စာတတ်မြောက်မှု ရှိသော နိုင်ငံ တနိုင်ငံ တွင် လယ်တကွက် ကို ပိုင်ဆိုင်ဖို့ ဆိုသည်က ကျောက်ပြား တချပ်၊ ဝါး ခြမ်းပြား၊ စာရွက်တရွက် သို့မဟုတ် ဆီလီကွန် ချစ်ပြား တချပ် ပေါ်တွင် မှတ်တမ်း တင်နိုင်မှ ဖြစ်ပေမည်။ အိမ်နီးနားခြင်း တဦးသည် မိမိပိုင် လယ်ကွက်ထဲ တွင် သိုးများကို နှစ်ပေါင်း အတန်ကြာအောင် ဝင်၍ ကျောင်းနေခဲ့လျင် ထိုလယ်ကွက် ကို သင် ပိုင်ဆိုင်ဆိုင်သည်ဟု မည်သူကမျှ ပြောဆိုကြတော့ မည် မဟုတ်ပေ။ ထို့အတွက် သင် ပိုင်ဆိုင်ကြောင်း သက်သေပြနိုင်မည့် တရားဝင် စာရွက်စာတမ်း မျိုး တနည်းနည်းနှင့် ထုတ်ပြနိုင်မှသာ ပိုင်ဆိုင်သည်ဟု ပြောပိုင်ခွင့် ရှိမည် ဖြစ်သည်။
အကယ်၍ ထိုလယ်ကွက်ကို သင်ပိုင်ဆိုင်ပါသည်ဟု တရပ်တည်းနေ လူများက သဘောတူ ထောက်ခံကြသည့် တိုင် ထို အချက်အား သက်သေပြဖို့ သင့်တွင် တရားဝင် အထောက်အထား မတင်ပြနိုင်က အခက်အခဲများ နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ပိုင်ဆိုင်မှု ဆိုသည်က သတင်းအချက်အလက်များ အကြား အပြန်အလှန် ဖလှယ်ကြခြင်းဖြင့် သိမြင်ခံစား နိုင်မှု ဆိုသည့် ပကတိ ဖြစ်စဉ် ကို အခြေခံထားခြင်းသာ ဖြစ်သည်။ ယခုအခါ သတင်းအချက်အလက်များ အား လူများ တဦးနှင့် တဦး ပြောဆိုနေမှု အပေါ် မဟုတ်တော့ဘဲ စာရွက် စာတမ်းများ၊ ကွန်ပြူတာ ဖိုင်များ ဖြင့် မှတ်တမ်းတင်လာကြပြီ ဖြစ်သည်။ ထို့အတွက် ပိုင်ဆိုင်မှု ဆိုသည်က သက်ဆိုင်သော စာရွက်စာတမ်းများကို ထိန်းသိမ်းထားပြီး ထုတ်ပေးသည့် အာဏာပိုင်များက ဆုံးဖြတ်ပေးတော့မည် သဘောပင် ဖြစ်သည်။ မိမိပိုင် မြေကိုလည်း အိမ်နီးချင်း၏ ခွင့်ပြုချက် တောင်းခံစရာ မလိုပဲ မိမိ၏ ပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းကို ဝယ်သူ ထံ လွှဲပြောင်း ပေးလိုက်ယုံဖြင့် အရောင်းအဝယ် ဖြစ်မြောက်သွားသည်။
စာရွက်စာတမ်းများသည် ၎င်းတို့ကို သက်ရှိအရာများအဖြစ် သဘောထားပြီး ဖျက်ဆီးပစ်နိုင်သည်ဟု ယူဆမှုအား ရှေးဟောင်း အဆီးရီးယန်း ဘာသာစကားတွင် ဖေါ်ပြထားသည်ကို ကြည့်ခြင်းအားဖြင့် အချင်းချင်းအပြန်အလှန်လက်ခံနိုင်သော လက်တွေ့ဘဝများကို ဖန်တီးနိုင်စွမ်းရှိကြောင်း အံ့သြဖွယ်ကောင်းလောက်အောင် ပေါ်လွင်ထင်ရှားခဲ့သည်။ အလားတူပင် ကြွေးများ ပြန်ဆပ်ပြီးပါကလည်း ငွေချေး စာချုပ်ကို လည်း ဖျက်ဆီးပစ်နိုင်ပေသည်။ မှတ်တမ်းတင်ထားသော ကျောက်ပြားချပ်ကို ခွဲပစ်ခြင်း၊ သို့မဟုတ် အမှတ်အသားတခု ထပ်မံ ဖြည့်စွက်ခြင်း၊ ချိတ်တံဆိပ်ကို ဖျက်ဆီးခြင်း နည်းမျိုး ဖြင့် ပြုလုပ်ခဲ့ကြသည်။
ထို့အတွက် ငွေချေး စာချုပ်သည် အမှန်တရားအား ကိုယ်စားမပြု၊ အမှန် ဖြစ်ခဲ့သည် ဆိုသော အဆင့်တွင်သာ ရှိပေသည်။ အကြွေးကို ပြန်ဆပ်ပြီးသည့် တိုင် "မှတ်တမ်းကို မဖျက်ဆီးခဲ့" လျင် အကြွေးသည် တင်မြဲ တင်လျက် ရှိနေဆဲပင် ဖြစ်မည်။ ထိုအတူပင် တစုံတယောက်သည် ၎င်းအပေါ် တင်နေသော အကြွေးကို မဆပ်ရသေးခင်မှာပင် ငွေချေး စာချုပ်သည် တနည်းမဟုတ် တနည်း နှင့် ပျက်စီးသွားခဲ့လျင် (ဥပမာ ခွေး စားသွားခဲ့လျင်) အကြွေးသည် လည်း ပေးစရာ မလိုတော့ပေ။ ငွေစက္ကူသည်လည်း အလားတူပင် ဖြစ်သည်၊ ဥပမာ ဒေါ်လာ တရာ တန် ငွေစက္ကူ အား ခွေး စားသွားလျင် ဒေါ်လာ တရာ တန်၏ ဖြစ်တည်မှု သည်လည်း အဆုံးသတ် သွားမည်သာ ဖြစ်သည်။
ရှေးဟောင်း အဆီးရီးယန်း ခေတ် ရှူလ်ဂီ ဘုရင် အုပ်ချုပ်သော "အူ" မြို့ပြ နိုင်ငံမှသည် နောက်ပိုင်း အများအပြား ထွက်ပေါ်လာသော နိုင်ငံရေး လူ့အဖွဲ့အစည်းများ၊ လူမှုရေး၊ စီးပွားရေး နှင့် နိုင်ငံရေး ဆက်ဆံမှု များသည် ပေလွှာ ပုရပိုက် မှတ်တမ်းများကို အမှီ ပြုခဲ့သည်၊ ထို ပေလွှာများသည် ထိုစဉ်က အမှန်တကယ် ဖြစ်ပျက်ခဲ့သည်များကို ကိုယ်စားပြုယုံ သက်သက် မဟုတ်တော့။
နိုင်ငံ၏ ဖွဲ့စည်းပုံများ၊ ငြိမ်းချမ်းရေး စာချုပ်များ၊ ကူးသန်း ရောင်းဝယ်ရေး ကန်ထရိုက်များ ရေးသားရသည့် အခါမျိုးတွင် ရှေ့နေများ၊ နိုင်ငံရေးသမားများ၊ စီးပွားရေး သမားများသည် ရက်သတ္တ ပေါင်းများစွာ၊ တခါတရံ လ ပေါင်းများစွာ ကြာအောင် စကားလုံး တလုံး ရဖို့ ကြိုးစား ပမ်းစား စဉ်းစားခဲ့ရသည်။ ဤသည်ကလည်း ၎င်းတို့ ပြုစုနေသော စာတမ်းများသည် အလွန်တရာ ဩဇာအာဏာ သက်ရောက်မှု ရှိလာမည်ကို သိနေကြသောကြောင့်လည်း ဖြစ်သည်