နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(2)

by Hla Soewai - Sep 26 2025

ဂျွန်ဆင်အား ဖမ်းဆီးလိုက်ပြီ ဆိုသော သတင်းသည် ပျံ့နှံ့သွားခဲ့သည်။ ထိုညနေမှာပင် သေနတ်များ ကိုင်ဆောင်လာသူ များ ပါဝင်နေသည့် လူအုပ်ကြီးသည် ဟမ်မီလ်တန် စီရင်စု အချုပ်ခန်း သို့ စုရုံး ရောက်ရှိလာသည်။ အချို့က သေနတ်များကို မိုးပေါ် ထောင်ပစ်ခဲ့ကြသည်။ သံသယ ရှိသူ ကို အမဲဖျက်ရန် ရောက်လာသူများကို အမျိုးသား အစောင့်တပ် ခေါ်ယူပြီး လူစုခွဲခဲ့ရသည်။

 

ဂျွန်ဆင်ကတော့ အနည်းဆုံး ထိုည အတွက်‌ တော့ဘေးကင်း ရန်ကင်း ဖြစ်သွားခဲ့သည်။ ပြဿနာ ဖြစ်လာတော့မည်ကို ရိပ်စားမိသော အာဏာပိုင်များက ဂျွန်ဆင်အား နက်ရှ်ဗီးလ် ရှိ အချုပ်ခန်းသို့ ပြောင်းရွှေ့ပေးလိုက်ကြသည်။

 

နီဗာဒါး တေလာသည်လည်း နက်ရှ်ဗီးလ်သို့ သွားပြီး တရားခံ ဟုတ်မဟုတ် သက်သေခံခဲ့ရသည်။ တေလာသည် ချက်ခြင်းလို သက်သေမခံနိုင်ခဲ့ဘဲ ဇဝေဇဝါ ဖြစ်နေသည်။ နောက်ဆုံးတွင် မှ ဂျွန်ဆင်သည် သူမအား အဓမ္မ ပြုကျင့်ခဲ့သူ ဖြစ်သည်ဟု ထုတ်ပြောနိုင်ခဲ့သည်။

 

တေလာက ထိုသို့ တရားခံကို ဆွဲထုတ်ပြခဲ့ခြင်းကြောင့် ရုံးတင်ဖို့ အလျင်အမြန် စနိုင်ခဲ့သည်။ ချာတန်နူဂါ တရားသူကြီး မှ ဂရင်း ဂျုရီ လူကြီးများအား ထိုကဲ့သို့ ရမ်းကားမှု ကို အလျင်အမြန် အရေးယူ နိုင်မှ ဖြစ်မည်ဟု ပြောခဲ့သည်။

 

************

 

ဤနေရာတွင် Grand Jury ကို အနည်းငယ် ရှင်းပြလိုပါသည်။

 

Grand Jury ဆိုတာဟာ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေမှာ အသုံးပြုတဲ့ တရားစီရင်ရေးဆိုင်ရာအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ သာမန်တရားရုံးမှာလို တရားခံကို အပြစ်ရှိမရှိ ဆုံးဖြတ်မယ့် ဂျုရီ အဖွဲ့မျိုး မဟုတ်ဘဲ၊ စွဲဆိုထားတဲ့ အမှုတစ်ခုဟာ တရားရုံးမှာ ဆက်လက်စစ်ဆေးဖို့ လုံလောက်တဲ့ အထောက်အထား ရှိ၊ မရှိ ဆုံးဖြတ်ဖို့အတွက် အသုံးပြုပါတယ်။

 

Grand Jury ရဲ့ အဓိကလုပ်ငန်းစဉ်

 

အမှု အထောက်အထားများကို စစ်ဆေးခြင်း

ရှေ့နေချုပ်ရုံး (Prosecutor's Office) က စုံစမ်းစစ်ဆေးထားတဲ့ အထောက်အထားတွေနဲ့ သက်သေတွေကို Grand Jury အဖွဲ့ဝင်တွေရှေ့မှာ တင်ပြရှင်းလင်းရပါတယ်။

 

Grand Jury အဖွဲ့ဝင်တွေဟာ ဒီအထောက်အထားတွေကို စစ်ဆေးသုံးသပ်ပြီး လိုအပ်ရင် မေးခွန်းတွေ မေးမြန်းနိုင်ပါတယ်။

 

တရားခံ ပါဝင်ခွင့် မရှိခြင်း

 

ဒီလုပ်ငန်းစဉ်မှာ သံသယရှိသူ (တရားခံ) ဟာ တရားရုံးမှာလို ခုခံချေပခွင့်၊ သက်သေတင်ပြခွင့် မရှိပါဘူး။ ရှေ့နေချုပ်ရုံးရဲ့ အထောက်အထားတွေကိုသာ တစ်ဖက်သတ် စစ်ဆေးတာ ဖြစ်ပါတယ်။

 

စွဲချက်တင်ဖို့ ဆုံးဖြတ်ခြင်း

 

အထောက်အထားတွေ လုံလောက်တယ်လို့ Grand Jury အဖွဲ့ဝင်တွေက ဆုံးဖြတ်လိုက်ရင် "အမှုဆက်လက်စွဲဆိုရန်" (indictment) လို့ အတည်ပြုပေးပါတယ်။

 

အထောက်အထား မလုံလောက်ဘူးဆိုရင်တော့ "အမှုပိတ်သိမ်းရန်" လို့ ဆုံးဖြတ်နိုင်ပြီး၊ တရားရုံးကို ဆက်မတက်ရတော့ပါဘူး။

 

အချုပ်အားဖြင့် Grand Jury ဟာ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေကို တရားရုံးမတင်မီ ကြိုတင်စစ်ဆေးပြီး၊ ဆက်လက်ဆောင်ရွက်သင့်မသင့် ဆုံးဖြတ်ပေးတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ဂရင်းဂျုရီ အဖွဲ့ဝင်များသည် civic duty အဖြစ် လူထု ထဲက ခေါ်ယူထားသူ များ ဖြစ်ပြီး အဖွဲ့ဝင် ၁၂ ဦး မှ ၂၃ ဦး အထိ ရှိနိုင်ပါတယ်၊ တခါတရံ တလ သို့မဟုတ် တနှစ်အထိ တာဝန်ထမ်းဆောင်ကြရပါတယ်။

 

***********

 

တရားသူကြီးမှ ထိုသို့ ညွှန်ကြားပြီး နှစ်နာရီ အကြာတွင် ဂရင်း ဂျုရီ အဖွဲ့ မှ ဂျွန်ဆင် အား ရုံးတင် စစ်ဆေးခွင့် ပြုလိုက်သည်။ တရားသူကြီးကလည်း ချက်ခြင်းလိုပင် ဒေသခံ ရှေ့နေ သုံးဦးအား ဂျွန်ဆင်ဖက်မှ ခုခံ လျှောက်လှဲရန် ခန့်အပ်လိုက်သည်။ အမြန်ဆုံး စနိုင်အောင် အမှုကို ပြင်ဆင်ရန်လည်း ပြောလိုက်ပြီး တပတ် အတွင်း မှာပင် ရုံးတင်စစ်ဆေးမှု စတင်လာခဲ့သည်။

 

ပထမဆုံး တရားလိုပြ သက်သေ အဖြစ် နီဗာဒါး တေလာ ကို စစ်ဆေးခဲ့သည်။ တေလာသည် သူမ တိုက်ခိုက်ခံခဲ့ရမှု ကို ပြန်ပြောင်းပြောပြပြီး သူမအား တိုက်ခိုက်သူ အသုံးပြုခဲ့သည့် သားရေကြိုး ဟုတ်မှန်ကြောင်း အစစ်ခံခဲ့သည်။ ပြစ်မှု ကျူးလွန်သူသည် တရားရုံး ခမ်းမတွင် ရှိနေသလား ဟု အမေးကို အက် ဂျွန်ဆင် ထိုင်နေရာသို့ လက်ညိုး ထိုးပြပြီး "ထိုလူ ဖြစ်ကြောင်း ယုံကြည်သည်" ဟု ဖြေဆိုခဲ့သည်။

 

ဒုတိယ တရားလိုပြ သက်သေ အဖြစ် ဝီလ် ဟစ်ဆန်ကို စစ်မေးခဲ့ရာတွင် "အခင်းဖြစ်ပွားရာ နေရာအနီးတွင် သားရေကြိုးကို လက်တွင် ကိုင်ဆောင်လာသော တရားခံ အား တွေ့ခဲ့သည်" ဟု ထွက်ဆိုခဲ့သည်။ သူ့မျက်နှာအား ထိုအချိန်က သင်္ချိုင်းဘူတာ သို့ ဖြတ်သွားခဲ့သော ဓါတ်ရထား နှစ်စီး၏ မီးရောင်ကြောင့် ထင်ထင်ရှားရှား မြင်လိုက်ရသည်ဟု ဆိုသည်။ "ကျွန်တော် သူ့မျက်နှာကို ကောင်းကောင်း မြင်လိုက်ရ၍ အမှတ်မမှားနိုင်ပါ" ဟု ဂျုရီ လူကြီးများ အား ပြောပြခဲ့သည်။

 

တတိယ မြောက် တရားလိုပြ သက်သေက ရှယ်ရစ် ရှစ်ပ် ပင် ဖြစ်သည်။ ရှစ်ပ်က ၎င်းစုံစမ်းခဲ့သည်များ နှင့် ဂျွန်ဆင်ကို ဖမ်းဖို့ ဖြစ်လာရသည့် အကြောင်းများကို ရှင်းလင်း ပြောပြခဲ့သည်။ ထိုအထဲတွင် နက်ရှ်ဗီးလ် ရှိ ရှယ်ရစ် ရုံးသို့ တေလာ မှ အသံကို စစ်ဆေးရန် ရောက်လာသည်ကို ဟန့်တားသည့် အနေဖြင့် ဂျွန်ဆင်သည် "အသံကုန် အော်ဟစ်" ခဲ့သည်ဟု ပါရှိသည်။ ရှစ်ပ်၏ လက်ထောက် နှစ်ယောက်လည်း တိုတိုတောင်းတောင်း အစစ်ခံသွားခဲ့သည်။ ထို့နောက်တွင် တော့ တရားလိုပြ သက်သေများ ခေါ်ယူ စစ်ဆေးမှု အဆုံးသတ်သွားခဲ့သည်။

 

အမှုအား မျက်မြင် သက်သေ များ၏ ထွက်ဆိုချက်များကို သာ အားပြု တည်ဆောက်ထားသည့် အပယိက မှုခင်းမျိုးဟု ယူဆခဲ့ကြသည်။ ဤသည်ကပင် မှားယွင်း စီရင်နိုင်ဖို့ အကောင်းဆုံးသော အခြေအနေများ ဖြစ်လာရသည်။

 

တရားခံပြ သက်သေ အဖြစ် ပထမ‌ဆုံး အစစ်ဆေးခံခဲ့သူက အက်ဒ် ဂျွန်ဆင်ပင် ဖြစ်သည်။ ဂျွန်ဆင်၏ အသံသည် "အတော်လေး ထူးဆန်းသည့် အသံမျိုး" ဖြစ်နေသည်ဟု စောင့်ကြည့် လေ့လာသူများက မှတ်ချက်ချခဲ့သည်။ စစ်ဆေးနေစဉ် အတွင်း ထိတ်လန့်ကြောက်ရွံ့‌နေပုံရပြီး ထိုင်ခုံ လက်တန်းကို လက်ဖြင့် တင်းတင်းကျပ်ကျပ် ဆုတ်ကိုင်ထားသည်။

 

နီဗာဒါး တေလာ အား အဓမ္မပြုကျင့် ခဲ့ခြင်း မရှိဟု ငြင်းဆိုခဲ့သည်။ အခင်းဖြစ်ပွားရာ ညနေတွင် Last Chance ဘားတွင် ဘီလိယက် ခုံ အကူ အဖြစ် လုပ်နေပါသည်ဟု အစစ်ခံခဲ့သည်။ ဘား သို့ ညနေ ၄:၃၀ တွင် ရောက်လာခဲ့ပြီး ည ၁၀:၀၀ အထိ ရှိနေသည်ဟု ဆိုသည်။ ထို့အတွက် ၎င်းသည် နီဗာဒါး တေလာ အား ညနေ ၆:၀၀ တွင် အဓမ္မ ကျင့်သည် ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ဟု ထွက်ဆိုခဲ့သည်။

 

နောက်ထပ် တရားခံပြ သက်သေ ဆယ့်သုံးဦးအားလည်း ခေါ်ယူ စစ်ဆေးခဲ့ရာ အားလုံးက ဂျွန်ဆင်အား ၎င်း ပြောသည့် အချိန် ဘား ခန်း တွင် တွေ့ခဲ့ရသည်ဟု ကျမ်းကျိန် အစစ်ခံ ခဲ့ကြသည်။

 

ထို့နောက်တွင်တော့ တရားခံ အကျိုး‌ ဆောင်များက ဝီလ် ဟစ်ဆန်၏ ထွက်ဆိုချက် အပေါ် မယုံကြည်ထိုက်ကြောင်း သက်သေပြနိုင်ရန် ကြိုးစားလာခဲ့သည်။ တရားခံပြ သက်သေတဦးက အခင်းဖြစ်ပွားပြီး နှစ်ရက်အကြာတွင် ဝီလ် ဟစ်ဆန်သည် ဘုရားကျောင်း တွင် ခေါင်မိုး မိုးနေသည့် လူမည်း တဦး၏ အမည်ကို ၎င်းအား လာမေး၍ ထိုလူမည်း ၏ အမည်သည် အက်ဒ် ဂျွန်ဆင် ဖြစ်ကြောင်း ပြောခဲ့သည်ဟု ထွက်ဆိုခဲ့သည်။ ထို့နောက် ထိုလူ၏ ပုံပန်းသဏ္ဍန်ကိုပါ ဆက်၍ မေးလာခဲ့သည်ဟု ဆိုသည်။ မျက်မြင်သက်သေ အဖြစ် သံသယ ရှိသူ ဘယ်သူ ဘယ်ဝါ ဖြစ်သည်ကို ရဲအား ပြောခဲ့သည့် လူက ထိုသို့ လူပုံပန်း သဏ္ဍန်ကို မေးမြန်းခဲ့သည် ဆိုသည်မှာ မထူးဆန်းပေဘူးလော။

 

ဂျွန်ဆန် တရားခွင်၏ အလှည့် အပြောင်းကြီး တခုကတရားခွင်၏ တတိယ မြောက် လည်း ဖြစ်သည့် နောက်ဆုံးနေ့တွင် ဖြစ်ပွားလာခဲ့သည်။

 

ဤသည်က ဂျုရီ လူကြီးများ၏ တောင်းဆိုချက်ဖြင့် နီဗာဒါး တေလာကို ပြန်လည် ဆင့်ခေါ်ခဲ့ရသည်။ သူမအား မေးခွန်းများ မေးမြန်းနေစဉ် အတွင်း ဂျုရီ တဦးက မတ်တတ်ထရပ်ကာ "မစ် တေလာ အခု နီဂရိုးက ခင်ဗျားကို ရန်ပြုခဲ့သူ လို့ တိတိကျကျ ပြောနိုင်ပါသလား" ဟု မေးလာခဲ့သည်။

 

"ဒီလူ ဟုတ်ပါတယ်လို့ ကျမ ကျိမ်ဆိုပြီးတော့ တော့ မပြောဘူး၊ ဒါပေမယ့် ကျမကို ရန်ပြုခဲ့တဲ့သူဟာ သူပဲလို့ ကျမ ယုံကြည်ထားပါတယ်၊ မေးသူက ထိုအဖြေ ကို ဘဝင်မကျ၊ "မစ် တေလာ ဘုရားသခင်ရဲ့ အသက်ကို တိုင်တည်ပြီး အပြစ်ရှိတဲ့ နီဂရိုး ဟာ ဒီလူပဲလား ဆိုတာ ကျိမ်းသေတယ် လို့ ပြောပါ"၊ ခင်ဗျား ပြောနိုင်လား"၊ ခင်ဗျား ကျိန်ရဲလား"။

 

မစ် တေလာ ၏ ပါးပြင်တွင် မျက်ရည်များ စီးကျလာနေသည်။ ပြန်ဖြေလိုက်သော သူမ၏ အသံသည် တုန်ရီနေပြီး "ကျမ ပြောတာကို နားထောင်ပါ။ ကျမ ကြောင့် အပြစ်မဲ့တဲ့လူတစ်ယောက် မသေစေရဘူး။ ဒါပေမဲ့ ဘုရားသခင်ရှေ့မှာ ကျိန်ဆိုပြောရဲပါတယ်။ အပြစ် ကျုးလွန်တာ ဒီ နီဂရိုးလို့ ကျမ ယုံကြည်ပါတယ်။"

 

တေလာ၏ စကား အဆုံးတွင် နောက်ထပ် ဂျုရီ တယောက် က မတ်တတ်ထရပ်လိုက်ပြီး အက်ဒ် ဂျွန်ဆင် အား ရန်ပြုရန် ရှေ့သို့ တိုးထွက်လာ၍ ကျန် ဂျူရီ လူကြီးများက ဝိုင်းဆွဲထားကြရသည်။ ၎င်းက "ဖြစ်နိုင်လို့ ရှိရင် မင်းလို ကောင်ကို အသဲတွေ ကလီစာ တွေ တစစီ မကျန်အောင် ဆွဲဆုတ်ပစ်ပြီးသားပဲ" ဟု အော်ဟစ်နေသည်။

 

ဂျုရီများက ဂျွန်ဆင်၏ ကံကြမ္မာ ကို အဆုံးအဖြတ် ပေးနိုင်ရန် ‌ခြောက်နာရီ ခန့်ကြာအောင် ‌တိုင်ပင် ဆွေးနွေးခဲ့ကြသည်။ သို့‌သော်လည်း အပြစ်ရှိသည့် ဖက်မှ ရှစ်ဦး၊ အပြစ်မရှိ ကွင်းလုံးကျွတ် လွှတ်ပေးရမည် ‌ဆိုသည့်ဖက်က လေးဦး ဖြင့် မဲ ကွဲ နေဆဲ ဖြစ်သည်။

 

သို့သော်လည်း ထိုနေ့ အတွက် အချိန်စေ့သွား၍ အိမ်ပြန် ရောက်ပြီး မိသားစု နှင့် ‌တွေ့ဆုံပြီး နောက်တနေ့ မနက်တွင် အပြစ်မရှိဆိုသူ လေးဦး က အလျော့ပေးလိုက်ကြသည်။ ဤသို့ဖြင့် ဂျူရီ အကြီးအကဲ လုပ်သူက "အဓမ္မ ပြုကျင့် မှု ဖြင့် စွပ်စွဲခံရသူ အက်ဒ် ဂျွန်ဆင် တွင် အပြစ်ရှိကြောင်းဆုံးဖြတ်သည်" ဟူသော ၎င်းတို့၏ စီရင်ချက်ကို ဖတ်ကြားခဲ့သည်။

 

တရားခွင် ကို ခေတ္တ အနားပေးပြီး ပြန်စသည့် အခါတွင် ဂျွန်ဆင်၏ အကျိုးဆောင် ရှေ့နေမှ ပြောလာသည့် စကားကြောင့် ကြားရသူ အပေါင်း တုန်လှုပ်သွားခဲ့ကြသည်၊ တရားခံ ဖက်မှ ဂျူရီများ၏ ‌ဆုံးဖြတ်ချက် ကို ငြင်းဆန်ခြင်း မရှ်ိဘဲ လိုက်နာသွားမည်ဟု ပြောလာခြင်း ကြောင့်ပင် ဖြစ်သည်။

 

အဘယ်ကြောင့် အကျိုးဆောင် ရှေ့နေမှ ၎င်း၏ အမှုသည်အား သေဒဏ် ကျခံရမည့် မှားယွင်းစွာ အပြစ်ပေးခဲ့မှု ကို လက်ခံရန် အကြံပေးခဲ့ရသနည်း။ ဂျွန်ဆင်၏ ရှေ့နေ သုံးဦး ထဲမှ နှစ်ဦးသည် အယူခံ ပါကလည်း အကျိုးထူးမည် မဟုတ်ဟု ယုံကြည်ခဲ့ကြသည်။ ထို့အပြင် အယူခံ ဝင်နေသည့် ကာလ အတွင်း ဂျွန်ဆင်အား ချုပ်နှောင်ထားသည့် နေရာသို့ ဝင်ရောက် စီးနင်း တိုက်ခိုက်ကြမည် ဆိုက ဂျွန်ဆင် တွင်သာမက အခြား အကျဉ်းသားများလည်း သေဆုံးသွားနိုင်သည့် အန္တရာယ် ရှိလာမည့် အရေးကိုလည်း စိုးရိမ်ခဲ့ကြသောကြောင့် ဖြစ်သည်။

 

ရှေ့နေများက အပြစ်ပေးသည့် အတိုင်း လက်ခံမည် ဆိုက ကြိုးပေးဖို့ သတ်မှတ်ထားသည့် အချိန်ရောက်မှသာ သေမည်၊ သို့မဟုတ်က အမဲဖျက်ဖို့ ရောက်လာမည့် လူအုပ်ကြီး လက်ချက် ဖြင့် အသေခံ မည်လား ဆိုသည်ကိုသာ ရွေးရတော့မည်ဟု ဂျွန်ဆင်အား ပြောပြခဲ့သည်။ ဂျွန်ဆင်က အယူခံ မဝင်ဖို့ သဘောတူလိုက်သည်။

 

"ကျွန်တော် အနေနဲ့ သေဖို့ အသင့်ပါပဲလို့ တရားသူကြီး ကို အသိပေးပါ့မယ်၊ ဒါပေမယ့် ကျွန်တော်မှာ အပြစ်မရှိဘူး ဆိုတာကိုလည်း ပြောရမယ်" 

 

သို့သော် အက်ဒ် ၏ စိတ်သည် ဒွိဟ ဖြစ်လာသည်။ ၎င်းအား သေဒဏ် စီရင်ကြောင်း အမိန့်ကို ဖတ်ကြားပြီး နောက် နာရီ အနည်းငယ် အကြာတွင် ၎င်း၏ ဖခင် ဖြစ်သူ စကင်ဘုန်း ဂျွန်ဆင်သည် ချက်တန်နူဂါ ရှိ လူအများ လေးစားခြင်း ခံရသည့် လူမည်း ရှေ့နေကြီး နိုဝါး ပါဒင်း ၏ ရုံးသို့ ရောက်လာခဲ့သည်။ စကင်ဘုန်းက ၎င်း၏ သားဖြစ်သူ သည် မသေချင်၍ စိတ်ပြောင်းသွားပြီး အယူခံ ဝင်မည်ဟု ပြောလာခဲ့သည်။

 

ပါဒင်းသည် ထိုအမှုကို လက်ခံရန် စိတ်မပါလက်မပါ ဖြစ်နေသည်။ ဂျွန်ဆင် သည် တရားမျှတစွာ အမှု စီရင် ဆုံးဖြတ်ခြင်း ခံရကောင်းမှ ခံခဲ့ရမည် ဖြစ်‌သော်လည်း တင်နက်စီ အထက် တရားရုံးချုပ်ထံ လူအများ၏ စိတ်ကို အထူး လှုပ်ရှားအောင် လုပ်နိုင်ခဲ့သည့် ထိုအမှု မျိုး ပြန်၍ တရားရင်ဆိုင်ခွင့် ပြုဖို့ လျှောက်လှဲ ရန်မှာ မဖြစ်နိုင်သလောက်သည့် အရေး ဖြစ်နေသည်။

 

ပါဒင်း၏ ပါတနာ ဖြစ်သူ ရှေ့နေ စတိုင်းစ် ဟပ်ချင်းကမူ ထိုသို့ မယူဆခဲ့၊ အမှုသည် အတွက် မည်မျှ ပင် မဖြစ်နိုင်ဟု ဆိုစေကာမူ တရားမျှတမှု ရရှိအောင် ကြိုးစားရေးသည် မိမိတို့ ရှေ့နေများ၏ တာဝန်သာ ဖြစ်သည်ဟု ဆိုသည်။ ဤသို့ဖြင့် ပါဒင်း နှင့် ဟပ်ချင်းစ် တို့က အမှု ကို လက်ခံလိုက်ကြသည်။