ချေ ၏ ပြောက်ကျားစစ် လက်စွဲ(7)

by Hla Soewai - Sep 26 2025

တချိန်တွင် ယခုအခါ ကျဆုံးသွားခဲ့ပြီ ဖြစ်သည့် ကျွနုပ်တို့၏ သူရဲကောင်းများထဲက တဦးသည် ရှေ့တိုးလာနေသော ရန်သူ စစ်သားများကို ဟန့်တား နိုင်ရန် သူ၏ စက်သေနတ်ဖြင့် ငါးမိနစ်ခန့် အဆက်မပြတ် ပစ်ခတ်ခဲ့မည်သာ ဖြစ်သည်။ ထိုအခါတွင် မိမိတို့ တပ်ဖွဲ့ဝင်များ စိတ်များ ဇဝေဇဝါ ဖြစ်လာနိုင်သည်၊ ပစ်ခတ်သည် ပုံစံကို ကြည့်၍ မိမိတို့၏ အဓိက ကျသည့် နေရာကို ရန်သူများ အုပ်စီးမိသွားပြီဟု မှတ်ယူသွားနိုင်သည်။

 

ဤသည်ကလည်း ခုခံကာကွယ်ဖို့ လွန်စွာ လိုအပ်လာ၍ ကျည်ကို ချွေတာ သုံးစွဲရမည် ဆိုသည့် စည်းကမ်းကို သွေဖီဖို့ ရှားရှားပါးပါး ပေါ်ပေါက်လာသည့် အခြေအနေ တခုပင် ဖြစ်သည်။

 

နောက်ထပ် ပြောက်ကျား စစ်သည် တဦး တွင် ရှိရမည့် အခြေခံ သွင်ပြင် လက္ခဏာ တခုသည်ကား ဖြစ်ပေါ်လာသော အခြေအနေကို လိုက်၍ အလွယ်တကူ ပြောင်းလဲ ကျင့်သုံး နိုင်မှု ပင် ဖြစ်သည်။ မတော်တဆ ကြုံလာရမှု မှန်သမျှ မိမိအတွက် အားသာချက်ရအောင် ပြောင်းလဲပစ်နိုင်ခြင်းပင် ဖြစ်သည်။ စစ်ပွဲ များတွင် အသားကျနေသည့် တင်းကျပ်မှု မျိုး နှင့် မတူဘဲ ပြောက်ကျား စစ်သည်များသည် မိနစ်တိုင်းလိုလို ကိုယ်ပိုင် နည်းဗျူဟာ များကို ကြံဆပြီး ရန်သူ အံအားသင့် သွားအောင် တိုက်ခိုက် နိုင်ရမည်။

 

ပထမ အခြေအနေတွင် ဆန့်နိုင် ကျုံ့နိုင်သည့် အနေအထား ဖြစ်သည်။ ရန်သူကို မဖြတ်သန်းနိုင်အောင် တားဆီးနိုင်မည့်၊ လမ်းလွှဲပစ်နိုင်မည့် တိကျသည့် ခံစစ်နေရာတွေ ရှိနေသည်။ ရန်သူသည် အခက်အခဲများကို တဖြေးဖြေး နှင့် ကျော်ဖြတ်လာပြီး နောက်တွင် တနေရာတွင် ရုတ်ခြည်း ဆိုသလို ရှေ့သို့ မတိုးနိုင်တော့သည့် အလားအလာ များ နှင့် အတိအကျ ရင်ဆိုင်လာခဲ့ရသည်။

 

ထိုသို့ ဖြစ်လာရသည်က မြေပြင် အနေအထားကို သေချာ ကျနစွာ လေ့လာပြီး ရွေးချယ်ထား သည့် အတွက် ပြောက်ကျား တပ်ဖွဲ့များ၏ ခံစစ် နေရာများသည် မကျိုးပေါက် နိုင်လုနီးပါး ဖြစ်နေသောကြောင့်ပင်။ တိုက်ခိုက်လာသည့် စစ်သည် အရည် အတွက်သည် အရေးမပါ၊ မိမိတို့ နေရာ ကို ကာကွယ် နိုင်သည့် စစ်သည် အရည်အတွက်သာ အဓိက ကျသည်။ ထို‌ ပြောက်ကျားများသည် ကာကွယ်ရန် နေရာယူပြီးချိန်တွင် တပ်ရင်းတခုလုံးကိုပင် အောင်မြင်စွာ ဟန့်တားထားနိုင်လုနီးပါး အခြေအနေ ရောက်သွားမည် ဖြစ်သည်။ ထိုသို့ ဖြစ်ရန် ခေါင်းဆောင် လုပ်သူများ အနေဖြင့် ပြန်ဆုတ်စရာ မလိုသည့် ခံစစ်နေရာ ကို အချိန်ကိုက် သေချာ ရွေးချယ် ပေးရမည် ‌ဆိုသည့် အဓိက တာဝန်ကို ယူရတော့မည် ဖြစ်သည်။

 

ပြောက်ကျား တပ်ဖွဲ့၏ တိုက်ခိုက်မှု ပုံစံသည်လည်း ကွဲပြားလာခဲ့သည်။ ပထမပိုင်းတွင် ရန်သူ၏ အငိုက်ဖမ်းပြီး အင်အား ပြင်းပြင်းနှင့် တိုက်ခိုက်လာခဲ့ရာမှ ရုတ်ခြည်း ဆိုသလို တိတ်ဆိတ်ငြိမ်သက်သွားသည်။ အသက်ရှင် ကျန်ခဲ့သော ရန်သူများက ၎င်းတို့ကို တိုက်ခိုက်လာသူများ ပြန်ထွက်သွားကြပြီဟု ယုံကြည်လာကြသည်။ အနားရပြီ ဆိုကာ အဝိုင်းခံထားရဆဲတွင်ပင် ပုံမှန်တာဝန်များ ပြန် ထမ်းဆောင်ရန် ပြင်ဆင်လာကြသည်၊ ထိုအချိန်တွင် အခြားတနေရာမှ ပစ်ခတ်သံများ ထွက်ပေါ်လာသည်။ အဓိကပြောက်ကျား တပ်ဖွဲ့သည် စစ်ကူလာမည့် ရန်သူ တပ်များကို ကြားဖြတ် တိုက်ခိုက်ရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

 

အခြား အချိန်များတွင် ပြောက်ကျားများသည် ရန်သူ၏ စခန်း ကာကင်း များကို ရုတ်ခြည်း ဆိုသလို တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့ကြသည်။ အခြေခံ ကျသော အချက်သည်ကား အငိုက်ဖမ်းနိုင်ခြင်း နှင့် လျှင်မြန်စွာ လှုပ်ရှားနိုင်မှု ဖြင့် ဖြစ်သည်။

 

ဖောက်ခွဲ ဖျက်ဆီးရေး လုပ်ငန်းများသည်လည်း လွန်စွာ အရေးပါသည်။ ဤနေရာ တွင် ဖောက်ခွဲ ဖျက်ဆီးရေး နှင့် အကြမ်းဖက်မှုကိုရှင်းရှင်းလင်းလင်း ခွဲခြား နိုင်ရမည်၊ ဖောက်ခွဲ ဖျက်ဆီးခြင်းသည် တော်လှန်ရေး အတွက် အင်မတန်မှ ထိရောက်သည့် စစ်ပွဲ နည်းလမ်းမျိုး ဖြစ်သည်။ အကြမ်းဖက်မှုသည်က အများအားဖြင့် ထိရောက်မှု မရှိဘဲ ရမ်းသမ်းပစ်မှတ်ထားသည့် လုပ်ရပ်မျိုး ဖြစ်သည်။ ထို့အတွက် အပြစ်မဲ့ ပြည်သူများ သားကောင် ဖြစ်သွားခဲ့ရပြီး တော်လှန်ရေး အတွက် အသုံးဝင်လာမည့် လူများ၏ အသက်ကို ဖျက်ဆီး ပစ်ရာ ရောက်သည်။

 

သို့သော် ဖိနှိပ်ချုပ်ချယ်သည့် အဖွဲ့၏ ခေါင်းဆောင်သည် ၎င်း၏ ရက်စက်ကြမ်းကြုပ်မှု၊ ဖိနှိပ်ရာတွင်လည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်း ရှိမှု၊ သို့မဟုတ်ကလည်း အခြားအကြောင်းများကြောင့် ၎င်းအား ရှင်းပစ်မှ ဖြစ်မည် ဆိုက အကြမ်းဖက်မှု ကို တန်ဖိုးရှိသည့် နည်းဗျူဟာ အဖြစ် ထည့်သွင်းစဉ်းစားရမည်။

 

သို့သော်လည်း မည်သို့မျှ အရေးမပါ အရာမရောက်သည့် လူတယောက်အား သတ်ဖြတ်ပစ်ခြင်းကိုတော့ အားမပေးလို၊ အဘယ်ကြောင့်ဆိုသော လက်တုံ့ပြန် လက်စားချေမှု များ ဖြစ်လာပြီး မိမိတို့ဖက်မှ အသက်ဆုံးရှူံးရသည့်အထိ ဖြစ်သွားနိုင်သည်။

 

အကြမ်းဖက်ဝါဒ နှင့် ပတ်သက်၍ လွန်စွာ အငြင်းပွား ဖွယ် ဖြစ်လာသည့် အကြောင်းတရပ် ရှိနေသည်။ ရဲများအား အကြမ်းဖက် နှိပ်ကွပ်လာအောင် ဆွ ပေးခြင်းသည် အနည်းနှင့် အများ ဆိုသလို ဥပဒေ ကြောင်းအရရော၊ လူထု နှင့် အပြည့်အဝ မဟုတ်သည့် တိုင် ရရှိထားသော အဆက်အသွယ်များ ကိုရော အဟန့်အတား ဖြစ်စေသည်၊ ထို့အတွက် အရေးပါသော အချိန်တွင် လူထု အား နှင့် တစည်းတလုံး တည်း ဆောင်ရွက်ဖို့ မဖြစ်နိုင်တော့ ဟု အတော်များများက ယူဆခဲ့ကြသည်။

 

ထိုသို့ ယူဆသည်ကလည်း အမှန်ပင် ဖြစ်သည်၊ သို့သော် ပြည်တွင်းစစ် တွင် အချို့ မြို့များ ၌ အစိုးရ၏ အာဏာသည် လွန်စွာ လွှမ်းမိုး ခံထားရပြီ ဖြစ်၍ တရားဥပဒေ ဘောင်တွင်းမှ ဆောင်ရွက်မှု မှန်သမျှ နှိပ်ကွပ်ခြင်း ခံခဲ့ရသည်။ စစ်တပ်မှ ထောက်ခံမှု ပေးမလာသည့် လူထု လှုပ်ရှားမှု မှန်သမျှ ပြုလုပ်ရန် ထည့်တွက်စရာ မလိုတော့။

 

ထိုသို့သော အနေအထားတွင် အသုံးပြုရမည့် နည်းလမ်းများကို ချမှတ်ရာတွင် ထိုအကြောင်းခြင်းရာများကို မဖြစ်မ နေ သတိထားပြီး တော်လှန်ရေး အတွက် အားသာစရာ ဖြစ်လာမည့် အနေအထားကို ဆန်းစစ်ကြရပေမည်။

 

မည်သို့ပင် ဆိုစေ ကောင်းစွာ စီမံ လုပ်ဆောင်လာသော ဖေါက်ခွဲ ဖျက်စီးမှု များသည် လွန်စွာ အစွမ်းထက်သော လက်နက်မျိုးပင် ဖြစ်သည်။ သို့‌သော် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ ရပ်တန့်သွား အောင်တော့ မပြုလုပ်သင့်၊ ထိုသို့ မဟုတ်က လူအများ အပြား အလုပ်လက်မဲ့ ဘဝ ရောက်ကုန်ကြပေလိမ့်မည်။ လူ့အဖွဲ့အစည်း၏ ပုံမှန် လှုပ်ရှား သွားလာနေသည်များကို လည်း မထိခိုက်အောင် လုပ်ရမည် ဖြစ်သည်။

 

အဖျော်ယမကာ ထုတ်လုပ်သည့် စက်ရုံကို ဖေါက်ခွဲဖျက်ဆီးခြင်းသည် အဓိပ္ပါယ် မဲ့သည့် ရယ်ဖွယ်လုပ်ရပ်မျိုးသာ ဖြစ်သည်။ သို့သော် ဓါတ်အားပေး စက်ရုံတရုံအား ဖေါက်ခွဲဖျက်ဆီးပစ်ခြင်းသည် လုပ်သင့် လုပ်ထိုက်သည့် လုပ်ရပ် အဖြစ် အကြံပြုလိုပေသည်။

 

ပထမ ဖြစ်ရပ်တွင် စက်မှု လုပ်ငန်းများ ပုံမှန်လည်ပတ်နေမှု ကို ထိခိုက်မသွားဘဲ အလုပ်သမား အချို့ အလုပ်ဆင်းစရာ မရှိ ဖြစ်သွားနိုင်သည်။ ဒုတိယ ဖြစ်ရပ် တွင်လည်း အလုပ်သမားများ အလုပ်ပြုတ်ကုန်ကြမည် မှာ မှန်သော်လည်း ဒေသတခုအတွင်း လုပ်ငန်းဆောင်တာ များ ရပ်တန့်သွားစေခဲ့သည် ဟူသော ရည်ရွယ်ချက် ဖြင့် လုံးဝ တရားမျှတမှု ရှိသည်ဟု ပြော၍ ရပေသည်။ ဖျက်ဆီးရေး အတတ်ပညာကို နောက်ပိုင်းတွင် ဆက်၍ ဆွေးနွေးသွားပါမည်။