အမေရိကန် တို့ အတွက် သတင်းကောင်း ဖြစ်လာရသည်က ကမ္ဘာစနစ်ကြီးကို ထိန်းသိမ်းလိုက ထိန်းထား နိုင်စွမ်း ရှိနေသည့် အပြင် ကမ္ဘာအရေးတွင်လည်း ဦးဆောင်မှု အခန်းက တက်ကြွစွာ ပါဝင်နိုင်သည့် အနေအထား ကို တွေ့နေရခြင်းပင် ဖြစ်သည်။
နိုင်ငံတနိုင်ငံ ပြင်ပတွင် ဖြစ်ပျက်နေသည်များသည် ထိုနိုင်ငံများ အတွင်း ဖြစ်ပျက်နေသည်များကို ဂယက် ရိုက်ခတ် နိုင်စွမ်း ရှိနေသည် ဆိုသော ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီး ၏ အခြေခံ ကျသော အမှန်တရားကို ထင်ဟပ်ပြနေခြင်းပင် ဖြစ်သည်။
ထိုအမြင်သည် နှစ်ပေါင်း လေးဆယ်ခန့် ကြုံလာခဲ့ရသည့် စစ်အေး တိုက်ပွဲကြီး၏ အတွေ့အကြုံများမှ ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။
ထိုကာလများက ကာကွယ်ရေး အသုံးစရိတ်သည် တနိုင်ငံလုံး ကုန်ထုတ်လုပ်မှု ပမာဏ ၏ ရာခိုင်နှုန်း အတော်များများကို ထုတ်နှုတ် အသုံးပြုခဲ့ကြသော်ငြားလည်း စီးပွားရေး ရှင်သန် ဖွံ့ဖြိုးလာရေး အတွက် တစိုက်မတ်မတ် အကောင်အထည် ဖေါ်နိုင်ခဲ့ကြသည်။
အမေရိကန် ပြည်ထောင်စု ၏ ကမကထ ပြုမှုဖြင့် ခေတ်သစ် ကမ္ဘာစနစ် ကြီး အား အခြားနည်းလမ်း တမျိုးမျိုး ဖြင့် ပေါ်ပေါက်လာဖွယ် မရှိ၊ ရှိလျင်လည်း မည်သူကမျှ သဘောကျ ဖွယ် မရှိပေ။ တရုတ်က ဦးဆောင်လာမည် ဆိုလျင်လည်း ထိုစနစ်သည် လစ်ဘရယ် အနှစ်သာရ များ ကင်းမဲ့နေမည်သာ ဖြစ်သည်။ ထိုအစား အာဏာရှင်ဆန်ဆန် အုပ်ချုပ်မည့် ပြည်တွင်း နိုင်ငံရေးစနစ်၊ စီးပွားရေး တွင်လည်း ပြည်တွင်း တည်ငြိမ်ရေး ကို အဓိကထားမည့် အစိုးရ မှ ထိန်းချုပ်သွားမည့် စနစ်မျိုးသာ ဖြစ်လာပေလိမ့်မည်။
ယင်းနှင့် အတူ တရုတ်သည် ၎င်း၏ ဩဇာနယ်ပယ်ကို ဒေသတွင်း လွှမ်းမိုးရန် ကြိုးပမ်းလာမှု များ ရှိလာမည် ဖြစ်၍ အခြား ဒေသတွင်း အင်အားကြီး နိုင်ငံများ ဖြစ်သော ဂျပန်၊ အိန္ဒိယ၊ ဗီယက်နမ် ကဲ့သို့ နိုင်ငံများ နှင့် ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်ပေသည်။ ထိုနိုင်ငံများသည်လည်း တရုတ်၏ ဩဇာ ချဲ့ထွင်လာမှု ကို တန်ပြန်နိုင်ရန် သမာရိုးကျ သို့မဟုတ် နျူကလီယား လက်နက်များ အထိ ပိုင်ဆိုင်ရန် လုံးပမ်းလာကြပေလိမ့်မည်။
ဥရောပ၊ အာရှ ရှိ အလယ်အလတ် အင်အားရှိ နိုင်ငံများ၊ ကနေဒါ ကဲ့သို့ နိုင်ငံများမှ ဒီမိုကရေစီ နည်းလမ်း တကျဖြင့် စည်းမျဉ်းခံ စနစ်သစ် တခု ကို ချပြ နိုင်သည်၊ ထိုစနစ်သည် မည်မျှပင် ဆွဲဆောင်မှု ရှိနေစေကာမူ စစ်ရေးစွမ်းရည် ချို့တဲ့နေမှု နှင့် ပြည်တွင်း တွင် စိတ်မပါ လက်မပါ ဖြစ်နေမှု များ ကြောင့် အရာထင်မည် မဟုတ်ပေ။
ပို၍ ဖြစ်လာနိုင်ခြေ ရှိနေသည်က စနစ် အသေးစား ပုံစံမျိုး ထွက်ပေါ်လာနိုင်ခြင်းပင် ဖြစ်သည်။ ယင်းနှင့် အတူ ကမ္ဘာကြီးသည်လည်း ဖရိုဖရဲ ဖြစ်လာနိုင်သည်။ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ၊ အမျိုးသားရေး ဝါဒ၊ ပေါ်ပြူလစ်ဇင် ဆိုသည့် လူထု နောက်မြီးဆွဲ ဝါဒများ တွင်ကျယ်လာပေလိမ့်မည်။
နိုင်ငံ များ၏ နယ်နမိတ် အတွင်း နှင့် အပြင်များတွင် ပဋိပက္ခများ သည် ဖြစ်ရိုးဖြစ်စဉ်လို ထွက်ပေါ်လာပြီး အင်အားကြီး နိုင်ငံများ အကြား ပြိုင်ဆိုင်မှု များသည် အရှိန် မြင့် လာနိုင်ပေသည်။ ကမ္ဘာ နှင့် တဝှမ်း ရင်ဆိုင်နေရသော စိန်ခေါ်နေမှု များ အပေါ် ပူးပေါင်း ဆောင်ရွက်မှု မျိုး ရှိတော့မည် မဟုတ်သည့် အပြင် ကိုယ်နှင့် မဆိုင်သလို နေလာကြပေတော့မည်။ ယခု ပြောသည့် အကြောင်းအရာများသည် မြင်တွေ့နေကျ ဖြစ်လာပြီ ဆိုက လက်ရှိ ကမ္ဘာကြီး၏ အခြေအနေ နှင့် ပိုပြီး တိုက်ဆိုင်လာပြီဟု ဆိုရမည် ဖြစ်သည်။
အစိုးရများ နှင့် ခေါင်းဆောင်များသည် လက်ရှိ ကမ္ဘာစနစ်ကြီးကို တရားမဝင်တော့ဟု ရှူမြင်လာခဲ့ရာ မှ အစပြုလာခဲ့သော ဖြစ်စဉ်များသည် သမိုင်း တလျောက် ပြည့်နှက်နေခဲ့ပြီး ဖြစ်သည်။ ထိုသို့ ရှူမြင်လာကြခြင်းသည်ကလည်း လက်ရှိစနစ်သည် ၎င်းတို့၏ အရေးပါသော အကျိုးစီးပွားများကို ကာကွယ် စောင့်ရှောက်ပေးနိုင်စွမ်း မရှိတော့၊ ကြီးမားလာသော ၎င်းတို့၏ အင်အား နှင့် ရည်မှန်းချက်များနှင့် လျှော်ကန် သင့်မြတ်သည့် နေရာတနေရာ ရရှိဖို့ အဟန့်အတား ဖြစ်လာနေသည်ဟု လည်း ယူဆလာခြင်းကြောင့် ဖြစ်သည်။
ထိုသို့ ရှူမြင်လာကြသူများထဲတွင် နပိုလီယံ၊ ဘစ်စမတ် နှင့် ဟစ်တလာတို့သည် ထိပ်ဆုံးမှ ပါဝင်လာခဲ့သည်။
သမိုင်းက ပေးသော သင်ခန်းစာများအရ နိုင်ငံတကာ ရေးရာများတွင် စည်းစနစ် ကျမှု သည် အလိုအလျောက် ဖြစ်လာခြင်း သို့မဟုတ် ဆက်လက်တည်တံ့ သွားခြင်းမျိုး မည်သည့် အခါမျှ မရှိခဲ့ဘူးပေ၊ စည်းစနစ်တကျ ရှိရှန် အတွက်မူ အစိုးရများနှင့် အဖွဲ့အစည်းများသည် ၎င်းတို့အကြား ရှိနေသော ကွဲပြားမှု များကို ဘေးချိတ်ပြီး ပူးပေါင်းထိန်းသိမ်း နိုင်ရန် စိတ်ပိုင်းဖြတ်ထားမှု နှင့် သဟဇာတ ရှိမည့် ကြိုးပမ်းအားထုတ်မှု မျိုး ရှိမှသာ ဖြစ်နိုင်ပေသည်။
ဤနေရာတွင် မေးစရာ ဖြစ်လာရသည်က ယခုခေတ် အစိုးရများ နှင့် ၎င်းတို့အား ရွေးချယ်တင်မြှောက်ခဲ့ကြသူများ တွင် ထိုသို့သော ခံယူချက် မျိုး ရှိနေ၊ မရှိနေ ဆိုသည်ပင် ဖြစ်သည်။
ထိုမေးခွန်း၏ အဖြေ အဖြစ် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးပြီး နောက် နှစ်ပေါင်း ရှစ်ဆယ် ကာလ ဖြစ်ခဲ့သည် များသည် ပုံမှန် မဟုတ်ဘဲ ဖြစ်ခဲ့သည်များ လော၊ သို့တည်း မဟုတ် ကမ္ဘာကြီးသည် ယခင် ရာစု နှစ်များကလို ပြန်ဖြစ်လာဦးမည်လော၊ သို့မဟုတ်ကလည်း လစ်ဘရယ် စနစ်၏ အကျိုးကျေးဇူးများ ဆက်လက် ခံစားခွင့် ရှိနေဦးမည်လော ကျွနုပ်တို့အား ပြောလာကြမည်သာ ဖြစ်သည်။
ကျွန်တော် အပိုင်း (၁၂၆) ပိုင်း ခန့် အပတ်တကုတ် တင်ပြခဲ့သော Richard Haass ၏ The World (A Brief Introduction) ပြီးဆုံးသွားပြီ ဖြစ်သည်၊ တင်ပြခဲ့သည့် အကြောင်းများကို ကျေညက်စွာ လေ့လာခဲ့မည် ဆိုက ရှေ့လျောက် ပုံ ပေါ် လာမယ့် ကမ္ဘာကြီး အကြောင်း ပိုမိုနားလည် နိုင်မည့် အခြေခံ အုတ်မြစ်တခု ဖြစ်လာပေမည်၊ ထို့အပြင် နိုင်ငံတကာ ဖြစ်ရပ်များ နှင့် နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အချေအတင် ဆွေးနွေးမှု များကို ပိုမို နီးနီးကပ်ကပ် လေ့လာချင်စိတ်များ ဖြစ်ပေါ်လာပေလိမ့်မည်။
ရစ်ချတ် ဟာ့စ်သည် အမေရိကန် နိုင်ငံခြား ဆက်ဆံရေး ကောင်စီ၏ ဥက္ကဌ အဖြစ် ၂၀၀၃ မှစ၍ ၂၀၂၃ အထိ နှစ်ပေါင်း နှစ်ဆယ်ကြာ တာဝန်ယူခဲ့သူ ဖြစ်သည်။ ထို့မတိုင်မီက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန မူဝါဒရေးဆွဲရေး ဌာန၏ ညွန်ကြားရေး မှုး ဖြစ်ခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီး ကောလင်း ပါဝဲလ်၏ အနီးကပ် အကြံပေး လည်း ဖြစ်ခဲ့သည်။