ရာမယာန ၏ ဒုတိယ ဇာတ်ကွက်သည်ကား ရာမ မင်းသား ၊ ၎င်း၏ ချစ်သူ သီတာ၊ သီတာကို ပြန်ပေးဆွဲခဲ့သည့် မကောင်းဆိုးဝါး တို့၏ ဘုရင် ရာဝန တို့၏ သုံးပွင့် ဆိုင် အချစ်ဇာတ်လမ်း ဖြစ်သည်။ "ယောက်ျားလေးတဦး က မိန်းကလေး တဦးနှင့် ဆုံသည်"၊ မိန်းကလေး နှင့် ပတ်သက်ပြီး ယောက်ျားလေး တဦး နှင့် တဦး ခိုက်ရန် ဖြစ်ပွားကြသည်" ဆိုသည် တို့က မရေတွက်နိုင်သော နို့တိုက်သတ္တဝါများ၊ ငှက်များ၊ တွားသွား သတ္တဝါများ၊ ငါးများသည် နှစ်သန်းပေါင်းများစွာ သရုပ်ဆောင်ခဲ့ကြသည့် ဇီဝ ပြဇာတ်များပင် ဖြစ်သည်။
ကျွနုပ်တို့သည် ထိုအကြောင်းများ၏ ညို့ယူ ဖမ်းစားခြင်း ခံခဲ့ကြရသည်။ ထိုအကြောင်းများကို နားလည် ထားခြင်းသည် ကျွနုပ်တို့၏ ဘိုးဘေးဘီဘင်များ ရှင်သန် နိုင်ဖို့ မရှိမဖြစ် လိုအပ်နေသည်အ ကြောင်းများကို သိထားခြင်းလည်း ဖြစ်သည်။ ဟိုးမား၊ ရှိတ်စပီးယား၊ ရာမယာန ကို ရေးသူ ဟု ယူဆခံရသူ ဗာမီကီ ကဲ့သို့ ဇာတ်လမ်းရေးသူ လူသားများသည် ဇီဝပြဇာတ်များကို အသေးစိတ်ချယ်မှုန်း ရေးသားနိုင်သည့် အံ့ချည်းဖွယ် စွမ်းရည်များ ပြသ နိုင်ခဲ့ ကြသူများ ဖြစ်သည်။ အကြီးကျယ်ဆုံး ဖြစ်ခဲ့သည့် ကဗျာဇာတ်ကြောင်းကြီးများပင် လျှင် ၎င်းတို့၏ အခြေခံ ဇာတ်လမ်းကျောရိုးကို ဆင့်ကဲ ပြောင်းလဲမှု ဆိုင်ရာ ကျမ်းမှ ကူးယူလေ့ ရှိကြသည်။
ရာမယာန ၏ တတိယ ဇာတ်လမ်း ဇာတ်ကွက်သည်ကား သန့်စင်မှု နှင့် မသန့်စင်မှု တို့ အကြား အားပြိုင်မှု ပင် ဖြစ်သည်။ သီတာ သည် ဟိန္ဒူ ယဉ်ကျေးမှု တွင် ပြစ်မျိုး မှဲ့မထင်သည့် သန့်စင်မှု တရားတွင် စံတင်လောက်သူ အဖြစ် ယူဆကြသည်။ ယဉ်ကျေးမှုများအတွင်း သန့်ရှင်းစင်ကြယ်မှုကို အလေးထားမှု သည် ညစ်ညမ်းခြင်းမှ ကင်းဝေးစေရန် သတ္တဝါတို့ ဆင့်ကဲဖြစ်ပေါ်လာစဉ်ကတည်းက ရုန်းကန်ကြိုးပမ်းခဲ့ရာမှ အခြေခံလာခြင်း ဖြစ်သည်။
တိရစ္ဆာန်များ အားလုံးသည် အစားအစာ အသစ်များ ရရှိဖို့ ကြိုးပမ်းရန် လိုအပ်မှု နှင့် အဆိပ်သင့် ခံရမည့် အရေး စိုးရိမ်နေမှု အကြား လွန်ဆွဲနေကြသည်။ ထို့ကြောင့် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်သည် တိရစ္ဆာန် များအား စူးစမ်းလိုစိတ် နှင့် အဆိပ်အတောက် သို့မဟုတ် အန္တရာယ် ရှိသည်များ နှင့် ထိတွေ့မိက ရွံရှာသည့် စိတ်များ ရှိလာစေရန် ပြုလုပ်ပေးလာခဲ့သည်။
နိုင်ငံရေး သမား များ နှင့် ပရောဟိတ်များသည် ရွံရာဖယ် ကောင်းသည့် စိတ်ကို မည်သို့ ချယ်လှယ် ကြိုးကိုင် ရမည်ကို လေ့လာ သိရှိခဲ့ပြီး ဖြစ်သည်။ အမျိုးသားရေး နှင့် ဘာသာရေး ယုံတမ်းပုံပြင်များတွင် နိုင်ငံများ နှင့် ဘုရားကျောင်းများအား မသန့်စင်သည့် ကျုးကျော်လာသူများကြောင့် အန္တရာယ် ဖြစ်စရာ ဇီဝ အဖွဲ့အစည်းများ အဖြစ် ပုံဖေါ်ထားခဲ့ကြသည်။
ရာစု နှစ်ပေါင်းများစွာ တယူသန်များက လူမျိုးရေး နှင့် ဘာသာရေး ဖက်တွင် လူနည်းစု ဖြစ်နေသူများသည် ရောဂါပိုးများ ဖြန့်ဖြူးပေးနေသူများ ဟု ၎င်း၊ LGBTQ များအားလည်း ညစ်ညမ်းမှု အစပျိုးရာ အရင်းအမြစ်များ အဖြစ် ၎င်း၊ အမျိုးသမီးများအား မသန့်စင်သူများ အဖြစ်၎င်း မကြာခဏ ဆိုသလို ပြောဆိုခဲ့ကြသည်။
၁၉၉၄ ရဝမ်ဒါ တွင် လူမျိူးတုန်း သတ်ဖြတ်မှု ကြီး ဖြစ်ပွားခဲ့စဉ် အတွင်း တူစီ များအား ပိုးဟတ်ကောင်များ အဖြစ် ရည်ညွှန်းခဲ့ကြသည်။ နာဇီ များက ဂျူးများကို ကြွက်များနှင့် နှိုင်းယှဉ်ခဲ့ကြသည်။ ချင်ပန်ဇီ များသည်လည်း အခြားမျိုးနွယ်စု များမှ ၎င်းတို့ နှင့် ရင်းနှီး ကျွမ်းဝင်ခြင်း မရှိသော ချင်ပန်ဇီ များကို ရွံရှာဖွယ် အဖြစ် ဆက်ဆံခဲ့ကြသည်ကို စမ်းသပ် မှု များအရ သိရှိခဲ့ကြရသည်။
ရိုးရာ ဟိန္ဒူယဉ်ကျေးမှုလောက် "သန့်ရှင်းမှုနှင့် ညစ်ညမ်းမှု" ဆိုသည့် ဇီဝဗေဒဆိုင်ရာ အဓိကပြဿနာကို ပြင်းပြင်းထန်ထန် အစွန်းရောက်အောင် လက်ခံကျင့်သုံးခဲ့သည့် တခြားယဉ်ကျေးမှု မရှိသလောက် ဟု ဆိုနိုင်သည်။ ထိုယဉ်ကျေး မှု ဖြင့် စင်ကြယ်သည်ဟု ၎င်းတို့ လူ့အဖွဲ့အစည်း အတွင်း လက်ခံ ယုံကြည်ထားကြသော 'ဇာတ်' စနစ်ကို တည်ဆောက်ခဲ့ကြသည်။ အထက်ဆုံးတွင် သန့်စင်သော 'ဗြဟ္မဏ' များရှိပြီး၊ အောက်ဆုံးတွင် ညစ်ညမ်းသည်ဟု စွပ်စွဲခံရသော 'ဒလစ်' (Dalit - ယခင်က ဇာတ်နိမ်ဟု လူသိများသူ) များ ရှိသည်။
အသက်မွေး ဝမ်းကြောင်း လုပ်ငန်းများ၊ ပစ္စည်း ကိရိယာများ၊ နေ့စဉ် လုပ်ငန်း ဆောင်တာများ၊အား သန့်စင်မှု အတိုင်းအတာ ဖြင့် ခွဲခြား သတ်မှတ်ထားသည်။ "သန့်ရှင်း စင်ကြယ် မှု မရှိသူများ" နှင့် "သန့်ရှင်းစင်ကြယ်သူများ" လက်ထပ် ထိမ်းမြားခြင်းကို ပိတ်ပင်ထားသည်။ ထိုမျှ မက မသန့်ရှင်းသူများ အနေဖြင့် သန့်ရှင်းသူများ အား လက်နှင့် ထိခြင်း၊ အစားအသောက် ချက်ပြုတ် ပြင်ဆင်ပေးခြင်း၊ အနီးအနားသို့ ပင် လာခွင့်မပြုခြင်းဆိုသည့် တင်းကျပ်သော စည်းမျဉ်းများ ရှိထားသည်။
ခေတ်သစ် အိန္ဒိယ သည်လည်း ၎င်းတို့၏ လူနေမှု ဘဝ များကို လွှမ်းမိုးနေသည့် ထိုအမွေ အနှစ်များကြား ရုန်းကန်နေရဆဲ ဖြစ်သည်။ ဥပမာ ဆိုရက အထက်တွင် ပြောခဲ့ပြီး ဖြစ်သည့် clean Indian Mission နှင့် သန့်ရှင်းစင်ကြယ်ခြင်း မရှိမည်ကို စိုးရိမ်ကြောက်ရွံမှု များကြောင့် အမျိုးမျိုးသော ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်၊အဘယ်ကြောင့် ဆိုသော် "သန့်စင်သည်" ဟုဆိုသူများသည် အိမ်သာဆောက်လုပ်ခြင်း၊ ထိန်းသိမ်းခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း စသည့် "မသန့်စင်သော" လုပ်ငန်းများတွင် ပါဝင်ရန် သို့မဟုတ် "မသန့်စင်သော" ဟုဆိုသူများနှင့် အများသုံးအိမ်သာများကို မျှဝေသုံးစွဲရန် တွန့်ဆုတ်နေကြခြင်းများ ကြောင့် ဖြစ်သည်။
၂၀၁၉ စက်တင်ဘာ ၂၅ ရက်တွင် ဘာကာဒီ ရွာတွင်အသက် နှစ်ဆယ် အရွယ်ရှိ ရို့ရှ်နီ ဗာမီကီ နှင့် သူမ၏ ဆယ်နှစ် အရွယ် တူ ဖြစ်သူ အာဗီနက်ရှ် ဆိုသည့် ဒလစ် (ဇာတ်နိမ့်) သူ နှစ်ဦးသည် ၎င်းတို့ထက် ဇာတ်အားဖြင့် အဆင့်မြင့်သူ ရာဒပ် အမျိုးအနွယ် ဝင် မိသားစု တစု၏ အိမ်အနီးတွင် အလေး သွားမိသည့် အတွက် လူအုပ်စု ဖြင့် နှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်။
၎င်းတို့ နှစ်ဦးစလုံး၏ အိမ်များတွင် အိမ်သာဟူ၍ မရှိကြသဖြင့် လူမြင်ကွင်း တွင်ပင် အလေး သွားခဲ့ကြရခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ကျေးရွာ တာဝန်ရှိသူ တဦး က ရှင်းပြရာတွင် ၎င်းတို့ အိမ်ထောင်စုများသည် ရွာတွင် အဆင်းရဲဆုံး ဖြစ်သော်လည်း အစိုးရ၏ အိမ်သာ ဆောက်ပေးမည့် စာရင်းတွင် ဖယ်ထုတ်ထားခြင်း ခံရသည်ဟု ဆိုသည်။ ကလေးများသည် ထိုသို့ ဇာတ်ခွဲခြား ဆက်ဆံခံရမှု၏ သားကောင်များ ဖြစ်ခဲ့ကြရသည်။ ဥပမာ ကျောင်းတွင် ၎င်းတို့ အသုံးပြုရမည့် ဖျာ များ၊ အသုံးအဆောင်များကို အိမ်မှ ယူလာခိုင်းပြီး ညစ်ညမ်းမှု များ မကူးစက်ရန် အခြား အတန်းသားများ နှင့် အတူ ထိုင်ခွင့် မပေးခဲ့ကြပေ။