ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(46)

by Hla Soewai - Aug 21 2025

ဒါနဲ့ ကျွန်တော်လည်း သံရုံးကို မောင်းထွက်လာခဲ့တယ်၊ ဟိုရောက်တော့ လူ တွေ ထောင်ချီ ပြီး တိုးကြဝှေ့ကြ ဖြစ်နေတော့ ဝင်လို့ မရတော့ဘူး၊ ဗိုလ်ချုပ်ကြီး လုပ်ခဲ့သလိုပဲ ကားသော့ ကို စက်နှိုးတဲ့ အပေါက်မှာ တန်းလန်းထားပြီး ဆင်းလာခဲ့တယ်။ ကျွန်တော် ဘဲလ်အဲယား ကားကြီးကို ခွေးမသား ကွန်မြူနစ် တကောင်ကောင်တော့ သုံးပလေ့စေ တော့ ဆိုပြီး၊ ကျွန်တော်လည်း လူအုပ်ကြီး ကြားထဲ အတင်း တိုးခွေ့ ဝင်လာခဲ့တယ်။

 

ပြောရဦးမယ် သူတို့ အချင်းချင်းကြ နေရာဖယ် မပေးတဲ့ ဗီယက်နမ်တွေက ကျွန်တော်ကျ ဖယ်ပေးတယ်ဗျာ၊ ကျွန်တော်လည်း တွန်းလိုက်၊ တိုးလိုက် အော်လိုက်ဟစ်လိုက်နဲ့ အနားရောက်လာတယ်၊ အနား ရောက်လေ၊ အခြေအနေက ပိုဆိုးလာလေပဲ၊ ဒါနဲ့ တံတိုင်းပေါ်က မရိမ်း တွေ နဲ့ မျက်လုံးခြင်း သွားဆုံတယ်၊ ကျွန်တော်လည်း အနားရောက်အောင် တိုးနိုင်မှ သူတို့လည်း ကယ်လို့ ရမယ် ဆိုတာ သိထား တာကိုး။

 

ကျွန်တော်တကိုယ်လုံးလည်း ချွေးတွေနဲ့ ရွှဲနစ်ပြီး အင်္ကျီလည်း ပြဲကုန်ပြီ၊ လူအုပ်ကြီး ကြားထဲမှ လှုပ်မရ အောင် ညပ်နေတယ်၊ ရှေ့ရောက်နေတဲ့လူတွေကလည်း လှည့်ကြည့်မရ ဖြစ်နေတော့ ကျွန်တော် အမေရိကန် ဆိုတာလည်း မသိကြဘူး၊ ပုခုံးကို လက်နဲ့ ပုတ်တယ် မရဘူး၊ နောက်တော့ ဆံပင်ပါ ဆောင့်ဆွဲ ပစ်ပလိုက်တယ်၊ မရရင် နားကို လိမ်၊ အင်္ကျီ ကော်လာကို ဆွဲဆောင့် လုပ်ရတော့တယ်၊ ကျွန်တော်တသက် ဒါမျိုး တခါမှ မလုပ်ခဲ့ဘူးပါဘူး ဗျာ။

 

ကျွန်တော်လည်း ကိုယ့်သိက္ခာ ကိုယ် ထိန်းနေရတော့ မအော်ချင်ဘူး၊ နောက်ဆုံး မတတ်နိုင်ဘူး ဘေးကို ဘေးကို ငါ အမေရိကန် ဆိုပြီး အော်ရတော့တာပဲ၊ ဒီလို နဲ့ နောက်ဆုံးကျ တံတိုင်းနား ရောက်သွားတယ် ဆိုပါတော့ဗျာ၊ အဲ့ကျမှ မရိမ်းတွေက လက်ကမ်းပေးပြီး ဆွဲတင်ပေးကြရတယ်။ နောက်တကြိမ် ထပ်မငိုမိအောင် မနည်း ထိန်းထားရတယ်။

 

ကလော့ဒ်က ပြောပြောဆိုဆို လက်ကျန်ကို မော့သောက်လိုက်ပြီး ခွက်ကို စားပွဲ ပေါ် ဆောင့်ချလိုက်သည်။ ကျွန်တော်ဘဝ မှ ဘယ်တုံးကမှ အဲ့လောက်ထိ အရှက်မရခဲ့ဘူး၊ တဆက်တည်း အ‌မေရိကန် တယောက် ဖြစ်ရတာလည်း ဘယ်တုန်းကမှ အဲ့လောက်ထိ ဝမ်းပမ်းတသာ မဖြစ်ခဲ့ဖူးဘူး၊ 

 

ကျွန်တော်တို့လည်း ဘာစကားမှ မဆက်ဖြစ်ဘဲ ထိုင်နေကြသည်၊ ဗိုလ်ချုပ်ကြီးက‌ တော့ နောက်ထပ် အရက် ထပ်ငှဲ့ပေးပြန်သည်။ ကျွန်တော်က 

ကလော့ဒ် ဖက် လှည့်ကာ ခွက်ကို မြှောက်ရင်း ကွန်ဂရက်ကျုလေးရှင်း ဟု ပြောလိုက်သည်။

 

သူက ခွက် ပြန်မြှောက်ရင်းက ဘာအတွက်လဲ ဟု မေးသည်။

 

ခင်ဗျား အခုသိသွားပြီလေ၊ ကျွန်တော်တို့ ဘယ်လို ခံစားကြရတယ် ဆိုတာ။

 

သူက ရယ်လိုက်သည်၊ သူ့ရယ်သံသည် ခပ်ပြတ်ပြတ်နှင့် ခါးသီးပုံ ပေါက်နေသည်။

 

ကျွန်တော်လည်း သူတွေးသလိုပင် တွေးနေမိခဲ့သည်။

 

**********

 

 အမေရိကန် တို့ နောက်ဆုံးထားပြီး ထွက်ရမည့် အချိန် အဖြစ် သတ်မှတ်ထားသည့် လျို့ဝှက်သင်္ကေတ "White Christmas" သီချင်းကို အမေရိကန် ရေဒီယို အသံလွှင့် ဌာနမှ ထုတ်လွှင့်ပေးခဲ့သည်။ ထိုသို့ ကြေညာပေးခဲ့သည့် တိုင် စီစဉ်ထားသည့် အတိုင်း ဖြစ်မလာခဲ့။

 

ထိုသီချင်းသည် အမေရိကန်များ နှင့် ၎င်းတို့ မဟာမိတ်များ အတွက် ရည်ရွယ်ထားသော ထိပ်တန်းလျို့ဝှက် သီချင်း ဖြစ် သော်လည်း မြို့ထဲရှိ လူတိုင်းက ဘာ အတွက် ကြားလာရသည်ကို သိထားကြပြီး ဖြစ်သည်။

 

အဲ့ဒီတော့ ဘာတွေ ဆက်ဖြစ်ခဲ့တယ် ဆိုတာ ခင်ဗျား သိလား၊ ဒီဂျေ က လွှင့်ရမယ့် သီချင်း တိတ်ခွေကို ရှာမတွေ့ဘူး၊ The Binh Crosby သီချင်းလေ၊ သူလည်း စက်ခန်းထဲမှာ ဒေါင်းတောက်အောင် ရှာတာပဲ၊ မတွေ့တာနဲ့ Tennessee Ernie Ford ရဲ့ သီချင်းပဲ လွှင့်ပေးလိုက်ရတယ်၊ ဘယ်သူတုန်း သူကဟု ဗိုလ်ချုပ်ကြီးက မေးလိုက်သည်၊ ကျွန်တော်လည်း ဘယ်သိပါ့မလဲ၊ နောက်ဆုံး သီချင်း နဲ့ သံစဉ် အတူတူ ပဲ ဆိုပြီး လုပ်လိုက်ရတာပဲ၊ အဲ့တော့ ကြားတဲ့ လူတွေက အခြေအနေ ပုံမှန်ဆိုပြီး ယူဆ ကုန်ကြပြီပေါ့ ဟု ကျွန်တော်က မေးလိုက်၍ ကလော့ဒ် က ခေါင်းငြိမ့်ပြသည်။ ဒီလိုနဲ့ အားလုံး ရှူပ်ကုန်တော့တာပဲ၊ သမိုင်းမှာ ဒါတွေ ပါမလာပါစေနဲ့ လို့ မျှော်လင့်ရတာပဲ"

 

ထိုသို့သော ဆုတောင်းမျိုးက ဗိုလ်ချုပ်ကြီးများ နှင့် နိုင်ငံရေး သမားများ အိပ်ယာမဝင်ခင် ဆု‌ တောင်းနေကျလည်း ဖြစ်သည်။ အမှားအယွင်း များထဲတွင် ဆင်ခြေပေးလို့ရသည့် အမှားမျိုး ရှိတတ်သည်။ Frequent Wind စစ်ဆင်ရေး ကို ကြည့်၊ နောက်ထပ် ဖြစ်လာမည့် အမှားပေါ် ကြိုပြီး အရိပ်မိုးလာသည့် အမှားမျိုး ဖြစ်သည်။

 

ကျွန်တော်သည် အမေရိကန် အစိုးရ အပေါ် ၎င်းတို့ အလွဲလွဲ အချော်ချော် လုပ်ခဲ့မှု အတွက် တရားစွဲလျင် ကောင်းမလားဟု တနှစ်လောက် စဉ်းစားခဲ့ဖူးသည်။ အမေရိကန် တို့ ဆိုင်ဂုံမှ အောင်မြင်စွာ ထွက်ခွာနိုင်ဖို့ Frequent Wind စစ်ဆင်ရေး၏ ဉာဏ်ကြီးရှင်သည် မည်သူနည်း။ ခေါင်းထဲက မထွက်ပဲ ဖင်ကြားထဲက ထွက်လာသလား ထင်ရသည်။

 

Frequent Wind အမည်သည် ကာမီကာဇီကို လှုံ့ဆော်ခဲ့သော နတ်လေ ကို အား ကျ၍ မှည့်ခေါ် ခြင်းပေလော၊ သမိုင်း နောက်ခံ မသိသူများ အတွက်မူ ဝမ်းတွင်း လေပုတ်များ ထုတ်သည်ကို အစွဲပြု ချင်သည့် သဘောလားဟု ယူဆကောင်း ယူဆကြပေမည်။ ‌လေလည်ပါက ရိုက်ခတ်မှု များ ဆင့်ကဲ ဆင့်ကဲ ဖြစ် လာ နိုင်သည်ကို သတိမထားမိခဲ့ကြ လေ ရော့သလား။ အဓိပ္ပါယ် နှစ်မျိုး ထွက်နေသည်။

 

‌"လေတိုက်ခတ်ခြင်း၊ ဝမ်းတွင်း လေ ဟူ၍ အဓိပ္ပါယ် နှစ်မျိုး ထွက်နိုင်သည်ကို တမင်တကာ လှောင်ပြောင် ချင်သည့်စိတ် နှင့် ပေးခဲ့သည့် သူ၏ ဟာသဉာဏ်ကိုပင် ချီးကြူးရမလို ဖြစ်နေသည်။ ဒါတင် မကသေး White Christmas သီချင်းကို ခရစ်စမတ် ပွဲ ကို မကျင်းပသူများ၊ နှင်းဖုံးနေသော ခရစ်စမတ် ကို မမြင်ဖူးသူများ အတွက် တမင် ရည်ရွယ်၍ ထေ့ချင် ငေါ့ချင်သည့် သဘော နှင့် ရွေးပေးခဲ့ခြင်း ပေလော။

 

ထိုသရော်တော်တော် လုပ်လိုသည့် အမည်မသိ ပုဂ္ဂိုလ်သည် အမေရိကန် ရဟတ်ယာဉ်များ ပျံတက်သွားတိုင်း အောက်တွင် ကျန်ရစ်ခဲ့သူများ လေပူ လေဆိုးများ ကြီးမားသော အရှိန်အဟုန် နှင့် ရိုက်ခတ် ခံရမည်ဟူသော သဘောသက်ရောက်နိုင်သည်ကို ကြိုတင် မခန့်မှန်း နိုင်ခဲ့ဖူးလော။

 

ကျွန်တော် အနေနှင့် အမေရိကန် များ၏ "ရူးသွပ် မိုက်မဲမှု" နှင့် "သရော်လှောင်ပြောင်လိုမှု" ကို နှိုင်းယှဉ် စဉ်းစားကြည့်သည့် အခါ သရော် လှောင်ပြောင်စိတ် ကြောင့် ဖြစ်မည် ဆိုသော ဖက်ကို အလေးပေးခဲ့သည်။ ဒီလိုမှလည်း သူတို့၏ ဂုဏ်သိက္ခာကို အနည်းငယ် ပြန်ထိန်းပေးရာလည်း ရောက်ပေမည်။ ကျွန်တော်တို့ အပေါ် ကျရောက်လာသည့် ဒါမှ မဟုတ်လည်း ကျွန်တော်တို့ ကိုယ်တိုင် ဖန်တီးခဲ့သည့် ဝမ်းနည်း ကြေကွဲဖွယ် အဖြစ်ဆိုးကြီးမှ ကယ်တင်နိုင်မည့် တခုတည်းသော နည်းလမ်းလည်း ဖြစ်သည်။

 

ပြဿနာ က ထိုအဖြစ် ဆိုးကြီးသည် ဟာသ ပြဇာတ် တပုဒ်လို သေသေသပ်သပ် ပြီးမသွားခဲ့ခြင်း သည်ကပင် ကျွန်တော်တို့ အားလုံး စိတ်ကို ဖိစီးနေဆဲဖြစ်သည်။ အားလုံးထဲတွင် စီးပွားရေး သမား ဖြစ်လာသည့် ဗိုလ်ချုပ်ကြီး သည် အခံရဆုံး ဖြစ်သည်။

 

ကလော့ဒ် ခင်ဗျား ရောက်လာတာ ကျုပ် ဝမ်းသာတယ်၊ ဒီထက် ကောင်းတဲ့ အချိန် မရှိနိုင်တော့ဘူး။

 

ကလော့ဒ် က ပုခုံး တွန့်ပြခြင်း အချိန်ကိုက် ဆိုတာ ကျွန်တော်ရဲ့ ကောင်းကွက် တခုပဲ ဗိုလ်ချုပ်ကြီး။

 

ကျုပ်တို့ မထွက်ခင် ခင်ဗျား သတိပေးခဲ့သလိုပဲ အခု ပြဿနာတခု ရှိလာနေပြီ။

 

ဘာပြဿနာလဲ၊ ကျွန်တော် သိသလောက်က တော့ တခု မကဘူး။

 

ကျုပ်တို့ထဲမှ သတင်းပေး ဒလျို တကောင် ရှိနေတယ်။