လူသား ကွန်ယက်(42)

by Hla Soewai - Sep 26 2025

ယနေ့ခေတ် တွင် အသုံးပြုနေသည့် ခေတ်မီ မိလ္လာစနစ် မပေါ်ပေါက်မီက ရေမှ ပေါက်ဖွားလာသော ကူးစက် ပိုးများကြောင့် ဝမ်းကိုက်ရောဂါ၊ ကာလဝမ်းရောဂါ များ ဖြစ်ပွားပြီး ကမ္ဘာတဝှမ်း လူသန်းပေါင်းများစွာ သေဆုံးခဲ့ကြရပြီး ဖြစ်သည်။

 

၁၈၅၄ တွင် ကာလဝမ်း‌ ရောဂါ ကြောင့် လန်ဒန် မြို့သူ မြို့သား ရာပေါင်းများစွာ သေဆုံးခဲ့ရသည်။ ထိုအချိန် သိသိသာသာ ပြင်းထန်ခြင်း မရှိခဲ့သော်ငြားလည်း ထိုဖြစ်ရပ်သည် ကာလဝမ်းရောဂါသမိုင်း၊ ယေဘုယျအားဖြင့် ကူးစက်ရောဂါများနှင့် မိလ္လာစနစ် သမိုင်းတို့တွင် အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့သည်။ ထိုခေတ်က ဆေးပညာရှင်တို့မှ ကာလဝမ်းရောဂါသည် "ညစ်ညမ်းသော လေ" ကြောင့် ဖြစ်ရသည်ဟု ဆွေးနွေး ငြင်းခုံခဲ့ကြသည်။

 

ထိုအထဲတွင် ဆေးသိပ္ပံ ပညာရှင် ဂျွန် စနိုးကမူ ရေပေးဝေမှု မှ ဖြစ်ရမည်ဟု သံသယ ရှိလာခဲ့သည်။

၎င်းသည် ပင်ပန်း ဆင်းရဲခံ၍ ၎င်း သိထားသမျှ ကာလဝမ်းရောဂါ ဖြစ်ပွားခဲ့သူများထံ ခြေရာခံပြီး ၎င်းတို့၏ နေရပ်ဒေသ၊ ရေရရှိမှု အရင်းအမြစ်များကို စာရင်းပြုစုခဲ့သည်။ ထွက်ပေါ်လာသော စာရင်းဇယား များအရ လက်သည် တရားခံသည် ဆိုဟို အရပ် ဘရော့ လမ်းမကြီးရှိ ရေပန့် မှ ဖြစ်သည် ဟု သက်သေ ပြနိုင်ခဲ့သည်။

 

ဤသည်က အချက်အလက်များကို ပြုစုရ၊ အမျိုးအစား အလိုက် ခွဲခြားရ၊ ပုံစံ ကားချပ်ထဲ သွင်းရ နှင့် လွန်စွာ ပင်ပန်း ငြည်းငွေ့ဖွယ် ကောင်းလှသည့် ဗျူရိုကရက် လုပ်ငန်းစဉ် တခုဖြစ်သော်လည်း လူ့အသက်များကို ကယ်တင်နိုင်ခဲ့သည်။ စနိုးသည် ၎င်းတွေ့ရှိလာသည်များကို ဒေသခံ အရာရှိများကို ရှင်းပြပြီး ဘရော့လမ်း ရှိ ပန့် ကို ရပ်ပေးရန် အောင်မြင်စွာ ဖျောင်းဖြနိုင်ခဲ့သဖြင့် ရောဂါ ဖြစ်ပွားမှု ရပ်တန့်သွားခဲ့သည်။ နောက်ပိုင်း သုတေသန ပြုချက်များအရ

ဘရော့လမ်း ရှိ ပန့် ကို ပေးနေသော ရေ သည် ဝမ်းရောဂါ ပိုး ကူးစက်နေသည့် မိလ္လာတွင်းမှ တမီတာ အကွာပင် မရှိသည့် ရေတွင်းမှ လာသည်ကို သိရှိသွားခဲ့သည်။

 

စနိုး၏ ရှာဖွေတွေ့ရှိခဲ့များမှ အစပြုပြီး နောက်ပိုင်းတွင် သိပ္ပံ ပညာရှင်များ၊ အင်ဂျင်နီယာများ၊ ရှေ့နေများ၊ အရာရှိများ က မိလ္လာတွင်းများ၊ ရေပန့်များ နှင့် မိလ္လာပိုက်လိုင်းများ ကို စည်းကမ်းတကျ ဖြစ်အောင် စည်းမျဉ်းများ ချမှတ်လာခဲ့သည်။ ယခုအခါ အင်္ဂလန် တွင် ရေတွင်းများ တူးခြင်း၊ မိလ္လာကန်များ ဆောက်လုပ်ရန် အတွက် ဖောင်များ ဖြည့်သွင်းရပြီး လိုင်စင်များ လျှောက်ထားရသည်။ သို့မှသာ သောက်သုံးရေသည် မိလ္လာကန်နား ကပ်တူးထားသော တွင်းမှ လာမည့် အရေးကို ဟန့်တားနိုင်ခဲ့သည်။

 

ထိုစနစ်သည် ကောင်းစွာ အလုပ်ဖြစ်နေသည့် အခါ မည်သို့ ဖြစ်လာခဲ့ရသည်ကို အလွယ်တကူပင် မေ့လျော့သွားခဲ့ကြသည်။ သို့သော် ၁၈၅၄ မှ စ၍ လူသန်းပေါင်းများစွာ၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်။ ခေတ်သစ် နိုင်ငံများ၏ ဝန်ဆောင်မှု များထဲတွင် အရေးအပါဆုံး လုပ်ငန်းတရပ်လည်း ဖြစ်သည်။

 

၂၀၁၄ တွင် အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီသည် အိန္ဒိယ တွင် အိမ်သာများ လုံလောက်စွာ ရှိမနေခြင်းသည် အကြီးမားဆုံး ပြဿနာ ဖြစ်ကြောင်း ‌သိရှိလာခဲ့သည်။ အကာအရံ မရှိ အ‌လေးသွားခြင်းသည် ကာလဝမ်းရောဂါ၊ ဝမ်းကိုက် ဝမ်းလျော ရောဂါများ ဖြစ်စေသည့် ရောဂါပိုးများ ပျံ့နှံ့ ခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည့်အပြင် အမျိုးသမီးများ၊ မိန်းမပျို များကို လိင်ပိုင်းဆိုင်ရာ စော်ကားအောင် လှုံ့ဆော်ပေးသလို ဖြစ်လာခဲ့သည်။

 

သန့်ရှင်းသော အိန္ဒိယ ဖြစ်ရေး ဆိုသည့် ၎င်း၏ ပဲ့ကိုင်စီမံချက် အတွက် မိုဒီသည် နိုင်ငံသားများ အားလုံး အိမ်သာ အသုံးပြု နိုင်ရမည်ဟု ကတိပေးလာခဲ့ပြီး ၂၀၁၄ နှင့် ၂၀၂၀ အကြား ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြုပ်နှံပေးလာခဲ့သည်။ အိမ်သာ အလုံးရေ သန်း တရာ ကျော် ခန့် ဆောက်လုပ်ပေးခဲ့သည်။

 

မိလ္လာ ဆိုသည်က မော်ကွန်း ကဗျာ လင်္ကာများ တွင် မပါဝင်နိုင်သော်လည်း နိုင်ငံ တနိုင်ငံ၏ စနစ်တကျ လည်ပတ် နိုင်မှု ရှိမရှိ စမ်းသပ်နိုင်သည့် အရာတခု ဖြစ်သည်။

 

ဇီဝ ဒရာမာ များ

 

ဒဏ္ဍာရီ နှင့် ဗျူရိုကရေစီသည် ကြီးမား ကျယ်ဝန်းလှသော လူ့အဖွဲ့အစည်း တိုင်းတွင် ဒေါက်တိုင်ကြီး နှစ်တိုင် အဖြစ် ရပ်တည်နေကြသည်။ ဒဏ္ဍာရီ သည် စိတ်ကူး စိတ်သန်းများ ထွက်ပေါ်လာအောင် လှုံ့ဆော်ပေးပြီး ဗျူရိုကရေစီ သည် သံသယ ပွားအောင် လုပ်ပေးခဲ့သည်။

 

ဗျူရိုကရေစီ မှ အကျိုးရှိစေမည့် ဝန်ဆောင်မှု လုပ်ငန်းများ ဖြင့် ပံ့ပိုးပေးနိုင်ခဲ့သော်လည်း လူအများ၏ ယုံကြည်မှု ရရှိရန် မဆောင်ကျဉ်း နိုင်ခဲ့ပေ။ ဗျူရိုကရေစီ ‌‌ဆိုသည့် စကားသည်ပင် လူအများ အတွက် အဓိပ္ပါယ်အရ မကောင်းသည့်ဖက်က ယူဆထားကြသည်။ ထိုသို့ ယူဆခဲ့ကြသည်မှာလည်း ဗျူရိုကရေစီ စနစ် တခုသည် အကျိုးပြုသလား၊ အန္တရာယ် ရှိသလား ဆိုသည်ကို မူလကတည်းက သိရှိဖို့ ခက်ခဲ‌ နေသော ကြောင့် ဖြစ်သည်။ ဗျူရိုကရေစီ သည် ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ တူညီသော ပင်ကို လက္ခဏာ သည်ကား တခုတည်းသာ ရှိပြီး ယင်းအား လူသားများ အဖို့ နားလည်ရန် ခက်ခဲနေကြသည်။

 

မည်သည့် ကလေးငယ် မဆို မည်သူသည် မိတ်ဆွေ၊ မည်သူသည် ၎င်းအား အနိုင်ကျင့်သူ ဖြစ်သည်ကို ခွဲခြား နိုင်စွမ်း ရှိသည်။ သို့သော် အခွန်ကောက်ခံသူ တဦးသည် သင်၏ ဝင်ငွေထဲမှ တစိတ်တပိုင်းကို ယူရန် ရောက်လာပါက ထိုငွေ ဖြင့် အများအတွက် မိလ္ဘာ သန့်စက်ရုံ တည်ဆောက်မည်လော၊ သမ္မတ အတွက် အပန်းဖြေ အိမ်တော် ဆောက်ပေးဖို့ လော ဆိုသည်ကို မည်သို့မျှ ပြောနိုင်စွမ်း ရှိမည် မဟုတ်ပေ။ သက်ဆိုင်သည့် သတင်းအချက်အလက်များ ရရှိဖို့ကလည်း လွန်စွာ ခဲယဉ်း‌နေပေလိမ့်မည်။ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ဖို့က ပို၍ပင် ခက်ခဲပေမည်

 

အလားတူပင် နိုင်ငံသားများ အဖို့က ဗျူရိုကရေစီ၏ လုပ်ထုံး လုပ်နည်းများ ဖြစ်သော စာသင်ကျောင်းများက တပည့် များကို မည်သို့ပုံစံဖြင့် လက်ခံနေကြသနည်း၊ ဆေးရုံများ တွင် လူနာများကို မည်သို့ ကုသ ပေးနေသနည်း၊ အမှိုက်သရိုက်များကို စုဆောင်းပြီး မည်သို့ မည်ပုံ ပြန်၍ အသုံးပြုနေသနည်း ဆိုသည်များကို သိနိုင်ဖို့ ခဲယဉ်းနေမည်သာ ဖြစ်သည်။ ဘက်လိုက်သည်၊ လိမ်လည်သည်၊ သို့မဟုတ် အဂတိလိုက်စားသည် ဆိုသော စွပ်စွဲချက်များကို Tweet တင်ဖို့ တစ်မိနစ်ပဲ ကြာမည် ဖြစ်သော်လည်း ထို စွပ်စွဲချက်များ မှန်မမှန်ကို သက်သေပြဖို့၊ ချေပဖို့အတွက် အချိန်များစွာပေးပြီး ပင်ပင်ပန်းပန်း ကြိုးစားလုပ်ဆောင်ကြရသည်။