အမေသည် ပြတင်းပေါက်ကို ပိတ်လိုက်ပြီး ကုလားထိုင်ပေါ်သို့ လေးကန်စွာ ထိုင်ချလိုက်သည်။ အားအင်များ ယုတ်လျော့သွားသလို ခံစားလိုက်ရသည်။ ဦးနှောက်သည်လည်း ခံစားမှု ကင်းမဲ့ပြီး လေဟာနယ်ကြီးလို ဖြစ်ကျန်ခဲ့သည်။
သို့သော် သားဖြစ်သူ အပေါ် ကျရောက်လာတော့မည့် အန္တရာယ်ကြီးကို သတိမူမိလာသည်အတွက် ချက်ခြင်းဆိုသလို ငေါက်ကနဲ ထရပ်လိုက်သည်။ အဝတ်အစား ကမန်းကတမ်း လဲပြီး တဘက်စောင်ကို ခေါင်းတွင် ပတ်ကာ ဖေဒ်ယာ မေဇင် အိမ်ဖက်သို့ အပြေးကလေး ထွက်လာခဲ့သည်၊ မေဇင်သည် မမာမကျန်း ဖြစ်နေ၍ အလုပ်မဆင်းတော့သည်မှာ ကြာပြီ ဖြစ်သည်။
မေဇင်အား အိမ်ပြတင်းပေါက်ဘေးတွင် စာဖတ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ ညာလက်ကို လည်း ဘယ်ဖက်လက် နှင့် ကိုင်ကာ ဟိုဟိုဒီဒီ လှုပ်ရှားနေပြီး လက်မကို ဖြန့်ထားသည်။
အမေပြောပြသည့် သတင်းကို ကြားလျင်ကြားချင်း ဆတ်ကနဲ ထရပ်ကာ ထိတ်လန့်တုန်လှုပ်သွားပြီး မျက်နှာ တခုလုံး သွေးမရှိတော့သည့် အလား ဖြူဖတ်ဖြူယော် ဖြစ်သွားသည်၊ နှုတ်ခမ်းများလည်း တဆတ်ဆတ် တုန်လာနေသည်။
"ဒီမှာ ကြည့်တော့ လက်ချောင်းမှာ ပြည်တည်နေတယ်" ဟု ပြောလာသည်။
အမေသည် နဖူးမှ စီးကျလာသော ချွေးများကို သူမ၏ တုန်ရင်နေသော လက်များ နှင့် သုတ်လိုက်ရင်း "ကျမတို့ ဘယ်လို လုပ်ကြမတုန်း"
ဖေဒ်ယာက "ခဏ လောက် စောင့်ကြည့်ပါဦး၊ မကြောက်ပါနဲ့" ဟု ပြောရင်း ကောင်းနေသော လက်တဖက် ဖြင့် သူ၏ ကောက်ကွေးနေသော ဆံပင်များကို ထိုးဖွလိုက်ပြန်သည်။
"မကြောက်နဲ့သာဆိုတယ်၊ ရှင်ကျတော့ ကြောက်နေပါလား"
"ကျွန်တော်က.."ဟု ပြောရင်း မျက်နှာနီရဲသွားပြီး ရှက်ကိုးရှက်ကန်း ပြုံးလိုက်ရင်း "အေးဗျာ...သတ္တိ တချက် ကြောင်သွားမိလို့ ကိုယ့်ကိုကိုယ်တောင် စိတ်ပျက်မိတယ်၊ ပါဗယ်ကိုတော့ အသိပေးရမယ်၊ ကျွန်တော် ညီမကို သူ့ဆီ သွားပြောခိုင်းလိုက်မယ်။ အဒေါ်လည်း အိမ်ပြန်၊ ဂရုစိုက်မနေနဲ့၊ သူတို့ ကျွန်တော်တို့ကို ရိုက်လားနှက်လား လုပ်မှာ မဟုတ်ပါဘူး"
အိမ်ပြန်ရောက်လျှင် ရောက်ခြင်း အမေသည် တွေ့သမျှ စာအုပ် အားလုံးကို လိုက်၍ သိမ်းဆည်းလိုက်သည်။ စာအုပ် များကို ပိုက်ပြီး ဝှက်လို့ ရမည့် နေရာ များကို အချိန် အတန်ကြာ အောင် လိုက်ရှာကြည့်လိုက်သည်။ မီးဖိုထဲ ထည့်ရမလား၊ မီးဖို အောက်ကိုပဲ ထိုးထည့်ထားရမလား၊ ပိုက်လုံးထဲ ပဲ ထည့်ရမလား၊ ရေစည်ပိုင်းထဲ ထည့် ဝှက်ထားရမလား မဝေခွဲ နိုင်အောင် ဖြစ်နေသည်။
စိတ်ထဲတွင်လည်း ပါဗယ်သည် သိလျင်သိခြင်း အလုပ်မှ ချက်ခြင်းဆိုသလို အိမ်ကို ပြန်လာလိမ့်မည်ဟုလည်း တွေးမိလိုက်ပြန်သည်။ သို့သော် ပါဗယ်က သူ ထင်ထားသလို ရောက်မလာခဲ့၊ နောက်ဆုံး အမေသည် စိတ်မောလူမော နှင့် မီးဖို ချောင်ထဲရှိ ခုံတန်းရှည် ပေါ် ထိုင်ချလိုက်သည်။ စာအုပ်များကိုတော့ ခုံအောက် ထိုးထည့်ထားလိုက်သည်။ ပါဗယ် နှင့် ရုရှားလေး တို့ စက်ရုံ မှ ပြန် ရောက် မလာမချင်း ထိုင်နေရာမှ မထရဲ သလောက် ဖြစ်နေသည်။
ပါဗယ်ကို တွေ့လျင်တွေ့ချင်း "သား သိပြီး ပြီလား" ဟု ထိုင်ရာမှ မထဘဲ အလန့်တကြား မေးလိုက်သည်။
"ကျွန်တော်တို့ သိပြီးပါပြီ အမေ၊ အမေ ကြောက်နေလား" ဟု ပြုံးစစ နှင့် ပြန်ပြောသည်။
"အိုး.. မကြောက်ပဲ နေ့ပါမလား ကွယ်၊ ကြောက်တာပေါ့"
"အမေ ကြောက်ဖို့ မလိုဘူး၊ ကြောက်နေရင် ကျွန်တော်တို့ကို ကူညီရာ မကျဘူး" ဟု ရုရှားလေးက ဝင်ပြောသည်။
"အမေ ရေနွေး အိုး တွေ ဘာ တွေ တည် မထားတော့နဲ့"
အမေသည် ထိုင်နေရာမှ ထလိုက်ပြီး အပြစ်ရှိသည့် ဟန်ဖြင့် စာအုပ်ပုံကြီးကို လက်ညှိုး ထိုးပြလိုက်သည်။
"အဲ့တာသာ ကြည့်တော့ သား၊ သူတို့ကြောင့် အမေလည်း တချိန်လုံး...."
သားဖြစ်သူနှင့် ရုရှားလေးတို့က အမေ့ စကားကြောင့် ခွက်ထိုးခွက်လန် ရယ်လိုက်ကြသည်။ သူတို့ ရယ်သံကြောင့် အမေလည်း စိတ်သက်သာရာ ရသွားသည်။ ထို့နောက် ပါဗယ်သည် စာအုပ်အချို့ကို ကောက်ယူပြီး ခြံထဲရှိ တနေရာရာ တွင် ဝှက်ထားရန် ထွက်သွားသည်။ ရုရှားလေးကတော့ ရေနွေးအိုး တည်ရန် ကျန်ခဲ့သည်။
"အခုက ဘာမှ ဆိုးဆိုးဝါးဝါးလည်း ဖြစ်လာမှာ မဟုတ်ဘူး အမေ၊ အဓိပ္ပါယ် မရှိတဲ့ အရာတွေနဲ့ လုံးချာလိုက်နေတဲ့ လူတွေသာ ရှက်ဖို့ကောင်းတာ၊ ခါးမှာ ဓားမြှောင်တွေ၊ ခြေထောက်မှာ ခြေနင်းခတ်တံတွေနဲ့ မီးခိုးရောင်ဝတ်စုံဝတ်ထားတဲ့ လူကြီးလူကောင်း ဆိုသူတွေ ဝင်လာကြမယ်။ သူတို့က ပတ်ပတ်လည် ရှာဖွေတူးဆွကြမယ်။ အိပ်ရာအောက်ကို ကြည့်ကြမယ်၊ မျက်နှာကြက်အထိ တက်ကြမယ်။ မြေအောက်ခန်းရှိရင် အဲဒီထဲကိုလည်း တွားဝင်သွားကြမယ်၊ ပင့်ကူအိမ် တွေ နဲ့ သူတို့မျက်နှာ တွေ တိုးမိလည်း လက်နဲ့ ဖယ်ပစ်ကြ၊ လေ နဲ့ မှုတ်ထုတ်ကြ၊ သူတို့ လုပ်ရတဲ့ အလုပ်ကို ပျင်းရိနေကြတဲ့ အပြင် ရှက်လည်း ရှက်နေကြတယ်။ ဒါကို ဖုံးကွယ်ဖို့ ကျွန်တော်တို့ကို စိတ်ဆိုးနေတဲ့ပုံ နှဲ့ မျက်နှာကို ခက်ထန်အောင် လုပ်ထားကြတာပဲ အမေ။
သူတို့လုပ်နေကြရတဲ့ အလုပ်က မနှစ်သက်စရာ အလုပ်မျိုး ဆိုတာ သူတို့ ကောင်းကောင်းသိကြတယ်။ သူတို့ ကျွန်တော်နေတဲ့ နေရာကို ဟိုဖွဒီဖွ လုပ်ပြီး ရင် ရှက်ရှက်နဲ့ ပြန်သွားကြရော၊ ဒါပဲ အမေ။ တခါတုန်းက ကျွန်တော်ကိုပါ သူတို့ နဲ့ တပါတည်း ခေါ်သွားဖူးတယ်၊ ပြီးတော့ အချုပ်ထဲ ထည့်ထားလို့ အဲ့မှာ လေးလလောက်ကြာအောင် နေခဲ့ရသေးတယ်။
အချုပ်ထဲမှာ ထိုင်ပြီးရင်း ထိုင်နေရတာ၊ ကိုယ့်နာမည် ခေါ်ရင် လမ်းပေါ်ကို အစောင့်အရှောက်တွေ နဲ့ ထွက်ရတယ်၊ တနေရာ ရောက်တော့ မေးခွန်းတွေ အမေးခံရတယ်၊ ဒီလူတွေက ဘာမှ အသိဉာဏ် ဆိုတာ မရှိဘူး၊ စကားကိုလည်း အဓိပ္ပါယ် မရှိ၊ တောင်စဉ် ရေမရ ရှောက်ပြောကြတာ၊ သူတို့ မေးချင်တာ မေးပြီးသွားရင် ကျွန်တော်ကို အချုပ်ထဲ ပြန်ခေါ်သွားဖို့ အစောင့် စစ်သားတွေကို ပြောတယ်၊ ဒီလိုနဲ့ ဟိုနေရာ ခေါ်ထုတ်၊ ဒီနေရာ ခေါ်ထုတ်နဲ့ သူတို့ ယူထားတဲ့ လစာ နဲ့ တန်အောင် ရှောက်လုပ်နေကြတာမျိုးလား၊ ပြီးရင် ပြန်လွှတ်ပေးလိုက်ရော၊ ဒါပါပဲ အမေရာ"
"မင်းကတော့ အမြဲတမ်း ဒီလိုပဲ ပြောတတ်တာပဲ အန်ဒရူရှား" အမေက ဘာရယ် မဟုတ်ပဲ ပြောလိုက်သည်။
ရုရှားလေးသည် ပြောရင်းက ရေနွေးအိုး အပူပေးသည့် ပိုက် ကို မှုတ်နေသည်။ အားစိုက် မှုတ်နေရ၍ လား မသိ၊ သူ့မျက်နှာက နီရဲနေသည်။ နှုတ်ခမ်းမွှေးကို လက်နှစ်ဖက် နှင့် သပ်လိုက်ရင်းက....
"ကျွန်တော်က ဘယ်လို ပြောတတ်လို့လဲ အမေ"
"မင်းပြောပုံက ဘယ်သူကမှ မင်းအပေါ် အမှား မကျူးလွန် ခဲ့သလိုမျိုး ဖြစ်နေလို့ပါကွယ်"
ခေါင်းကို ရမ်းရင်း ထိုင်ရာမှ ထကာ အမေ့နား ကပ်လာသည်။
"ဒီကမ္ဘာကြီး မှာ အမှားမလုပ်ဘူးတဲ့ လူဆိုတာကော ရှိရဲ့လား အမေ၊ ကျွန်တော့်ကျတော့ အလွန်အမင်း အနိုင်ကျင့် ခံခဲ့ရတော့ ငါ အနိုင်ကျင့်ခံရပါလားဆိုပြီး မခံစားမိတော့ဘူး၊ ထုံသွားတယ်၊ လူတွေက သူတို့ လုပ်နေကျ အတိုင်း မလုပ်ရတော့ဘူး ဆိုရင် ဘာဆက်လုပ်ကြမလဲ၊ အနိုင်ကျင့် ခံခဲ့ရတာတွေ ကြောင့် ကျွန်တော် လုပ်နေတဲ့ အလုပ်မှာ အတော်ကို အနှောက်အယှက် ဖြစ်လာခဲ့တယ်၊ ရှောင်လို့ကလည်း မဖြစ်နိုင်၊ အဲ့တာတွေ ရပ်သွားအောင် သူတို့ကို ဂရုစိုက် နေရင်လည်း အချိန်ကုန်တာပဲ အဖတ်တင်မယ်။ အဲ့လိုမျိုး ဘဝက။
အရင်ကဆို ကျွန်တော် တခါတလေ ဒေါသထွက်မိသေးတယ်၊ ပြန်စဉ်းစားကြည့်မိတော့ ကျွန်တော့် ပတ်ပတ်လည် တွေ့နေရတဲ့လူမှန်သမျှ ကြေကွဲ ဆို့နင့်နေကြတဲ့ လူတွေချည်း ဖြစ်နေတယ်။ သူတို့ကြည့်ရတာလဲ အနားက လူတယောက်ယောက်ရဲ့ ထိုးကြိတ်ခံရမှာကို ကြောက်နေကြတဲ့ ပုံမျိုး၊ အဲ့တော့ ကိုယ်က လက်ဦးမှု ယူပြီး ဦးအောင် ထိုးနိုင်မှ ဖြစ်မယ်လို့ တွေးလာကြတော့တာပဲ၊ အမေရေ ဘဝတွေက အဲဘဒီလို မျိုး ဖြစ်နေတယ်။"
ဣန္ဒြေ မပျက် ပြောနေသည့် သူ့စကားများ ကြောင့် အမေသည် ပုလိပ်များ အိမ် ဝင်ရှာမည်ကို စိုးရိမ် ထိတ်လန့် နေသည်ကိုပင် မေ့လျော့သွားခဲ့မိသည်။
မျက်လုံးများက အရောင်တောက်ပနေသော်လည်း သူ၏ အပြုံးတွင် ဝမ်းနည်းသည့် အရိပ်အယောင်များ ယှက်သန်းနေသည်။ သူ၏ ခန္ဓာကိုယ်သည် ပုံပန်း မကျလှပဲ အပြင်ပန်းကကြည့်လျင် မကျိုးနိုင်ဘဲ ကွေးညွတ်နိုင်သည့် အရာတခုခုဖြင့် ဖွဲ့စည်းထား သလား ထင်ရသည်။
အမေသည် သက်ပြင်းတချက် ချလိုက်ရင်းက "ဘုရားသခင်က မင်းကို ပျော်ရွှင် ချမ်းမြေ့မှုတွေ ပေးသနားပါစေ အန်ဒရူရှားရေ" ဟု လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်မိသည်။
ရုရှားလေးသည် ရေနွေးအိုး ရှိရာသို့ ခြေလှမ်းကျဲကျဲ နှင့် လျှောက်သွားပြီး ဆောင့် ကြောင့် ထိုင်ချလိုက်သည်။
"တကယ်လို့ ဘုရားသခင်က ပျော်ရွှင် စိတ်ချမ်းသာမှု တွေ ပေးလာမယ် ဆိုရင် ကျွန်တော်က ငြင်းမှာတော့ မဟုတ်ဘူး၊ ဒါပေမယ့် တောင်းတော့ မတောင်းဘူး၊ အဲ့လို့ ရအောင် ကြိုးစားဖို့ လည်း အချိန်မရှိဘူး"
ထိုသို့ ပြောပြီးနောက် သူ့ထံမှ လေချွန်သံ ထွက်လာသည်။