အမေသည် အိပ်ယာ ဝင်ပြီး လှဲနေခိုက် သားဖြစ်သူ နှင့် ရုရှား လေး တို့ စာဖတ်နေကြရင်း တီးတိုး ပြောနေကြသည်ကို ကာထားသော အခန်းနံရံ က ပါးသဖြင့် ကြားနေရသည်။
"ခင်ဗျား သိပါတယ်၊ ကျွန်တော် နာတာရှာကို ကြိုက်နေတယ် ဆိုတာ" ဟု ရှရှားလေးမှ တိုးတိုး ပြောလိုက်သည်။
"အေး..ငါသိတယ်" ဟု တအောင့်လောက်အကြာတွင် ပါဗယ် ပြန်ဖြေသံကို ကြားလိုက်ရသည်။
"ဟုတ်လား":ဟု ပြောရင်း ရုရှားလေးက ထိုင်ရာမှ ထလိုက်ပြီး လမ်း ထ လျှောက်နေသည်။ သူ၏ ခြေဗလာ နှင့် ကြမ်းပြင်ပေါ်တွင် လျောက်နေ၍ အသံထွက်လာနေသည်။ ပါးစပ်ကလည်း လွမ်းလွမ်းဆွေးဆွေး သံစဉ် တခုကို လေချွန်နေပြန်သည်။
"ဒါဆို သူ က ကော သတိထားမိလား"
ပါဗယ် ပြန်ဖြေသံ မကြားရ။
"ခင်ဗျား ဘယ်လို သဘောရလဲ" ဟု ရုရှားလေးက အသံ တိုးတိုး ဖြင့် မေးပြန်သည်။
"သူ သတိထားမိတယ်၊ ဒါကြောင့် အစည်းအဝေး တွေကို မလာတော့တာပေါ့"
ရုရှားလေးသည် ခြေထောက်ကို ကြမ်းပြင် ပေါ်တွင် ရှပ်တိုက်လိုက်ရင်းက လေချွန်လိုက်ပြန်သည်။
"ကျွန်တော်က ဖွင့်ပြောလိုက်ရင်ကော ဗျာ"
ပါဗယ် ၏ "ဘာပြောတယ်" ဟု တိုတိုတောင်းတောင်း မေးချလိုက်ပုံသည် သေနတ် ပြောင်းဝမှ ကျည်ထွက်သွားသည့် အလား ထင်ရသည်။
"အဲ့တာ...ကျွန်တော်က ...ဟု ရုရှားလေး၏ အသံသည် တိမ်ဝင်သွားသည်။
"ဘာကြောင့်လဲ" ဟု ပါဗယ်က ဖြတ်မေးလိုက်ပြန်သည်။
ရုရှား လေး က ပြောနေသည့် စကား ရပ်သွားပြီး ပြုံးနေပုံရသည်ဟု အမေ တ္စေးလိုက်မိသည်။
"ဟုတ်တယ်လေဗျာ..ခင်ဗျားပဲ စဉ်းစားကြည့်၊ မိန်းကလေး တယောက်ကို ချစ်မိရင် ခင်ဗျား ဖွင့်ကို ပြောရတော့မှာ၊ နင့်မိုဆို ဘာ အဓိပ္ပါယ် ရှိတော့မလဲ"
ပါဗယ်က လက်ထဲက စာအုပ်ကို ပိတ်ပြီး ဘုန်းကနဲ ပစ်ချလိုက်သည်။
"အဲ့တော့ ဘယ်လိုမျိုး အဓိပ္ပါယ် ရှိလာမယ်လို့ မောင်ရင်က မျှော်လင့်နေလို့လဲ"
နှစ်ယောက်စလုံး ထံမှ စကားသံ ထွက်မလာဘဲ အတန်ကြာအောင် တိတ်ဆိတ်နေသည်။
နောက်ဆုံး "ဘယ်လိုလဲ" ဟု ရုရှားလေး မေးလိုက်သည်ကို ကြားလိုက်ရသည်။
"မောင်ရင် ဘာလုပ်ချင်လည်း ဆိုတာကို စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိထားဖို့ တော့ လိုတယ် အင်ဒရေ၊ ကဲ..သူက မင်းကို ချစ်ပါပြီတဲ့၊ ငါတော့ အဲ့လို မထင်ဘူး၊ ဒါက ထားတော့၊ ချစ်တယ်လို့ပဲ ယူဆလိုက်ရ အောင်၊ ချစ်တယ်ဆိုတာ နဲ့ မောင်ရင် တို့ ယူကြ တော့မယ်၊ အတွေးအခေါ် ရင့်သန်တဲ့ အလုပ်သမား လူတန်းစား အချင်းချင်း ပေါင်းစည်း မိတာ ဆိုတော့ စိတ်ဝင်စားကြမှာပဲ၊
နောက်ပိုင်း ကလေး တွေ ရလာတော့မယ်၊ အဲ့ဒီကျရင် မောင်ရင်လည်း အလုပ်ကို သိမ်းကျုံးပြီး ကြိုးစားလုပ်ရတော့မယ်၊ အဲ့ဒီ ကျရင် ပေါင်မုန့် တတုံး အတွက် ရုန်းကန်နေရတဲ့ သူလိုငါလို ဘဝ မျိုး နဲ့ နေသွားရတော့မယ်၊ ကိုယ်အတွက်ကော ကလေး တွေ အတွက် ပါ နေဖို့ ထိုင်ဖို့ အတွက်လည်း လုပ်ရတော့မှာကိုး၊ အဲ့ဒီတော့ အခု အရေးတော်ပုံ ကြီး မှာ မောင်ရင်တို့ နှစ်ယောက်စလုံး ဘာမှ မဆိုင်တော့တဲ့ အဖြစ် ရောက်သွားမယ်။"
ထို့နောက် စကားသံများ တိတ်ဆိတ်သွားပြန်သည်။ ပါဗယ် က စောစောက ပြောသည့် လေသံ ထက် ပျော့ပြောင်းစွာဖြင့် စကားဆက်လာပြန်သည်။
"မောင်ရင် အဲ့တာမျိုး တွေ မေ့လိုက်တော့၊ အေးအေးဆေးဆေးပဲနေ၊ သူ့ကို စိတ်အနှောက်အယှက် ဖြစ်အောင် သွားမလုပ်နဲ့၊ အဲ့တာ မောင်ရင်ဖက်က လုပ်နိုင်တဲ့ ပိုပြီး လည်း ရိုးသားတဲ့ လုပ်ရပ်မျိုးပဲ"
"အလက်ဇီ အီဗန်နိုဗစ်ခ်ျ ပြောတာ မှတ်မိလား အင်ဒရေ၊ လူတယောက်အဖို့ ဘဝကို အဓိပ္ပါယ်ရှိရှိ ပြည့်ပြည့်ဝဝ ဘဝမျိုး နဲ့ နေနိုင်ဖို့ မရှိမဖြစ် လိုအပ်နေတာ ဘာလဲဆိုတာ၊ သူ ပြောတာက လူတဦးချင်းစီမှာ ရှိနေတဲ့ စိတ်ခံစားမှု၊ အတွေးအခေါ်၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းအား တွေ အားလုံး အပြည့်အဝ အသုံးချ နိူင်ရမယ် ဆိုတာလေ"
"အဲ့တာ ကျွန်တော်တို့ နဲ့ မဆိုင်ဘူး၊ ခင်ဗျား အနေနဲ့ကော ဘယ်လို ပြီးပြည့်စုံတဲ့ ဘဝမျိုး နေနိုင်မှာလဲ၊ ခင်ဗျား အတွက် ဖြစ်လာမှာ လည်း မဟုတ်ဘူး၊" အနာဂတ်ကို ချစ်တယ်ဆိုရင် လက်ရှိ မှာ ခင်ဗျား အားလုံးကို စွန့်လွှတ်ရမယ်၊ အားလုံး အားလုံးကိုပဲ ဘရားသား"
"လူတယောက် အတွက် အဲ့လို လုပ်ဖို့က ခက်ခဲနေမှာပဲ" ဟု ရုရှားလေးက အသံတိုးတိုး နှင့် ပြောလိုက်သည်။
"အခြားကော ဘာလုပ်နိုင်မလဲ၊ စဉ်းစား"
တိုင်ကပ် နာရီ၏ လွှဲသီးသည် ဖြစ်ပျက်နေသည်များကို ၎င်းနှင့် မဆိုင်သည့်အလား တည်ငြိမ်စွာ ဖြင့် လူ့ဘဝ ၏ စက္ကန့် များကို တိတိကျကျ ခုတ်ထစ် ဖြတ်တောက်လျက် ရှိသည်။
"နှလုံးသားရဲ့ တဝက်က ချစ်နေပြီး ကျန်တဝက်က မုန်းဖို့ လုပ်ရမယ်ဆိုတော့ အဲ့ဒါ နှလုံးသား ဖြစ်ပါ့ဦးမလား၊ ကျွန်တော် ခင်ဗျားကို မေးပါရစေဦး၊ အခြား ဘာများ လုပ်နိုင်ဦးမလဲလို့"
စာအုပ်လှန်သံများ ထွက်လာပြန်သည်၊ ပေဗယ်သည် စာဖတ်ရန် ကြိုးစားနေပုံရသည်။ အမေသည် မျက်လုံး ကို မှိတ်ပြီး လှဲနေရင်း တဖက်က ကိုယ်ကို မလှုပ်မိအောင်လည်း သတိထားနေရသည်။ ရုရှားလေး အား သနားစိတ် ဝင်လာ၍ မျက်ရည်ကျချင် သလို ဖြစ်လာသည်၊ သားဖြစ်သူ အတွက် ပို၍ပင် စိတ်မကောင်း ဖြစ်နေမိသည်။
"အမေ့သား၊ အမေ ချစ်ရတဲ့သားလေး ဖြစ်ရလေကွယ်" ဟု မချိတင်ကဲ တွေးနေမိသည်။
ထိုသို့ တွေးနေစဉ် ရုတ်ခြည်း ဆိုသလို ရုရှားလေးထံမှ စကားသံ ထွက်လာပြန်သည်။
"ဒါဆို ကျွန်တော်က ဘာမှ မပြောဘဲ နှုတ်ဆိတ်နေရမယ်ပေါ့"
"အဲ့တာက ပိုပြီး ရိုးသားရာ ကျလိမ့်မယ် အင်ဒရေ" ဟု ပါဗယ်က ငြင်ငြင်သာသာ ပြန်ပြောလိုက်သည်။
"ဒါဆိုလည်း ကောင်းပြီဗျာ၊ ဒါ ကျွန်တော်တို့ သွားရမယ့် လမ်းပဲ" ဟု ပြောပြီး သိတ်မကြာခင်မှာပင် စိတ်မကောင်းသည့် လေသံဖြင့် "ခင်ဗျားကိုယ်တိုင်လည်း အဲ့လို ကြုံလာရရင် အခက် တွေ့လာလိမ့်မယ်"
"ငါ့ အတွက်က အခက် တွေ့ခဲ့ပြီး ပါပြီကွာ"
"ဟုတ်လား"
"ဟုတ်တယ်"
လေပြင်းပြင်း တချက်က အိမ်နံရံကို ပွတ်သပ် ကျီစယ်သွားပြန်သည်၊ နာရီ လွှဲသံကတော့ တချက်ချက် နှင့် ညဉ့်ယံကို သတ်မှတ်နေဆဲ ဖြစ်သည်။
"အမ်..ဒါဆို အတော်ဆိုးတာပဲ" ဟု ရုရှားလေးက စိတ်သက်သာရာရ ရသွားဟန်ဖြင့် ပြောလိုက်သည်။
အမေ ကတော့ မျက်နှာကို ခေါင်းအုံး နှင့် အပ်ပြီး အသံမထွက် အောင် ရှိုက်ငိုနေမိသည်။