ကမ္ဘာနိုင်ငံရေး ဇာတ်ခုံပေါ်က ဂရိုမီကို၏ နေ့ရက်များ(6)

by Hla Soewai - Jul 17 2020

အခန်း (၂)

 

တော်လှန်ရေး၏ နောက်ဆက်တွဲ

 

၁၉၁၄ ခုနှစ်တွင် ဂျာမဏီ က ရုရှားကို စစ်ကြေငြာလိုက်ပြီ ဆိုသော သတင်းသည် ကျွနုပ်တို့ ရွာကလေးသို့ ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာခဲ့သည်၊ လူကြီးများအကြား ထိုသတင်း သည် အပြင်းအထန် ဂယက်ရိုက်သွားခဲ့သည်။

 

အဖေက..

 

“ဂျာမန်တွေ ရုရှားကို ဝင်တိုက်ပြီ၊ ဒီကောင်တွေက အင်အားတောင့်ပြီး အင်မတန်လည်း ရက်စက်တယ်၊ ရောက်လေရာမှာ လူတွေကို ဒုက္ခပေးတတ်တဲ့ ကောင်စားမျိုးတွေ”

 

ထိုခဏမှာပင် ကျွနုပ်တို့နိုင်ငံ၊ ကျွနုပ်တို့ပိုင် လယ်ယာမြေများ၊ သစ်တောများ၊ ကျွနုပ်တို့ နေထိုင်ရာ ဒေသကို ချစ်မြတ်နိုးတတ်ရမည် ဆိုသည် မှာ ဘာကို ဆိုလိုခြင်း ဖြစ်ကြောင်း ပထမဆုံးအကြိမ် ကျွနုပ် သိနားလည် လာခဲ့သည်။

 

ဂျာမန် ကျုးကျော်သူများကို ကျွနုပ်တို့ တရွာလုံးက ဒေါသအမျက်ချောင်းချောင်း ထွက်နေကြပြီ ဖြစ်သည်၊ ယင်းနှင့်အတူ ကိုယ့်အားကိုယ်ကိုး တွန်းလှန်ကြရမည် ဆိုသည့် စိတ်ဓါတ်များ တဖွားဖွား ပေါ်ပေါက်လာကြသည်၊ ချက်ခြင်းလိုပင် နိုင်ငံအနှံ့ တပ်အင်အား စုစည်းလာခဲ့သည်။ ကျွနုပ်၏ ဖခင်သည်လည်း ဒုတိယအကြိမ် စစ်ထဲ ဝင်ခဲ့ရပြန်သည်။ ဖခင်သည် ဗိုလ်ချုပ်ကြီး ဘရူဆီလော့ဗ် ၏ ကွပ်ကဲမှုအောက်တွင်ရှိ တောင်ဖက် နှင့် အနောက်ဖက် စစ်မျက်နှာများတွင် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ရသည်။ ဖခင် ရှေ့တန်းမှ ပြန်ရောက်လာပြီး မကြာမီ ၁၉၁၇ အောက်တိုဘာလတွင် ဘော်ရှီဗစ် တော်လှန်ရေးကြီး ဖြစ်ပွားလာပြီ ဆိုသော သတင်းသည် တောမီးလို ပျံ့နှံ့လာခဲ့ပြီ ဖြစ်သည်။

 

“အလုပ်သမားတွေ လက်ထဲ အာဏာ ရောက်သွားပြီဗျ” ဟု လယ်သမားတယောက်က အဖေကို ပြောလာသည်။ “ကျုပ်တို့လည်း သူတို့နဲ့အတူ ပူးပေါင်း ချီတက်မှ ဖြစ်မယ်၊ မြေပိုင်ရှင်တွေအားလုံး လည်း ဖရိုဖရဲ ဖြစ်ကုန်ကြပြီဗျ”

 

သူ ပြောသည့် စကားများက ကျွနုပ် နားမလည်သည်က များသည်၊ “အာဏာဆိုတာ ဘာကို ပြောတာလဲ” “အလုပ်သမားတွေနဲ့ အတူ ချီတက်ကြရမယ် ဆိုတာကကော”၊ သို့သော် ကျွနုပ်၏ အဖိုး မက်ဗေး နှင့် အိမ်နီးနားချင်း ဖြစ်သူ လွတ်လပ်စွာ တွေးခေါ်တတ်သူဟု ပြောနေသည့် မီခေးလ် ရှလူတော့ တို့ တနေရာသို့ အတူ ထွက်သွားကြဖို့ ကို ဆိုလိုချင်း မဟုတ်မှန်းတော့ သိနေသည်။

 

တော်လှန်ရေး အား “လီနင် နှင့် သူ့အား ကူညီကြသူများ”က ဦးဆောင်နေသည် ဆိုသော သတင်းစကားသည် ပီထရိုဂရက်မှ တဆင့် ရောက်ရှိလာခဲ့သည်။ ကျွနုပ်သည် လီနင်၏ အမည်ကို ထိုအခါမှပင် ပထမဆုံးအကြိမ် စတင် ကြားဖူးလာခဲ့သည်။ သူ့အကြောင်း လူကြီးများ ပြောနေသံကို ကြားရသည့်အခါ ကျွနုပ်စိတ်ထဲတွင် ဒဏ္ဍာရီ ပုံပြင်များထဲက ရန်သူကို အမြဲတမ်း အနိုင်ရခဲ့သည့်  ရဲရင့်သော သူရဲကောင်းများ ကို ဘာကြောင့်မှန်းမသိ မျက်စိထဲ ပြေးမြင်လာမိသည်။

 

ကျွနုပ်တို့ ရွာတွင် ပထမဆုံး သိသာလာသည့် အပြောင်းအလဲတခုကား ယခင်ကလို တရွာလုံး ဖိန့်ဖိန့်တုံအောင် ကြောက်ကြရသည့်  ပုလိပ် အင်စပက်တော်ကြီး လာနေပြီ ဆိုသည့် သတိပေး မောင်းထုသံကို မကြားရတော့ခြင်းပင် ဖြစ်သည်။ ရွာ ရှိ စာသင်ပုလိပ်ကြီးလည်း ဘယ်ရောက်လို့ ရောက်သွားမှန်း မသိတော့ပေ။ သူ့ကို ရွာရှိလူများက မတတ်သာ၍ ပြောဆိုဆက်ဆံနေကြရသော်လည်း ကြောက်ရွံ့ကြရသည်။

 

သို့သော် ရွာရှိ လူများ၏ စိတ်ထဲတွင် အမြဲလို ဖြစ်ပေါ်နေသော စိုးရိမ်ပူပန်မှု ကြီးသည်က ဇာဘုရင် သည် ဘယ်အချိန်များ အာဏာပြန်ရလာမလဲ ဆိုသည်ပင် ဖြစ်ပြီး၊ တော်လှန်ရေးကြီး ပြီး အရာရာတိုင်း ပြောင်းလဲလာခဲ့သည့် တိုင်အောင် ပျောက်ပျက်သွားခြင်း မရှိခဲ့ပေ။

 

ကျွနုပ်တို့ ရွာကလေးသည် ဂျာမန်တို့၏ ကျုးကျော်လာမှုကို ခါးစည်းခံလာခဲ့ရပြီ ဖြစ်သည်၊ ၁၉၁၈ နှစ်ဦးပိုင်းတွင် ဂျာမန်တပ်များ သည် ဂိုမဲလ် ဒေသ အပါအဝင် အနောက်ဖက်ခြမ်း နယ်မြေ တခုလုံးကို သိမ်းပိုက်လိုက်ကြပြီ ဖြစ်သည်၊ တော်လှန်ရေးကြီး ဖြစ်ပွားလာနေသော်လည်း ရုရှားတပ်များသည် အရှေ့ဖက် သို့ တသုတ်ပြီး တသုတ် ရွေ့လျားလာနေပြီ ဖြစ်သည်၊ ဤသည်ကို ကြည့်ခြင်းအားဖြင့် စစ်ပွဲကြီး ဖြစ်ပွားလာပြီ သတင်းကြားရစဉ်က စိုးရိမ်ထိတ်လန့်ခဲ့မှုများသည် အကြောင်းမဲ့ မဟုတ်ကြောင်း ကျွနုပ်နားလည် လာခဲ့ရသည်။

 

ဂျာမန်တပ်များသည် ကျွနုပ်တို့အား ကျွန်ပြုရန် ရောက်လာခဲ့ကြပြီ ဖြစ်သည်၊ စနစ်တကျ လေ့ကျင့်ထားသည့် ကိုင်ဇာဘုရင်၏ တပ်များသည် ရုရှားနိုင်ငံထဲသို့ စစ်ရေးပြကွင်းတွင် စစ်ချီတက်နေသည့် အလား ဝင်ရောက်လာနိုင်ခဲ့ကြသည်။ ၎င်းတို့သိမ်းပိုက်ခဲ့သည့် မြို့ရွာတိုင်းလိုလို အား ဖျက်ဆီးပြစ်ခဲ့ကြပြီး ကျွဲနွားများကို အတင်းအဓမ္မသိမ်းယူကာ လှည်းကြီးများ ပေါ်တင်ကာ ဂျာမဏီသို့ ပြန်ပို့ခဲ့ကြသည်၊ မြင်းများကိုလည်း ၎င်းတို့ တပ်များ သယ်ယူပို့ဆောင်ရေး အတွက် သိမ်းယူခဲ့ကြပြန်သည်၊ ထိုသို့သော လုပ်ရပ်များကို နှောက်ယှက်လာသူမှန်သမျှ အား ရိုက်နှက် သတ်ဖြတ်ခဲ့ကြပြန်သည်။

 

ကျွနုပ်တို့ ဂရိုမီကို ရွာဟောင်းတန်းတွင် ဂျာမန်များသည် တအိမ်တက်ဆင်း မွှေနှောက်ကာ နွားများကို ဖမ်းဆီးယူဆောင်သွားကြသည်၊ လက်နက်ကိုင် စစ်သား သုံးယောက်သည် ကျွနုပ်တို့အိမ်ခြံဝင်း အတွင်းသို့ ဝင်လာပြီး ခြံထဲက နွားကို ဆွဲခေါ်သွားခဲ့သည့် မြင်ကွင်းကို မနေ့တနေ့က ဖြစ်ခဲ့သည့် အလား ကျွနုပ်ကောင်းစွာ အမှတ်ရနေမိသည်၊ ထိုအချိန်က ဖခင် နှင့် သူ၏ ညီနှစ်ယောက်သည် အိမ်မှာမရှိပဲ တောထဲ ရောက်နေကြသည်၊ ကျွနုပ်၏ အဖိုးသာ အိမ်တွင် ကျန်ခဲ့သည်၊ အဖိုးက အိမ်ထဲမှ အတင်းပြေးထွက်လာပြီး ဂျာမန်များ လက်မှ နွားကို မရမက အတင်းပြန်လုတော့သည်၊ စစ်သားတယောက်က သူ၏ လက်ထဲမှ ရိုင်ဖယ် ဖြင့် အဖိုးကို ထိုးချိန်လိုက်သည်၊ ထိုအချိန်တွင် နွားသည် သူ့အား ချည်ထားသော ကြိုး နှင့် ခြေထောက် ငြိကာ မြေကြီးပေါ် လဲကျသွားသည်၊ နွားအား ဂျာမန်တို့ အာရုံစိုက်နေချိန်တွင် ကျွနုပ် အပါအဝင် အိမ်သားများ က အဖိုးကို အတင်းဝင်ဆွဲနိုင်ခွင့် ရသွားခဲ့သည်။

 

နောက်ပိုင်းတွင် အဖိုးသည် နွားအတွက် အတော်ကြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေပြီး နွားမရှိက ရှေ့လျောက် ဘာဆက်လုပ်ရမှန်း မသိ ဖြစ်နေသည်။  ပါးစပ်မှလည်း ဂျာမန်များကို တတွတ်တွတ် ကျိန်ဆဲနေပြန်သည်။

 

ကျွနုပ်၏ မိခင် အပါအဝင် အိမ်ရှိ အမျိုးသမီးများသည် ရွာပြင်သို့ ထွက်ကာ နွားမကြီး ပြန်အလာကို သွားစောင့်နေကြသည်၊ အားလုံး၏ စိတ်ထဲတွင် ဂျာမန်များ စိတ်ပြောင်းကာ နွားမကြီးကို ပြန်လွှတ်ပေးလိုက်လို ပေးလိုက်ငြားဟု ထင်နေကြသောကြောင့်လည်း ဖြစ်သည်၊ သို့သော် နွားမကြီးကို အရိပ်အယောင်မျှပင် မတွေ့ခဲ့ရပေ။ မနက်တိုင်း ကျွနုပ်နှင့် ညီမဖြစ်သူတို့ နွားနို့သောက်ရန် သွားနေကျ ဖြစ်သည့် နွားတင်းကုပ်ကြီးကား ဟာလာဟင်းလင်း ဖြစ်သွားခဲ့ရပြီ ဖြစ်သည်၊ ကျွနုပ်အဖို့ကား ဘဝ၏ ခက်ခဲကြမ်းတမ်းလာမှုများ ရင်ဆိုင်လာခဲ့ရသည်ကိုပင် တနည်း ကျေးဇူးတင်နေမိသည်၊ ထိုအခက်အခဲများကို ရုန်းကန် ဖြတ်ကျော်နိုင်သည့် ခွန်အား သတ္တိများ ပေးလာခဲ့ခြင်းကြောင့်ပင် ဖြစ်ပေသည်။ ကျွနုပ်၏ စိတ်ဓါတ်သည်လည်း မာကျောလာခဲ့ရသည်။

 

ကျွနုပ်တို့ နေထိုင်ရာ ဒေသအား ဂျာမန်တို့ သိမ်းပိုက်မခံရမီကပင် ၎င်းတို့ ရန်မှ လွတ်မြောက်အောင် လူအများအပြားသည် ကျွနုပ်တို့ ရွာလေးကို ဖြတ်ကျော်ကာ အရှေ့ဖက်ခြမ်းသို့ ထွက်ပြေးနေကြသည်ကို တွေ့မြင်နေရသည်၊ ၎င်းတို့ ပိုင် ပစ္စည်းများကို လှည်းများပေါ်တင်ကာ တသုတ်ပြီး တသုတ် ရောက်ရှိလာနေကြသည်၊ အများစုမှ ပိုလန် နှင့် ဘဲလိုရုရှား မှ ဖြစ်ပြီး ရုရှားစကားကို ကောင်းစွာ မပြောတတ်ကြသူများ လည်း ဖြစ်သည်၊ သို့သော် ကျွနုပ်တို့ ရွာသူရွာသားများက ၎င်းတို့အား ကြင်ကြင်နာနာ ဆက်ဆံပြီး အကူအညီများ ပေးခဲ့ကြသည်။

 

ဂျာမန်တို့ က ၎င်းတို့၏ ကျုးကျော်လာသည့် လုပ်ရပ်များကို ၁၉၁၈ ခုနှစ် မတ်လတွင် ရပ်တန့်လိုက်ကြသည်၊ ဤသည်မှာလည်း လီနင် မှ ဘရက်စ်-လီတော့ပ် စာချုပ်ကို လက်မှတ်ရေးထိုး နိုင်လိုက်သောကြောင့် ဖြစ်သည်။ ဂျာမန်တို့၏ ကျုးကျော်ခံခဲ့ရမှုကြောင့် ဆိုဗီယက် သမ္မတနိုင်ငံအဖို့ လူသား နှင့် ရုပ်ဝတ္ထုအရင်းအမြစ်များ အကြီးအကျယ် ထိခိုက် ဆုံးရှုံးခဲ့ရသော်လည်း နိုင်ငံတခုလုံး အတွက် လွန်စွာ အရေးပါလှသည့် အောက်တိုဘာ တော်လှန်ရေးကြီး၏ အကျိုးရလဒ်များကိုမူ မည်သို့မျှ ထိခိုက်ခဲ့ခြင်း မရှိပေ။

 

ပထမ ကမ္ဘာစစ်ကြီး မှ ခေတ္တခဏ အသက်ရှု ချောင်ခွင့်ရလာခဲ့သဖြင့် ဆိုဗီယက် သမ္မတနိုင်ငံ အဖို့ ပြည်တွင်း ပြဿနာများကို ဖြေရှင်းနိုင်ခွင့် ရလာခဲ့သည့်အပြင် တပ်နီတော် ကြီးကို တည်ထောင်လာနိုင်ခဲ့သည်၊ နောက်ပိုင်း ရှစ်လအကြာတွင် ဂျာမဏီတွင် တော်လှန်ရေးကြီး ဖြစ်ပွားလာခဲ့ပြီး ဒုတိယမြောက် ကိုင်ဇာဘုရင် နန်းချခံခဲ့ရသည်၊ ၁၉၁၈ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဆိုဗီယက် အစိုးရမှ ဘရက်စ်-လီတော့ပ် စာချုပ်ကို ဖျက်သိမ်းကြောင်း ကြေငြာလိုက်သည်၊ ဤသည်ကား လီနင်၏ အမျှော်အမြင် ကြီးမှုကြောင့် ရရှိခဲ့သည့် အောင်ပွဲပင် ဖြစ်သည်၊ ၁၉၁၉ ဇန်နဝါရီ လ တွင် ဂိုမဲလ် ဒေသတွင် ဂျာမန်ရန်မှ လုံးဝကင်းစင် လွတ်မြောက်လာခဲ့ပြီ ဖြစ်သဖြင့် ဒုက္ခသည်များလည်း သူတို့ နေရပ်အသီးသီးသို့ ပြန်လာခဲ့ကြပြီ ဖြစ်သည်။

 

ထိုအချိန်မှစ၍ ကျွနုပ်၏ စိတ်တွင် အစွဲကြီး စွဲလာခဲ့ရသည်ကား နိုင်ငံများ အကြား ဖြစ်ပွားသော စစ်ပွဲသည် မကောင်းသော အနိဌာရုံများနှင့် ပြည့်နှက်နေတတ်ပြီး ကျုးကျော်လာသော ဂျာမန်များသည် ကျွနုပ်တို့၏ ရန်သူများ ဖြစ်သည် ဆိုသည်ကိုပင် ဖြစ်သည်၊ ကျွနုပ်တို့ မြေကို သူတို့ ဘာကြောင့် လိုချင်ကြရတာလဲ၊ အဘယ်အတွက်ကြောင့် ရုရှားများကို သတ်ဖြတ်ပြစ်ခဲ့ကြတာလဲ၊ ကျွနုပ်တို့ ကလေးများ အဖို့ စစ်တိုက်တမ်း ကစားသည့် အခါတိုင်း ရုရှားဖက်ကို အမြဲ အနိုင်ပေးခဲ့ကြသည်ချည်းပင် ဖြစ်သည်။

 

တဖြေးဖြေးနှင့် လီနင်၏ စီးပွားရေး မူဝါဒ အသစ်သည် စတင် ရုပ်လုံးပေါ်လာခဲ့ရပြီ ဖြစ်သည်၊ ဆိုဗီယက် စီးပွားရေးကို အပြည့်အဝ တည်ဆောက်လာနိုင်ခဲ့သည်၊ ယင်းနှင့် အတူ အစိုးရမှ ယခင်က သီးနှံများကို လာရောက် ချောဆွဲယူသည့် အဖြစ်မှ အခွန်အစား သီးနှံဖြင့် အစားထိုး ပေးသည့် စနစ်ကို ပြောင်းလဲပြစ်နိုင်ခဲ့သဖြင့် လယ်ယာလုပ်ငန်း များ အရှိန်ရလာပြီး အထွက်နှုန်းလည်း တိုးမြင့်လာခဲ့သည်။

 

ယင်းနှင့် ပတ်သက်၍ ကျွနုပ်တို့ ရွာတွင် ဖြစ်ခဲ့သည့် တခုကို အမှတ်ရနေဆဲပင် ဖြစ်သည်၊ ကျွနုပ်တို့ ရွာသို့ အစိုးရသစ်၏ မူဝါဒများကို လာရောက် ဟောပြောပို့ချရန် မြို့ရှိ တက္ကသိုလ်မှ ကထိက တဦး ရောက်လာခဲ့သည်၊ အဓိက အားဖြင့်တော့ မက်စ်-လီနင် ဝါဒ ဆိုသည်ကို ရွာသားများ အကြမ်းဖျင်း သဘောပေါက်စေရန် ရှင်းပြဖို့ ဖြစ်သည်။

 

“မက်စ်က နောက်ဆုံး တွေ့ရှိလာတဲ့ သဘောတရား အပေါ် အခြေခံပြီး သူရဲ့ ဓမ္မတရားတခုကို ချပြနိုင်ခဲ့တယ်၊ ဒီလို ချပြနိုင်ဖို့ သူ့အရင် တွေးခေါ်မျှော်မြင်ရေး သမားကြီး တွေ ရဲ့ သဘောတရားတွေထဲက ရွေးချယ်ထုတ်နှုတ်နိုင်ခဲ့တယ်၊ အထူးသဖြင့် တော့ ဟီဂဲလ်ဆီက လို့ ပြောရမှာ ဖြစ်တယ်၊ ဟီဂဲလ်ဆီက ကောင်းတာ မှန်သမျှ ကို မက်စ်က ထုတ်နှုတ်ယူနိုင်ခဲ့တယ်၊ ဆိုလိုတာက ဟီဂဲလ်ရဲ့ ဓမ္မတရားထဲက ကျိုးကြောင်း ဆီလျောမှု အရှိဆုံး မျိုးစေ့တွေကို ရွေးထုတ်နိုင်ခဲ့တယ် ဆိုတာပဲ”၊ ထို့နောက် သူက မရှင်းတာရှိ မေးလို့ရကြောင်း ပြောလာသည်။

 

ထိုအခါ ရွာထဲရှိ ဖြတ်ထိုးညဏ် ရှိပုံရသော လယ်သမားတယောက်က လူအုပ်ထဲမှ မတ်တပ်ထရပ်လိုက်ပြီး နိုင်ငံတော်မှ မိမိတို့ လယ်ယာမြေမှ ထွက်ရှိသော ပိုလျံ သီးနှံများကို လာရောက် ချောဆွဲယူနေသည့်အတွက် လယ်သမားများ အနေဖြင့် မျိုးစပါး မဆိုထားဘိ ဝမ်းစာအတွက်ပင် လောက်ငှခြင်း မရှိတော့ကြောင်း ပြောပြလိုက်ရင်းက..

 

“ခင်ဗျား ပြောသလို မက်စ်က ဟီဂဲလ်ဆီက ကျိုးကြောင်း ဆီလျောမှု အရှိဆုံး မျိုးစေ့တွေကိုသာ ယူခဲ့တယ်ဆိုတော့ ဟီဂဲလ် ကံကောင်းတယ် ပြောရမယ်၊ ဟိုတနေ့ကတော့ မက်စ် ဝါဒီတွေက ကျုပ်တို့ရဲ့ မျိုးစေ့တွေကို တခုမကျန် လာယူသွားကြတာပဲ”

 

ဤသည်က အခွန်ကို သီးနှံဖြင့် ပေးဆောင်ရန် ဆိုသည့် လီနင်၏ ပေါ်လစီ အသစ် ထွက်ပေါ်မလာစဉ်က ဖြစ်သည်၊ လယ်သမားများ အဖို့ နိုင်ငံတော်ကို မည်မျှ ပေးဆောင်ရမည်၊ သူတို့ အတွက် မည်မျှ သိမ်းထားရမည် ဆိုသည်ကို သိနိုင်ခဲ့သည်၊ အစိုးရအသစ်သည် လယ်သမားများ၏ ပြဿနာများကို သိနားလည် လာသောကြောင့် ပြောင်းလဲပြစ်နိုင်ခဲ့သဖြင့် လယ်ယာ ကုန်ထုတ်လုပ်မှု တိုးတက်လာခဲ့ရသည်၊ နိုင်ငံတော်ဖက်ကလည်း မြို့ပြများရှိ အလုပ်သမား လူတန်းစားကို စားနပ်ရိက္ခာပိုင်းတွင် လောက်လောက်ငှငှ ထောက်ပံ့ပေးလာနိုင်ခဲ့သည်။