လူသား ကွန်ယက်(41)

by Hla Soewai - Sep 26 2025

ပညာရှင်များ အချင်းချင်း သတ်မှတ်ထားသည့် အမြင်အပေါ် မူတည်သည့် အမှန်တရား (intersubjective reality) များ ကိုယ်နှိုက်က ပကတိ ဖြစ်စဉ်၏ တစိတ်တပိုင်း ဖြစ်လာသည်။ လူသားများသည် ပို၍ စွမ်းပကား ကြီးထွားလာကြသည် နှင့် အမျှ ကျွနုပ်တို့ သတင်း အချက်အလက် ကွန်ယက်ကြီးများ၏ အပြင်လောက အတွက် လက်ငင်း အကျိုး ရှိဖို့ ဖြစ်လာခဲ့သည်။

 

ဥပမာအားဖြင့် သိပ္ပံပညာရှင် များ နှင့် ဥပဒေပြု အမတ်များ မျိုးစိတ်များကို ၎င်းတို့ ရင်ဆိုင် နေရသည့် မျိုးတုန်း မည့် အန္တရာယ်ကို လိုက်၍ အမျိုးအစား ခွဲခြားထားကြသည်။ ထိုသို့ ခွဲခြားရာတွင် "အနိမ့်ဆုံး စိုးရိမ်စရာ အဆင့်"၊ "အန္တရာယ် မှ မလုံခြုံသော အဆင့်"၊ "အန္တရာယ် ကျရောက်လာနေသည့် အဆင့်"၊ "မျိုးတုန်းမည့် အဆင့်" ဟူ၍ အဆင့်ဆင့် ခွဲခြား သတ်မှတ် လာကြသည်။

 

တရိစ္ဆာန် မျိုး နွယ်စု တစုအား "အန္တရာယ် ကျရောက်နေသည့် အဆင့်" ဟု သတ်မှတ်ခြင်းသည် ပညာရှင်များ အချင်းချင်း သတ်မှတ်ထားသည့် အမြင်အပေါ် မူတည်သည့် အမှန်တရား (intersubjective reality) သာ ဖြစ်သည်။ သို့သော်လည်း ကျယ်ပြန့်သော အကျိုးဆက်များ ရှိလာနိုင်သည်။ ထိုကဲ့သို့ သတ်မှတ်ခံထားရသော တရိစ္ဆာန်များ အား အမဲလိုက်ခြင်း၊ ၎င်းတို့ နေထိုင်ရာ သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးပစ်ခြင်း များအား ဥပဒေ ဖြင့် တားမြစ်ခြင်း တို့ ပြုလုပ်လာခဲ့ကြသည်။

 

အချို့သော တရိစ္ဆာန် မျိုးနွယ်စု တစု အား "အန္တရာယ် ကျရောက်လာနေသည့် အဆင့်" ဆိုသည့် အံဆွဲထည့် ထည့်မည်လော၊ သို့တည်းမဟုတ် "အန္တရာယ် မှ မလုံခြုံသော အဆင့်" အံဆွဲထည့် မည် လော ဆိုသည့် ဗျူရိုကရေစီ သမားတို့၏ ဆုံးဖြတ်ချက် များသည် တရိစ္ဆာန်တို့၏ သေရေး ‌ရှင်ရေး ကို အဆုံး အဖြတ် ပေးလာနိုင်သည်။

 

နောက်ပိုင်း အခန်းများ တွင်လည်း ဗျူရိုကရေစီသည် စည်းမျဉ်း သက်သက်ဆိုကာ သင့် အပေါ် တံဆိပ် ကပ်နှိပ်လာသည် များ ရှိလာပြီး သင်၏ ကံကြမ္မာ ကို အဆုံးအဖြတ် ပေးနိုင် ဆဲ ဆိုသည်ကို တချိန်မဟုတ် တချိန် တွေ့လာနိုင်သည်များ ကို ဖေါ်ပြသွားမည် ဖြစ်သည်။

 

ဤနေရာတွင် တရိစ္ဆာန်များ နှင့် ပတ်သက်၍ ကျွမ်းကျင်သူသည် သွေးနှင့် ကိုယ် သားနှင့်ကိုယ် ဗျူရိုကရက်တဦး၊ လူသားများ နှင့် ပတ်သက်၍ ကျွမ်းကျင်သူသည် လည်း သွေးနှင့် ကိုယ် သားနှင့်ကိုယ် ဗျူရိုကရက်တဦး ဖြစ်နိုင်သည်။ အဇီဝ မူလ AI လည်း ဖြစ်နိုင်ပေသည်။

 

The Deep State 

 

ဗျူရိုကရေစီအား အကာအကွယ် ပေးနိုင်ရန် တခါတရံတွင် အမှန်တရားကို စွန့်လွှတ်ပြီး ကမ္ဘာကြီးအား ကျွနုပ်တို့ နားလည်ထားမှု ကို ပုံပျက်ပန်းပျက် ဖြစ်အောင် ပြုလုပ်ရသည့် အခါများလည်း ရှိတတ်သည်။ စနစ်ကို ထိန်းသိမ်းထားရန် အလို့ငှာ မကြာခဏ ဆိုသလို လည်း လုပ်လေ့ရှိသည်၊ ထိုသို့ မလုပ်က ကြီးမား ကျယ်ပြန့်စွာ နွယ်ယှက်နေသော လူသား ကွန်ယက်ကြီးကို ထိန်းသိမ်းထားဖို့ လွန်စွာ ခက်ခဲ ပေလိမ့်မည်။

 

ဗျုရိုကရေစီ သည် မည်သည့် အခါမျှ စင်းလုံးချော မဖြစ်သော်လည်း ထိုသို့သော ကွန်ယက်ကြီးကို စီမံခန့်ခွဲ နိုင်ဖို့ ပို၍ ကောင်းမွန်သော နည်းလမ်း ရှိနိုင်ပါမည်လော။ ဥပမာ ‌ဆိုရက ပညာရေး လောကတွင် သမာရိုးကျ အကန့်လိုက် ခွဲခြားထားသည့် ဌာနများ၊ တက္ကသိုလ်များ၊ စာတမ်းဂျာနယ်မျာကို ဖျက်သိမ်းမည် ဆိုက ဆရာဝန် လောင်းများ အနေဖြင့် သမိုင်း ပညာရပ်ကို နှစ်ပေါင်း များစွာ ကြာ လေ့လာကြရမည် ဖြစ်သည်။ ခရစ်ယာန် ဘာသာရပ်တွင် သေမင်းတမန် ကပ်ရောဂါ Black Death ၏ အန္တရာယ် ပေးခဲ့ပုံများကို လေ့လာသင်ယူခဲ့သူများအား ရောဂါပိုးမွှားဗေဒ ပညာရှင်များ အဖြစ် ယူဆ၍ ဖြစ်မည်လော။

 

ကမ္ဘာကြီး၏ ကွဲပြားနေမှု အားလုံးကို တခုလုံး ခြုံပြီး သုံးသပ်လေ့လာနိုင်ရန် ဗျူရိုကရေစီ အားလုံးကို ဖျက်သိမ်းပစ်ရန် စိတ်ကူးယဉ်သူများ စဉ်းစားရမည့်က ဆေးရုံများသည် ဗျူရိုကရေစီ အင်စတီကျူးရှင်း များ ဖြစ်နေသည် ဆိုသည့် အချက်ပင် ဖြစ်သည်။ ဆေးရုံများတွင် ဌာန အသီးသီး ခွဲခြားထားပြီး ဆင့်ကဲ ဆင့်ကဲ အုပ်ချုပ်မှုများ၊ လိုက်နာရမည့် လုပ်ထုံး လုပ်နည်းများ၊ ဖြည့်သွင်းရမည့် ဖောင် များ အများ အပြား ရှိနေပေသည်။

 

ဆေးရုံများတွင်လည်း ဗျူရိုကရက် ဆိုးကျိုးများ ခံစားနေကြရသည်။ သို့သော်လည်း ကျွနုပ်တို့ ခန္ဓာကိုယ် တွင် ဖြစ်ပွားလာသော ဇီဝရောဂါ များကို ကုသပေးနိုင်နေဆဲ ဖြစ်သည်။ ကျွနုပ်တို့၏ နေ့စဉ်ဘဝ များကို ပိုမိုကောင်းမွန်လာအောင် လုပ်ပေးနေသည့် စာသင်ကျောင်းများ မှသည့် မိလ္လာ စနစ်များအထိ အခြား လုပ်ငန်းဌာနများ လည်း အလားတူ ပင် ဖြစ်သည်။

 

အိမ်သာကို ရေဆွဲချလိုက်သည့်အခါ အညစ်အကြေးများသည် ဘယ်နေရာသို့ ရောက်သွား‌ကြသနည်း။ နက်ရှိုင်းသော ကမ္ဘာသို့သို့ ရောက်ရှိသွားကြသည်။ နက်ရှိုင်း‌ သော ကမ္ဘာ ဆိုသည်က ကျွနုပ်တို့ နေထိုင်ရာ အိမ်အောက်များတွင် ရှုပ်ထွေးစွာ သွယ်တန်းနေသည့် မိလ္လာပိုက်များ၊ ရေစုပ်စက်များ၊ ဉမင်လှိုဏ်ခေါင်းများ ဖြင့် အညစ်အကြေးများကို စုဆောင်းပေးသည့် နေရာကို ဆိုလိုခြင်း ဖြစ်သည်။ သောက်သုံးရေ နှင့် မရောထွေးရန် လည်း ခွဲခြားထားသည်။ အညစ်အကြေး များကို သုံးနိုင်သည့် အထိ သန့်စင်ပေးခြင်း သို့မဟုတ် ဘေးကင်းရာသို့ စွန့်ထုတ်ပစ်သည်။

 

အဆိုပါ လုပ်ငန်းကို ဒီဇိုင်းဆွဲပြီး တည်ဆောက် ထိန်းသိမ်း သွားမည် ဆိုက ပေါက်နေသည့် ပိုက်များကို ပိတ်ဆို့ရမည်၊ ညစ်ညမ်းမှု အတိုင်းအတာကို စောင့်ကြည့်ရမည်။ အလုပ်သမား များကို လစာပေးရမည်။ ဤသည်ကလည်း ဗျူရိုကရေစီ အလုပ်ပင် ဖြစ်သည်။ ထိုကဲ့သို့သော ဌာနကို ဖျက်သိမ်းလိုက်မည် ဆိုက ကျွနုပ်တို့သည် နေရထိုင်ရသည်မှာ သက်တောင့် သက်သာ ရှိမည် မဟုတ်သည့် အပြင် အသက်ဆုံးရှုံးသည် အထိ ဖြစ်သွားနိုင်သည်။

 

မိလ္လာရေ နှင့် သောက်သုံးရေ ရောနှောမိမည့် အန္တရာယ်ကား အမြဲလို ရှိနေသည်။ ကျွနုပ်တို့ အတွက် ကံကောင်းနေရသည်က ထိုနှစ်ခု ကို သီးခြားစီ ဖြစ်အောင် ခွဲပေးနေသည့် ဗျူရိုကရက်များ ရှိနေခြင်းပင် ဖြစ်သည်။