တွင် သွေးစများကို တွေ့လိုက်ရသည်။ ဖိနပ်ကို မီးဖိုခန်းထဲ ယူသွားပြီး တစ်ရှူး နှင့် သုတ်လိုက်သည်။ ထို့နောက် ရေခဲသေတ္တာဘေး နံရံတွင် တပ်ထားသော ဖုန်းမှ ဗိုလ်ချုပ်ကြီး ထံ ခေါ်လိုက်သည်။ ဒုတိယ ခေါ်သံ အဆုံးတွင် ဟဲလို ဟု ပြန်ထူး သော ဗိုလ်ချုပ်ကြီး အသံကို ကြားရသည်။ ကျွန်တော်က ကိစ္စပြီးသွားပြီဟု ပြောလိုက်သည်တွင် တဖက်က ခေတ္တမျှ အသံတိတ်သွားပြီး good ဟု ပြန်ပြောသည်။
ကျွန်တော်လည်း ဖန်ခွက် နှစ်ခွက် နှင့် ရိုင်း ဝီစကီ ပုလင်းကို ဆွဲကာ ဧည့်ခန်းထဲ ပြန်လာသည့် အခါ ဘွန်သည် ဗိုလ်မှုး ပိုက်ဆံအိတ်ထဲ က ပါလာသည်များကို ကော်ဖီစားပွဲပေါ် သွန်ချနေသည်။ ငါတို့ ဒါတွေကို ဘာလုပ်ကြမလဲ ဟု ဘွန်းက မေးသည်။ ဒီမှာ သူရဲ့ လူမှု ဖူလုံရေး ကပ်၊ ပြည်နယ် မှတ်ပုံတင် ကပ်၊ ဗိုလ်မှုး သည် ကားလည်း မရှိ၊ ကားလည်း မမောင်းသူ ဖြစ်၍ သူ့တွင် ယာဉ် မောင်းလိုင်စင် မရှိ၊ ဈေးဝယ် ဖြတ်ပိုင်းများ၊ နှစ်ဆယ့် နှစ် ဒေါ်လာ နှင့် အကြွေစေ့များ၊ ဓါတ်ပုံ အချို့၊ သူ၏ မင်္ဂလာဆောင် နေ့က ဇနီး ဖြစ်သူ နှင့် တွဲရိုက်ထားသော အဖြူ အမဲ ဓါတ်ပုံ၊ ထိုထဲတွင် သတိုးသမီးသည် အနောက်တိုင်း ဝတ်စုံ နှင့် ငယ်ရွယ် နုပျိုနေဆဲ ဖြစ်သည်။ ဗိုလ်မှုး ကတော့ ထို အချိန်ကတည်းက ဝ ဖိုင့်ဖိုင့် နှင့် တွေ့ရသည်။ သိတ်မကြာ သေးခင်က ရိုက်ထားသော သူ့ကလေး အမွှာပူး နှစ်ယောက် ၏ ရောင်စုံ ဓါတ်ပုံ လည်း ပါသည်။ မီးရှို့ပစ်လိုက်၊ ပိုက်ဆံအိတ်၊ လိုင်စင် ပလိပ်ပြား တွေ၊ ပလပ်စတစ် အိတ် နဲ့ ပြာ တွေ ကို မနက်ဖန် ကျ ငါ သွားလွှင့်ပစ်လိုက်မယ် ဟု ကျွန်တော်က ပြန်ပြော လိုက်သည်။
ရိုင်း ဝီစကီ ခွက်ကို ဘွန်ထံ ကမ်းပေးရင်းက သူ့လက်က အနီရောင် သမ်းနေသော အမာရွတ်ကို သတိထားမိလိုက်သည်။ ဒါ ဗိုလ်မှုး အတွက် ဟု ဘွန် က တို့စ် လုပ်လိုက်သည်။ ရိုင်း၏ အရသာ က ဆေး လို ခါးသက်သက် ဖြစ်နေ၍ ဒုတိယ တခွက်ကို အမြန် မော့သောက်လိုက်ရသည်။ ထို့နောက် တွင်တော့ တခွက်ပြီး တခွက် ဆင့်သောက်ရင်း တီဗီ မှ Fourth of July အခမ်းအနား ပြကွက် များ ကို ထိုင်ကြည့်နေခဲ့သည်။
ယင်းသည် သာမန် နှစ်ပတ်လည် နေ့မျိုး မဟုတ်၊ အင်အား တောင့်တင်းလှသည့် နိုင်ငံကြီး ၏ နှစ် နှစ်ရာ ပြည့်ပွဲလည်း ဖြစ်သည်။ ထိုနိုင်ငံကြီးသည် မကြာမီက ပြုလုပ်ခဲ့သော စစ်ရေး စွန့်စားမှုများကြောင့် အနည်းငယ် အားအင်ကုန်ခန်းပြီး မူးနောက် နောက် ဖြစ်နေပုံ ရသော့်လည်း ယခု အခါတွင်တော့ မတ်တပ် ပြန်ထပြီး တိုက်ပွဲ ဝင်ရန် အသင့်ဟု ဝေဖန် လေကန်ရေး သမား များထံမှ စကားသံများ ထွက်လာနေပြီ ဖြစ်သည်။
ကျွန်တော်တို့လည်း လိမ္မော်သီး သုံးလုံးစီ စားပြီး အိပ်ယာ ဝင်ခဲ့ကြသည်။ အိပ်စင် ပေါ်တွင် လဲလျောင်းရင်း မျက်စီ မှိတ်ထားလိုက်သည်။ ကျွန်တော် အတွေးစိတ်များ၏ ပရိဘောဂများကို ပြန်စီ နေမိသည်။ မြင်ခဲ့ရသမျှ ကို ပြန်စဉ်းစားရင်း တုန်လှုပ်နေမိသည်။ မျက်လုံး ဖွင့် ပြန်လည်း မည်သို့မျှ ထူးမခြားနား၊ မျက်လုံး ဖွင့်သည် ဖြစ်စေ ပိတ်သည် ဖြစ်စေ၊ အမူးသမား ဗိုလ်မှုး၏ နဖူးက တတိယ မျက်လုံးကို မြင်ယောင်နေဆဲပင် ဖြစ်သည်။ ထိုမျက်လုံး က အကြောင်းစုံ ကို သိသွား၍ ငိုကြွေးနေလေပြီ။
*****************