ဂေါ်ကီ ၏ အမေ(33)

by Hla Soewai - Oct 20 2025

ဤသည်က သားဖြစ်သူ မှ သူမအား ပထမဆုံး ပေးလာသည့် တာဝန်လည်း ဖြစ်သည်။ အမေသည် သူ့အား အခုလို ပွင့်ပွင့်လင်းလင်း ပြောလာ၍ ဝမ်းသာသွားမိသည်။ သူသည် သားဖြစ်သူ ၏ အလုပ်တွင် အသုံးတည့်မည်သူ တဦးလည်း ဖြစ်လာနိုင်သည်။

 

"အမေ အဲ့တာတွေ အားလုံး နားလည်တယ် သား၊ ဒါက ဓါးပြ တိုက်တာမျိုး၊ သူ့နာမည်က ဘယ်သူ၊ ရီဂေါ အီဗန်နိုဗစ်ခ်ျ လား"

 

"ဟုတ်တယ် အမေ" ဟု ပါဗယ်က နူးနူးညံ့ညံ့ ပြုံးရင်း ပြောလိုက်သည်။

 

အမေသည် ညနေစောင်းတွင် ပြန်ရောက်လာသည်၊ နွမ်းနယ်နေပုံရသော်လည်း ကျေနပ်နေပုံရသည်။

 

"ဆာရှင်ကာ ကို အမေ တွေ့ခဲ့တယ် သား၊ သားကိုလည်း သတိရတဲ့ အကြောင်း ပြောပေးပါတဲ့၊ ရီဂေါ အီ‌ဗန်နိုဗစ်ခ်ျ က အတော်‌လေး ရိုးတဲ့သူငယ်ကွယ့်၊ ရယ်စရာ တွေ လည်း အရမ်းပြောတာပဲ"

 

"သူတို့ကို အမေ သ‌ဘောကျလာတယ် ဆိုလို့ ကျွန်တော် ဝမ်းသာပါတယ်"

 

"သူတို့က လူရိုးတွေကွဲ့၊ လူတွေ ရိုးသားကြတာ ကောင်းပါတယ်ကွယ်၊ သားကိုလည်း သူတို့ တလေးတစား ရှိကြသား"

 

နေုာက်တနေ့ တနင်္လာနေ့တွင် ပါဗယ်သည် ခေါင်းကိုက် နေ၍ အလုပ်မဆင်းပဲ အိမ်မှာ ပင် နေ နေသည်။ ညစာ စားချိန်တွင် ဖီဒါ မာဇင်သည် အိမ်သို့ ကမျောသမော ပြေးလာသည်၊ သူသည် အသက်ရှု မဝ ဖြစ်နေသော်လည်း စိတ်လှုပ်ရှားပြီး ပျော်နေပုံ ရသည်။

 

"ဟေး..စက်ရုံ တခုလုံး ဆူပူ ကုန်ကြပြီ၊ မင်းကိုလည်း အခေါ် လွှတ်လိုက်တယ်၊ ဆီဇော့ဗ် နဲ့ မာကောတင် တို့ကလည်း အခြားလူတွေ ထက် စာရင် မင်းပဲအကျိူးသင့် အကြောင်းသင့် ရှင်းပြနိုင်တဲ့ ရှိတယ်လို့ ပြောနေကြတယ်"

 

ပါဗယ်က ဘာမှ မပြောဘဲ အဝတ်အစား ကောက်လဲ လိုက်သည်။

 

"အမျိုးသမီး အုပ် ကြီး လည်း ‌ရောက်နေပြီး အော်ဟစ် ဆူပူ နေကြပြီ"

 

"အမေ လည်း လိုက်မယ်၊ သားက ကောင်းကောင်း နေကောင်းတာ မဟုတ်ဘူး၊"

 

ကဲ...လာ" ဟု ပါဗယ်က တိုတိုတောင်းတောင်း ပင် ပြောလိုက်သည်။

 

သူတို့အားလည်း လမ်းတလျောက် ဘာစကားမှ ထပ်မပြောဘဲ ခပ်သွက်သွက် လျှောက်လာကြသည်။ အမေသည် စိတ်လှုပ်ရှားနေသည်က တကြောင်း၊ မပြေးယုံ တမယ် လျှောက်လာရ၍ တကြောင်း ဟောဟဲ..ဟောဟဲ ဖြစ်နေသည်။ သူမ စိတ်ထဲတွင်လည်း တခုခုတော့ အကြီးအကျယ် ဖြစ်တော့မည်ဟု ထင်နေမိသည်။

 

စက်ရုံ ဂိတ်ဝ တွင်တော့ အမျိုးသမီး ထု ကြီးသည် သူတို့ အချင်းချင်း ပြောသံ ဆိုသံများ ဖြင့် ဆူညံနေသည်။ လူအုပ်ကြီး ကြား တွန်းရင်း တိုက်ရင်း သူတို့သုံးဦး စက်ရုံ ဝင်းထဲ ရောက်လာကြသည်။ အထဲတွင် ပိုများသော လူအုပ်ကြီး ကို တွေ့လိုက်ရပြီး စိတ်အား တက်ကြွစွာ အချင်းချင်း ပြောဆိုနေကြသည်။

 

သူတို့ အားလုံး၏ ဦးခေါင်းများက ပန်းပဲဖို ရှိရာ နံရံ သို့ လှည့်နေကြသည်ကို အမေ မြင်လိုက်ရသည်။ ထို နေရာ တွင် ဆီဇော့၊ မာကောတင်၊ ဗီယာလော့ဗ် အပါအဝင် အခြား အရေးပါပုံရသည့် အလုပ်သမား ငါး‌ယောက် ခြောက်ယောက်ခန့်သည် စက်ရုံဝင်းထဲရှိ အုတ်နီခဲများ ခင်းထားသည့် လမ်း ပေါ် စုပုံ ထားသော သံတို သံစ ပုံ ကြီး ပေါ်တွင် မတ်တပ်ရပ်နေကြပြီး လက် တရမ်းရမ်း နှင့် ပြောဆိုနေကြသည်။

 

"ဗီလာဆော့ဗ် ‌လာနေပြီ ဟေ့" ဟု တယောက်က လှမ်းအော်လိုက်သည်။

 

"ဗီလာဆော့ဗ် လား၊ ဒီကို လာပစေ"

 

ပါဗယ်အား ဆွဲခေါ်လာပြီး ရှေ့သို့ တွန်း ပို့ လိုက်ကြသည်။

 

"တဆိတ်လောက် တိတ်တိတ်နေပေးကြပါ" ဟု အော်သံများလည်း နေရာ အနှံ့က ထွက်လာသည်။ အနီးအနား မှ အော်လိုက်သော ရိုင်ဘင် အသံကိုလည်း ကြားလိုက်ရသည်။

 

"ကျွန်တော်တို့ ပိုက်ဆံကြောင့် မဟုတ်ဘဲ တရားမျှတ မှုဖက်က ရပ်တည်သွားရမှာပါ၊ ပိုပြီး တန်ဖိုးထားရမှာက ကျွန်တော်တို့ရဲ့ ကော်ပက် မဟုတ်ဘူး၊ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ရဲ့ ကော်ပက်တွေဟာ အခြား ကော်ပက်တွေထက်လည်း ပိုပြီး လုံးဝန်းနေတာ မဟုတ်ဘူး၊ ဒါပေမယ့် ပိုပြီးတော့ လေးတယ်။ အဲ့ဒီ အထဲမှာ ကျွန်တော်တို့ရဲ့ အသွေးအသား တွေ ထည့်ထားရတဲ့ အတွက် မန်နေဂျာ လက်ထဲက တရူဘဲလ် ပိုများနေလို့ပဲ။ ဒါဟာ အမှန်တရားပဲ။

(ကော်ပက် (Kopeck) ၁၀၀ သည် ၁ ရူဘယ် နဲ့ ညီမျှသည်။)

 

ပါဗယ်၏ စကားကြောင့် လူအုပ်ကြီးသည် မီးကို ရေနှင့် ငြိမ်းလိုက်သလို ညိမ်ကျသွားသည်။

 

ထို့နောက်တွင်တော့ "ဟုတ်တယ်၊ ဒါအမှန်ပဲ၊ ကဲ..ရိုင်ဘင်"

 

"တိတ်စမ်း၊ နတ်ဆိုး ခေါ်သွားမှ အေးမယ့် ကောင်မျိုးတွေ"

 

"ဒါမှ ဗီလာဆော့ဗ် ကွ"

 

လူအုပ်ကြီး ထံမှ တယောက်တပေါက် အော်ဟစ်သံများသည် ဆူညံနေသော စက်သံများ၊ မီးခိုး ခေါင်းတိုင်မှ မှုတ်ထုတ်လိုက်သော ရေနွေးငွေ့ ၏ တရှဲရှဲ မြည်သံများ၊ စက်ပတ် သားရေ ကြိုးများ၏ တဖြတ်ဖြတ် မြည်သံများ ကို လွှမ်းမိုးသွားခဲ့သည်။ လူများက စက်ရုံ၏ နေရာ အနှံ့မှ လက်များ ဝှေ့ရမ်းပြီး ပြေးလာနေကြသည်။ အချင်းချင်းလည်း ဒေါသတကြီး ပြောဆို ငြင်းခုံနေကြသည်။

 

၎င်းတို့စိတ်ထဲ မခံချိ မခံသာ ဖြစ်နေမှုများကို သက်သာလို သက်သာငြား ပြောဆိုနိုင်မည့် ထွက်ပေါက် မျိုး မရှိ ဖြစ်နေသည်။ အမြဲလို ရင်ထဲ သိုဝှက်ထားရစမြဲ ဖြစ်သည်။ ယခုအခါ တွင်တော့ ရင်ထဲက အစိုင်အခဲများ ပွင့်ထွက်လာနေပြီး ပါးစပ်ကလည်း ဒလစပ် ဆိုသလို မရပ်မနား ပြောနေကြခြင်း ဖြစ်သည်။

 

လေထဲသို့ ငှက်ကြီးတကောင်သည် ရောင်စုံ တောင်ပံ့များကို ဖြန့်ကာ တဟုန်ထိုး ပျံတက်သွားပြီး လူများကိုလည်း သူ့နောက်သို့ တန်းလန်းကြီး ပါလာရန် ဆွဲခေါ်သွား၍ အချင်းချင်း ရိုက်ခတ် ထိမှန်သလို မျိုး ဖြစ်နေသည်။

 

ယင်းသည် တောက်လောက်နေသော အမျက်‌ဒေါသ အဖြစ် ပြောင်းလဲသွားပြီး အသက်ပြန်ဝင်လာသည်။ ဖုန်မှုန့်များ မီးခိုးများက တိမ်တိုက်သဖွယ် လူများ အပေါ် ဖုံးလွှမ်းနေ၍ မည်းနက်နေသော သူတို့ ပါးပြင်တွင် အမည်းရောင် ချွေးစီးကြောင်းများ စီးကျလာနေသည်။ မျက်လုံးများက ဝင်းဝင်းတောက်နေပြီး သွားများလည်း တလက်လက် နှင့် တွေ့နေရသည်။