ဂေါ်ကီ ၏ အမေ(24)

by Hla Soewai - Aug 21 2025

မနက်တွင် အင်ဒရေ ကို ကြည့်ရသည်မှာ ခက်ထန်တဲ့ပုံစံမျိုး မ‌တွေ့ရတော့ဘဲ တခုခု ကို အနိုင်ရသွားသည့် ပုံစံမျိုး ဖြစ်နေသည်ဟု အမေ ထင်မိသည်။ သားဖြစ်သူကတော့ ကိုယ်နေဟန်ထား မတ်မတ်၊ အရင်လိုပင် စကားနည်းပြီး ဖာသိဖာသာ ပုံစံ မျိုး နှင့် ဖြစ်သည်။

 

အမေသည် ရုရှားလေးအား အင်ဒရေ စတက်ပန်နိုဗစ်ခ်ျ ဟု နာမည် အပြည့်အစုံ ခေါ်လေ့ ရှိသော်လည်း ယခု မနက်တွင်တော့ ဘာရယ်ကြောင့်မှန်း မသိ...

 

 "ဟေး...အန်ဒရူရှာ ရေ မင်း ဘွတ်ဖိနပ်ကို ဖာ ဖို့ ကောင်းနေပြီ၊ တော်ကြာ..အအေးတွေ ဘာတွေ မိနေပါဦးမယ်ကွယ်"

 

"လစာ ထုတ်တဲ့ နေ မှပဲ လုပ်နိုင်မယ် အမေရေ၊ အဲ့ကျမှ အသစ် ထပ်ဝယ်တော့မယ်" ပြုံးပြီး ပြန်ပြောသည်၊ ထို့နောက် ရုတ်ခြည်း ဆိုသလို အမေ ပုခုံးပေါ် လက်လာတင်းရင်း "အမေ ဟာ ကျွန်တော်ရဲ့ အမေ အရင်း ဖြစ်နေပြီ ဆိုတာ သိလား အမေ၊ ကျွန်တော်က ရုပ်ဆိုးနေလို့သာ အ‌မေက လူတွေရှေ့ ဝန်မခံရင် ရှိရမယ်"

 

အမေက ဘာမှ ပြန်မပြောဘဲ သူ့လက်ကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။ စိတ်ထဲက ချစ်ခင် နှစ်လိုဖွယ် ကောင်းသည့် စကားများ ပြောချင်နေသော်လည်း သနားဂရုဏာ စိတ်များ က သူမ ၏ နှလုံးသား ကို ဆွဲကိုင် လှုပ်ရမ်းနေ၍ ရင်ထဲက စကားများက လျှာဖျားသို့ ရောက်မလာခဲ့။

 

ရွာထဲတွင် တော့ ‌ဆိုရှယ်လစ် များသည် မှင်ပြာ နှင့် ရေးထား သော စာရွက် စာတမ်း များကို ဖြန့်ဝေနေသည် ဟု ပြောဆိုနေကြသည်။ ထိုစာတမ်းများထဲတွင် စက်ရုံ အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို ကွက်ကွက် ကင်းကင်း ရေးသား ဖေါ်ပြထားသည်။ ထို့အတူ စိန့်ပီတာစဘတ် နှင့် ရုရှား တောင်ပိုင်း မြို့ကြီး များ တွင် ဖြစ်ပေါ်နေသော သပိတ် တိုက်ပွဲ များ အကြောင်း လည်း ပါရှိ‌ လာသည်။ အလုပ်သမား များ အား စည်းလုံးညီညွတ်စွာ နှင့် မိမိတို့ အကျိုးအတွက် တိုက်ပွဲ ဝင်ကြဖို့လည်း တောင်းဆိုထားသည်။

 

စက်ရုံ အတွင်း ဝင်ငွေကောင်းကောင်းရနေပြီး ဇိမ်ကျနေသူများ သည် ထိုစာမျိုး ကို ဖတ်မိကြသည့် အခါ ဒေါသ ထွက်ကုန်ကြပြီး "ဒီလိုမျိုး ပုန်ကန်ဖို့ မျိုးစေ့ ချပေးနေတဲ့ ကောင်တွေကို မျက်လုံးတွေ ဖူးယောင်ကုန် တဲ့ အထိ ထိုးပစ်မှ မှတ်မယ်" ဟု ကြိမ်းဝါးကာ သူတို့ လက်ထဲ ရောက်လာသည့် စာများကို ရုံးခန်းသို့ သွားပြဖို့ ယူသွားကြသည်။

 

ဖတ်မိသည့် လူငယ်များက တော့ "အားလုံး အမှန်တွေ ချည်ပါလား" ဟု အော်ဟစ် ရေရွတ် ကုန်ကြသည်။

 

အရာရာ ကို တုံဏှိဘာဝေ နေတတ်ပြီး ကိုယ့်အလုပ်သာ ကိုယ်လုပ်နေတတ်ကြသူ အများစုက "ဘာမှလည်း ဖြစ်လာမှာ မဟုတ်ဘူး၊ မဖြစ်နိုင်တာတွေ" ဟု ရေရွတ်ပြောဆိုကုန်ကြသည်။

 

သို့သော် လက်ကမ်းစာရွက်များ ကြောင့် အလုပ်သမား များ အကြား လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ နောက်ထပ် တပတ်လောက်ကြာသည် အထိ စာရွက်များ ထပ်မရကြတော့သည့် အခါတွင်တော့ "ဒီနေ့လည်း ဘာမှ ထပ်မရတော့ပြန်ဘူး၊ မရေးနိုင်ကြတော့ဘူး ထင်တယ်" ဟု အချင်းချင်း ပြောကုန်ကြသည်။

 

တနင်္လာနေ့တွင်တော့ လက်ကမ်းစာရွက်များ ထပ်ထွက်လာပြန်သည်။ အလုပ်သမား များ အကြားတွင်လည်း တိုးတိုးတိတ်တိတ် ပြောဆိုသံများ တဖန် ပြန်ကြားလာရသည်။

 

ရွာထဲရှိ အရက်ဆိုင် နှင့် စက်ရုံတွင် တခါမျှ မတွေ့ဖူး မမြင်ဖူးသည့် လူစိမ်းများ တွေ့လာရသည်၊ ထိုလူစိမ်းများသည် မေးခွန်းများ မေးလာကြသည်၊ မြင်သမျှ အရာရာ တိုင်းနှင့် လူတိုင်းကို စစ်လားဆေးလား လုပ်လာကြပြီး ပတ်ဝန်းကျင်ကိုလည်း လေ့လာ စုံစမ်းလာကြသည့် အတွက် ချက်ခြင်း ဆိုသလိုပင် လူအများက အာရုံ စိုက်မိလာကြသည်။ သူတို့၏ သံသယ ဖြစ်ဖွယ် သတိထား စောင့်ကြည့်နေသည့် ပုံစံမျိုး ကြောင့် ဖြစ်ပြီး အချို့က အတော်လေး လွန်လွန်ကဲကဲ စွက်ဖက်လာကြသည့် အတွက် ဖြစ်သည်။

 

ထိုသို့ ရုတ်ရုတ်သဲသဲ ဖြစ်လာရသည်မှာ သားဖြစ်သူ ပါဗယ်၏ လက်ချက်ကြောင့် ဆိုသည်ကို အမေက သိထားပြီး ဖြစ်သည်။ သားသည် တနည်းနည်း နှင့် သူ့အနားသို့ စုဝေး‌လာအောင် လုပ်နိင်သည်ကို သိထား၍ တယောက်တည်း ဖြစ်မနေမှန်း သိသဖြင့်အန္တရာယ် မရှိလှဟု တွက်ဆ ထားပြီးလည်း ဖြစ်သည်။

 

အမေသည် တဖက်က သားအတွက် ဂုဏ်ယူစိတ်များ နှင့် ကျန်တဖက်ကလည်း သားအဖို့ ရှေ့လျောက် ကြုံလာရနိုင်သည့် ကံကြမ္မာ ကို တွေးပြီး စိုးရိမ်ထိတ်လန့် နေမိသည်။

 

သားဖြစ်သူ၏ လူမသိ သူမသိ ကြိုးပမ်းအားထုတ်ခဲ့မှု များသည် ကျဉ်းမြောင်းပြီး ရှူပ်ထွေးနောက်ကျိနေသည့် ဘဝ၏ ရေစီးကြောင်းထဲသို့ လတ်ဆတ်သည့် ရေများ စီးဝင်လာအောင် လုပ်ပေးနေခြင်းသာ ဖြစ်သည်။

 

တညနေတွင် မာယာ ကောဆူနိုဗာ သည် လမ်းဘေး နှင့် ကပ်နေသော အိမ်ရှိ ပြတင်းပေါက်ကို လာခေါက်သည်။ အမေက တံခါး ဖွင့်ပေးလိုက်သည့် အခါ တိုးတိုး ပြောလာသည်၊ သူမ၏ တိုးတိုး ကလည်း အတော်လေး ကျယ်သည်။

 

"တော့် ကို ဂရုစိုက်ဖို့ လာပြောတာ ပီလာဂေယာရေ၊ ကောင်လေးတွေ အခု ပြဿနာ ရှာထားတယ်နော်၊ တော့် အိမ်ကို ဒီည ဝင်ရှာ မယ်လို့ တိုင်ပင်နေကြတယ်။ ပြီးတော့ မဇင် နဲ့ ဗိုင်ဆော့ချီကော့...

 

အမေသည် ထိုအမျိုးသမီး၏ စကားသံကို အစပိုင်းတွင်သာ ကြားလိုက်ရသည်၊ ဆက်ပြောနေသည့် စကားများက သူမ နားထဲသို့ သံရည်ပူ နှင့် လောင်းလိုက်သည့် အလား စီးဝင်သွားခဲ့ရသည်။

 

မာယာ၏ ထူထဲသော နှုတ်ခမ်းများမှ ခရားရေလွတ် တတွတ်တွတ် ဆက်ပြောသံ များ ထွက်လာနေပြန်သည်။ ပြောရင်း မျက်လုံးများကလည်း တောင်ကြည့် မြောက်ကြည့် နှင့် လမ်းပေါ်က တယောက်ယောက်များ သူ့ကို စောင့်ကြည့်နေသလားဟု အကဲခတ် နေပုံရသည်။

 

"ကျမ ဘာမှ မပြောဖူး၊ ကျမဆီက ဘာမှ သိမထားဘူး လို့လည်း ပြောဖို့ မမေ့နဲဦး နော်၊ ကုန်ကုန် ပြောမယ် ကျမ နဲ့ ရှင်နဲ့ ဒီနေ့ တနေလုံး မ‌တွေ့ခဲ့ရဖူးလို့သာ မှတ်ထား၊ ကျမ ပြောတာ နားလည် တယ်နော်"

 

ပြောပြောဆိုဆို နှင့် လှစ်ကနဲ ပျောက်ကွယ် သွားတော့သည်။