အခန်း (၇)
ဘူကင်၊ ဆာမွိုင်လော့ဗ်၊ ဆိုမော့ နှင့် နောက်ထပ် ငါးဦး အဖမ်းခံလိုက်ရကြောင်း နောက်တနေ့ တွင် သိလိုက်ရသည်။ ညပိုင်းတွင် ဖယ်ယာ မေဇင် သူတို့ထံ အပြေးကလေး ပေါက်ချလာပြီး၊ သူ့ အိမ်ကိုလည်း ဝင်ရှာသွားသည်ဟု ပြောလာသည်၊ သူ့ကိုယ်သူလည်း သူရဲကောင်း တဦး အဖြစ် မှတ်ယူနေသည်။
"ကြောက်များ နေခဲ့သေးလား ဖယ်ယာ" ဟု အမေက မေးလိုက်သည်။
သူ့မျက်နှာ ဖြူဖတ်ဖြူယော် ဖြစ်သွားပြီး နှာသီးဖျားလည်း တုန်ရီလာသည်။
"အရာရှိ ဆိုတဲ့ ကောင်က ကျုပ်ကို ထိုးသွားမှာ ကြောက်တာပေါ့၊ ထွားထွားကြီး၊ မုတ်ဆိတ်မွှေး တွေ နဲ့ လက်တွေ မှာလည်း အမွှေးအမြှင် တွေ ရှိသေး၊ မျက်မှန် အမည်းကြီးလည်း တပ်ထားသေးဗျာ၊ သူ့ကြည့်ရတာ မျက်လုံးမှ ရှိရဲ့လားတောင် အောက်မေ့မိတယ်၊ အော်ဟစ် နေယုံတင် မကဘူး၊ ခြေထောက်ကလည်း ဆောင့် လိုက်သေးသဗျာ၊ ကျွန်တော်ကိုလည်း ထောင်ထဲမှာ အရိုးဆွေး သွား စေရမယ်လို့ ပြောတယ်၊ ကျွန်တော် တသက်လုံး အဖေ နဲ့ အမေ ရိုက်တာတောင် မခံခဲ့ရဖူးဘူး၊ ကျွန်တော်က တဦးတည်းသော သားဆိုတော့ ချစ်ကြတယ်လေ၊ ကျွန်တော်သာ အရိုက်ခံမရတာ၊ အခြားနေရာ တွေ မှာ လူတိုင်းလို အရိုက်ခံရတယ်"
သူသည် မျက်လုံးကို ခေတ္တမျှ မှိတ်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဆံပင်ကို လက်နှစ်ဖက် နှင့် နောက်လှန်တင်လိုက်ပြန်သည်။ ပါဗယ်အားလည်း နီရဲနေသော မျက်လုံးများ နှင့် ကြည့်လိုက်ရင်း "ကျုပ်ကိုသာ ထိုးလို့ကတော့ဗျာ ကျုပ်ခန္ဓာကိုယ်ကို ရှိသမျှ အားသွင်းပြီး ထိုးတဲ့လူကို ဓါးတချောင်းလို စိုက်ဝင်သွားအောင် ဆောင့်ထဲ့လိုက်မှာ၊ သွားနဲ့လည်း ကိုက်ပစ်ဦးမယ်၊ ကျွန်တော့်ကို ချက်ခြင်း အသေ မသတ် နိုင်လို့က တော့ ဒင်းသေပြီသာ မှတ်"
"ကိုယ့်ကို ကိုယ် ကာကွယ်တာက ကိုယ့်အခွင့်အရေးပဲ၊ ကိုယ်ကတော့ စ မလုပ်မိစေနဲ့" ဟု ပါဗယ်က ပြောသည်။
"မင်းကြည့်ရတာ ပျော့တီးပျော့ဖတ် နဲ့ ပိန်ပိန်လေးရယ်၊ ဘာလို့များ ထိုးချင် ကြိတ်ချင် နေရတာလဲ"
"ကျွန်တော် ကတော့ ချမှာပဲ" ဟု ဖယ်ယာက လေသံ တိုးတိုး ဖြင့် ပြောလိုက်သည်။
သူ ပြန်သွားပြီးနောက် အမေက "အင်း..ဒီအတိုင်းဆိုသူတော့ ကျန်တဲ့လူတွေ အားလုံးထက် အရင် ဝင်ရလိမ့်မယ် ထင်တယ်"
ပါဗယ်က ဘာမှ ပြန်မပြောပဲ နှုတ်ဆိတ်နေသည်။ တအောင့် လောက် အကြာတွင် မီးဖိုဆောင် တံခါး ပွင့်လာပြီး ရိုင်ဘင် ဝင်လာသည် ကို တွေ့လိုက်ရသည်။
"ကောင်းသော ညနေခင်း" ပါ ဟု ပြုံးရင်း ပြောလာသည်။ "ကျွန်တော် ရောက်လာရပြန်ပြီ၊ မနေ့ကတော့ သူတို့ ခေါ်လို့၊ ဒီနေ့ကတော့ ကိုယ့်သဘော နဲ့ ကိုယ် လာတာ"ဟု ပြောသည်၊ ပါဗယ်လက်ကိုလည်း ဆွဲကိုင်ကာ ခပ်ကြမ်းကြမ်း လက်ဆွဲ နှုတ်ဆက်လိုက်သည်။ ထို့နောက် အမေ့ ပုခုံးပေါ် လက်တင်ကာ "ကျွန်တော်ကို လ္ဘက်ရည် မတိုက်တော့ဘူးလား" ဟု ပြောပြန်သည်။
ပါဗယ်က သူ၏ မဲနက်နေသော မုတ်ဆိပ်မွှေး၊ ပါးနပ်သော မျက်လုံး များ၊ ကြေးနီရောင် ထနေသော ခန္ဓာကိုယ်ကို အကဲခတ်သလို ကြည့်လိုက်သည်။ သူ၏ ငြိမ်သက်သော အကြည့်တွင် ဆွဲငင်မှု တမျိုးမျိုး ကို တွေ့ရပြီး သူ၏ ခိုင်မာသော ကိုယ်နေဟန် တွင်လည်း ယုံကြည်မှု များ ကို တွေ့နေရသည်။
အမေက ရေနွေးအိုး တည်ရန် မီးဖိုထဲ ဝင်သွားသည်။ ရာဘင်က ထိုင်ချလိုက်ပြီး စားပွဲပေါ် တံတောင်ဆစ် နှစ်ဖက် တင်ကာ မုတ်ဆိပ်မွှေးကို လက်နှင့် သပ်လိုက်သည်။ ပါဗယ်အားလည်း စူးစူးရဲရဲ စိုက်ကြည့်နေပြန်သည်။
"ဖြစ်လာခဲ့တာ တွေ ကတော့ တွေ့တဲ့အတိုင်းပဲ" ဟု စကား ကို အဆက်အစပ် မရှိ ပြောလိုက်သည်။ "ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်၊ ဒီကို မလာခင်ကတည်းက မင်းကို ငါ စောင့်ကြည့်နေတာ ကြာလှပြီ၊ တအိမ် နဲ့ တအိမ်လည်း ကပ်နေကြတာ ဆိုတော့၊ မင်း ဆီကို လူတွေ အများကြီး ရောက်လာကြတယ်၊ ဘယ်သူမှ အရက်မူး ပြီး ရမ်းကာတာမျိုးလည်း မရှိဘူး၊ ဒါက အဓိက အချက်ပဲ၊ ဆူဆူပူပူ မလုပ်ဘူး ဆိုရင်တော့ ချက်ခြင်းလို လူတွေရဲ့ အာရုံစိုက်တာ ခံရတာပဲ။ အဲ့တော ဘာဖြစ်လဲ၊ လူတိုင်းရဲ့ အကြည့်က ဘယ်သူ့မှ အနှောက်အယှက် မပေးပဲ ကိုယ့်ဖာသာ နေနေတဲ့ ငါ့ဆီ စုပြုံရောက်လာတော့တာပဲ"
သူ၏ ပွင့်ပွင့်လင်းလင်း ပြောလာသည့် စကားသည် အရှိန်ရလာပြီး နားထောင်သူများဖက်က ယုံကြည်မှု ရလာစေသည့် စကား ပြောဟန်မျိုး ဖြစ်လာသည်။
"လူတွေက တွတ်ထိုးလာကြတယ်၊ ငါ့ ဆရာသမား တွေက မင်း ဘုရားကျောင်းကို တခါမှ သွားတာ မတွေ့ဘူး ဆိုပြီး ဒိဋ္ဌိ လို့တောင် ပြောကြတယ်၊ အဲ့လို ပြောတဲ့အထဲ ငါတော့ မပါဘူး၊ အဲ့လို ပြောလာကြတဲ့ အချိန် မှာ လက်ကမ်းစာရွက်တွေ ထွက်လာတယ်၊ အဲ့တာတွေကိုကော မင်း စဉ်းစားခဲ့ဖူးလား"
"ဟုတ်တယ်၊ ကျွန် တော် စဉ်းစားခဲ့တာပေါ့" ဟု ပါဗယ်က ရိုင်ဘင် မျက်နှာကို စေ့စေ့ကြည့်ရင်း ပြန်ဖြေလိုက်သည်။ ရိုင်ဘင်က လည်း ပါဗယ် မျက်လုံး တည့်တည့် ကို ပြန် စိုက်ကြည့်နေသည်။
"ရှင်တယောက်တည်းလား" ဟု အမေက အခန်းထဲ ဝင်လာရင်း အံ့သြတကြီး ပြောလိုက်သည်၊ "ရှင်တယောက်တည်းတော့ မဟုတ်လောက်ဖူး"
ပါဗယ် နှင့် ရိုင်ဘင်က အမေ့စကားကြောင့် ပြုံးလိုက်ကြသည်။ အမေက မျက်နှာကို မဲ့ရွဲ့ပြီး ထွက်သွားသည်။ သူ့စကား ကို အရေးမထား၍ အခံရခက်သွားပုံရသည်။
"ဒီ လက်ကမ်း စာရွက် တွေက သေချာ စဉ်းစားပြီး ရေးထားတာမျိုး၊ လူတွေရဲ့ စိတ်ကို လှူပ်ခတ်လာအောင် လုပ်နိုင်တယ်၊ အားလုံးပေါင်း ဆယ့်နှစ်စောင် ရှိတယ် မဟုတ်လား"
"ဟုတ်တယ်"
"ငါ အကုန် ဖတ်ပြီးပြီ၊ တခါတခါကျလည်း မရှင်းဘူး၊ တခါ တခါလည်း မလိုတာ တွေ ပါလာတယ်၊ ဒါပေမယ့် လူတယောက်က စကားတွေ အများကြီး ပြောလာရင် တခါတခါ ဘေးချော်သွားတတ်တာကလည်း သဘာဝ ကျပါတယ်"
ရာဘင်က ပြုံးလိုက်သည်၊ သူ၏ သွားများက ဖြူဖွေး ပြီး မပျက်စီးသေး။
"အဲ့နောက် ရှာလားဖွေလား တွေ ဖြစ်လာတယ်၊ အဲ့ဒီ အချက်က ကျန်တာတွေ အားလုံးထက် ငါ့ကို မင်းဘက်ပါအောင် လုပ်နိုင်ခဲ့တယ်၊ မင်းရယ်၊ ရုရှားလေး ရယ်၊ နီကိုလိုင်ရော အကုန် တန်းမိတော့တာပဲ"
ရိုင်ဘင်သည် ရှေ့ဆက်ပြောရန် စကားလုံး ရွေးဖို့ ခဏ ရပ်လိုက်သည်။ ပြတင်းပေါက်ဖက် တချက်ကြည့် လိုက်ပြီး၊ စားပွဲ ကို သူ့ လက်ချောင်းများ နှင့် ခေါက်နေပြန်သည်။
"သူတို့က မင်းရဲ့ ခိုင်မာတဲ့ စိတ်ကို သိသွားကြပြီ၊ မင်းက မင်းကိစ္စ ကို မင်းလုပ်တယ်၊ မင်းပြောတဲ့ ဂုဏ်သိက္ခာ ပေါ့၊ ငါတို့ကလည်း ငါတို့ ကိစ္စ ငါတို့ လုပ်တယ်၊ ရုရှားလေး ဆိုလည်း လူကောင်းတယောက်ပဲ၊ ဟိုးတရက်က စက်ရုံမှာ သူပြောနေတာ ငါ ကြားခဲ့တယ်၊ ငါ့ကိုယ်ငါလည်း ပြန်စဉ်းစားမိတယ်၊ ဒီလို လူမျိုးက ကွယ်ပျောက်သွားမယ့် ပုံမရှိဘူး၊ သူ့ကို ပြိုလဲသွားအောင် လုပ်နိုင်တာ တခုပဲ ရှိတယ်၊ အဲ့တာ ဘာလဲဆိုတော့ သေခြင်းတရားပဲ၊ အတော် မာ တဲ့ ကောင်၊ မင်း ငါ့ကို ယုံလား ပါဗယ်"
"ဟုတ်ကဲ့၊ ကျွန်တော် ခင်ဗျားကို ယုံပါတယ်" ဟု ပြောရင်း ခေါင်းငြိမ့်ပြလိုက်သည်။