တတိယ သင်ခန်းစာသည် မဟာဗျုဟာ ပိုင်း နှင့် သက်ဆိုင်နေသည်။ လူထု တိုက်ပွဲ မှန်သမျှ သည် မြို့ပြ ကို အခြေပြုရမည်ဟူ သော အယူအဆ ကို တရားသေ စွဲကိုင်ထားသူများ သတိပြုရမည် ဖြစ်သည်။ ထိုအယူ အဆသည် အမေရိက တိုက်ရှိ ဖွံ့ဖြိုးမှု နိမ့်ကျနေသော နိုင်ငံအားလုံး၏ လူနေမှု ဘဝ တွင် အလွန် အရေးပါသည့် အခန်းကဏ္ဍ မှ ပါဝင်နေသော ကျေးလက်နေ ပြည်သူများ အား ထည့်သွင်း မစဉ်းစားဘဲ လုံးဝ လျစ်လျု ရှုလိုက်ခြင်းလည်း ဖြစ် ပေသည်။
ထိုသို့ ဆို၍ အလုပ်သမား လူတန်းစားတို့၏ တိုက်ပွဲ ကို လျော့ပေါ့ ပြောဆိုခြင်း မဟုတ်ပေ၊ မိမိတို့၏ ဖွဲ့စည်း ပုံ တွင် တန်ဆာ ဆင်ထားသော အာမခံချက်များကို ရပ်ဆိုင်းပစ်ခြင်း၊ လျစ်လျု ရှုခြင်းများ ပြုလုပ်လာသည့် အခြေအနေမျိုး တွင် လက်နက်ကိုင် တိုက်ပွဲ အဖြစ်နိုင်ဆုံးကို သုံးသပ်ပြခြင်းသာ ဖြစ်သည်။
ထိုသို့သော အခြေအနေမျိုး တွင် မြို့ပြ၌ လက်နက်မဲ့ လျိုဝှက်စွာ လှုပ်ရှားလာမည်ဆိုက အန္တရာယ် ကြီး နှင့် ရင်ဆိုင်ရပေတော့မည်။ သို့သော ကျေးလက်ဒေသများ တွင်က ထိုမျှ လောက် အခက်အခဲ မရှိလှဟု ဆိုရမည် ဖြစ်သည်။ ထို ဒေသများသည် ဖိနှိပ် အုပ်ချုပ် ရေး သမားများ လက်လှမ်း မမှီနိုင်သည့် အပြင် လက်နက်ကိုင် ပျောက်ကျားများက ဒေသခံများကို ကာကွယ် ပံ့ပိုးပေးနိုင်သော ကြောင့် ဖြစ်သည်။
ထိုအကြောင်းကို နောက်ပိုင်းတွင် သေချာစေငုစွာ သုံးသပ် တင်ပြသွားမည်ဖြစ်သည်၊ လောလောဆယ်တွင် မိမိ ပြောလိုသည့် အကြောင်းများ တွင် အခြေခံကျသည့် ကျုးဘား တော်လှန်ရေး အတွေ့အကြုံ မှ ထွက်ပေါ်လာသော သင်ခန်းစာ သုံးရပ် နှင့် ဆက်စပ်နေသည့် ထူးခြားချက်များကို တင်ပြသွားမည် ဖြစ်သည်။
ပျောက်ကျား စစ် ဆိုသည်က ကိုယ့်လူမျိုးကို ကိုယ် ကယ်တင် နိုင်ရန် ရုန်းကန် တိုက်ပွဲ ဝင်ရာတွင် အခြေခံ အကျဆုံး နည်းဗျူဟာ တခု ဖြစ်ပြီး လွတ်မြောက်လိုသည့် ဆန္ဒ သည် တူညီနေကြမည် ဖြစ်သော်လည်း အမျိုးမျိုးသော ဝိသေသ များ၊ သွင်ပြင်လက္ခဏာ များ တွင်တော့ ကွဲပြားနေကြသည်။
စစ်ပွဲတိုင်း လိုက်နာရမည့် ဥပဒေ များ ရှိပြီး ယင်းတို့အား လျစ်လျုရှူ သူမှန်သမျှ အရေးနိမ့်ရစမြဲ ဖြစ်သည်ကို စစ်ပွဲ အကြောင်း ရေးသားခဲ့သူ မှန်သမျှ ဖေါ်ပြခဲ့ပြီး ဖြစ်၍ အားလုံး သိပြီး ဖြစ်သည်။ ပျောက်ကျားစစ်သည်လည်း စစ်ပွဲ တပွဲ၏ အစိတ်တပိုင်း တခု ဖြစ်၍ ထိုသို့သော ဥပဒေသများ နှင့်လည်း အကျုံးဝင်နေသည်။ သို့သော် ပျောက်ကျားစစ် သည် ထူးခြား သော သွင်ပြင် လက္ခဏာများ ရှိနေ၍ အောင်မြင်ရန် အတွက် ဖြည့်စွက် ဥပဒေသများကိုလည်း အသိအမှတ်ပြု လိုက်နာရမည် ဖြစ်သည်။
ပျောက်ကျားစစ်အား မည်သည့် ပုံစံ မျိုး နှင့် ဆင်နွှဲရမည် ဆိုသည်ကို နိုင်ငံ တနိုင်ငံစီ၏ ပထဝီ အနေအထား နှင့် လူမှုရေး အခြေအနေများ ကွဲပြားနေမှု ကို ကြည့်၍ ဆုံးဖြတ်ရမည် ဖြစ်သော်လည်း အားလုံး တွင် ယေဘုယျ အားဖြင့် တူညီသော ဥပဒေများ ရှိနေသည်။
ကျွနုပ်တို့၏ လက်ရှိတာဝန်သည် ထိုသို့သော စစ်ပွဲ အမျိုးအစား၏ အခြေခံ သဘောတရားများ နှင့် လွတ်မြောက်ရေး အတွက် ရုန်းကန်နေကြသည့် ပြည်သူများ လိုက်နာရမည့် စည်းမျဉ်းများကို ရှာဖွေရန် ဖြစ်သည်။ တွေ့ရှိလာသော အချက်အလက်များဖြင့် သီအိုရီ တရပ် ဖေါ်ထုတ်ရမည်၊ ကျွနုပ်တို့ အတွေ့အကြုံများမှ ရရှိလာသည်များကို ခြုံငုံ၍ အများ အတွက် အကျိုးရှိအောင် ပုံသဏ္ဍန်ချပြီး တင်ပြပေးရမည် ဖြစ်သည်။
ပျောက်ကြားစစ်ပွဲတွင် ပါဝင်နေသော လက်နက်ကိုင်များသည် မည်သူတွေ လဲ ဆိုသည့် မေးခွန်းကို ပထမဦး ဆုံး စဉ်းစားကြည့်ကြရအောင်။ တဖက်တွင် ဖိနှိပ် အုပ်ချုပ်သူ များ နှင့် ၎င်းတို့၏ လက်ပါးစေ များ၊ စနစ်တကျ လေ့ကျင့် ပေးထားပြီး လက်နက်ကောင်းများ ကိုင်ဆောင်ထားသည့် စစ်တပ်၊ အတော်များများသည် ပြည်ပမှ အကူအညီများ ရနေပြီး ဖိနှိပ် အုပ်ချုပ်သူ များ အလိုကျ အသုံးတော် ခံနေသည့် ဗျူရိုကရေစီ စနစ်၊ တဖက်တွင် တော့ နိုင်ငံသား ပြည်သူများ ရှိနေသည်။
ဤနေရာတွင် အထူး သိထားရမည်က ပြောက်ကျားစစ်သည် လူထု လူတန်းစား အလွှာအသီးသီး၏ စစ်ပွဲ၊ ပြည်သူတို့၏ စစ်ပွဲ ဆိုသည်ပင် ဖြစ်သည်။ လက်နက်ကိုင် ပြောက်ကျား အဖွဲ့သည် ပြည်သူ လူထု၏ တိုက်ပွဲ ဝင် ရှေ့တန်း တပ်ဦး ဖြစ်သည်။ လူထု လူတန်းစား အလွှာအသီးသီး မှ ပြည်သူများ နှင့် ဖွဲ့စည်းထားခြင်းလည်း ဖြစ်သည်။
ပြောက်ကျား တပ်သည် လက်နက် အရာတွင် နိမ့်ကျ နေရ၍ ၎င်းတို့ ရင်ဆိုင်နေရသော စစ်တပ်ထက် နိမ့်ကျသည်ဟု မယူဆ သင့်ပေ။ ပြောက်ကျားစစ်သည် ပြည်သူ အများစု ထောက်ခံပေးနေသော ဖက်မှ ဆင်နွှဲနေခြင်းလည်း ဖြစ်သည်။ ဖိနှိပ်သူများ၏ ရန်ကို ကာကွယ်ရာတွင် သုံးရသည့် လက်နက် အရည်အတွက် တွင်မူ အတော်လေး ချို့တဲ့နေရသည်။
ပြောက်ကျား တပ်ဖွဲ့ဝင်များသည် ဒေသခံ လူထု၏ အပြည့်အဝ ထောက်ခံမှု ကို အားပြုနေရသည်။ ဤသည်က မရှိမဖြစ် လိုအပ်သော အခြေအနေ တရပ်လည်း ဖြစ်သည်။ ထိုအချက်ကို ရှင်းလင်းထင်ရှားစွာ သိမြင် နိုင်အောင် ဒေသတခု အတွင်း လှုပ်ရှားနေကြသော ဓါးမြ အဖွဲ့ နှင့် ယှဉ်၍ စဉ်းစားကြည့်နိုင်သည်။ ဓါးပြ အဖွဲ့ တွင် ပြောက်ကျားတပ်ဖွဲ့ နှင့် တူညီသော သွင်ပြင်လက္ခဏာများ တွေ့ကြရမည် ဖြစ်သည်။ တသွေးတည်း တသားတည်း ရှိမှု၊ ခေါင်းဆောင် အား လေးစားမှု၊ ရဲရင့်မှု၊ နယ်မြေကျွမ်းကျင်မှု၊ အသုံးချရမည့် နည်းဗျူဟာ များအား ကောင်းစွာ နားလည် ထားမှု အစရှိသည် တို့ ဖြစ်သည်။
၎င်းတို့တွင် ချို့တဲ့နေသော တခုတည်းသော အရာကား လူထု၏ ထောက်ခံမှုပင် ဖြစ်သည်။ ထို့အတွက် ဓါးပြ ဂိုဏ်းများသည် နောက်ဆုံးတွင် ပြည်သူ့ အင်အားဖြင့် ဖမ်းဆီး ကွပ်မျက်ခြင်းကို မလွဲမသွေ ခံကြရမည်သာ ဖြစ်သည်။
ပြောက်ကျား အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ပုံ၊ ရုန်းကန်လှုပ်ရှားမှုပုံစံနဲ့ ပြည်သူလူထု အခြေပြုအင်အားစု (mass base) တို့ကို ခွဲခြမ်းစိတ်ဖြာကြည့်မည် ဆိုက ပြောက်ကျား တပ်ဖွဲ့ဝင်တစ်ဦး အဘယ်ကြောင့် တိုက်ခိုက်ရသလဲဆိုသည့် အမေးကို ဖြေဆိုနိုင်မည် ဖြစ်သည်။
ပြောက်ကျား တပ်ဖွဲ့ဝင်တဦးသည် ဖိနှိပ်အုပ်ချုပ်သူ များကို လူထု၏ ဒေါသတကြီး ကန့်ကွက်ပြောဆိုနေမှု များအား ကိုယ်စားပြုသော လူမှု ပြုပြင်ပြောင်းလဲရေး သမား တဦး ဖြစ်ပြီး မလွှဲမရှောင်သာ လက်နက်ကို ကိုင်စွဲခဲ့ရခြင်း ဖြစ်သည်ဟူသော ကောက်ချက်ကို တွေ့လာရမည် ဖြစ်သည်။
ပြောက်ကျား တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ လက်နက် မဲ့ ညီအစ်ကို မောင်နှမများအား လူဂုဏ်သိက္ခာ မဲ့စွာ ဆင်းရဲတွင်းထဲ တွန်းပို့နေသည့် လူမှု စနစ်ကြီးအား မှောက်လှန်ပစ်နိုင်ရန် တိုက်ပွဲဝင်နေကြခြင်းလည်း ဖြစ်သည်။ အုပ်ချုပ်နေသော အဖွဲ့အစည်းများကို အချိန်နှင့် တပြေးညီ ဆန့်ကျင် တွန်းလှန်ကြပြီး အခြေအနေက ခွင့်ပြုသမျှ ထိုအဖွဲ့အစည်းများ၏ ပုံစံခွက် ကို ချိုးဖျက်နိုင်ရန် ရနိုင်သမျှ အင်အား အပြည့်ဖြင့် မိမိကိုယ်ကို မိမိ နှစ်မြုပ်ထားကြသူ များ လည်း ဖြစ်ကြသည်။