စာရင်းများ နှင့် ပုံဝတ္ထု များသည် အပြန်အလှန် အထောက်အကူ ပြုနေကြသည်။ တမျိုးသားလုံး နှင့် ဆိုင်သော ဒဏ္ဍာရီ ဇာတ်ကြောင်းများသည် အခွန် မှတ်တမ်းများ ကို တရားဝင် ဖြစ်အောင် လုပ်ပေးခဲ့သလို အခွန် မှတ်တမ်းများသည်လည်း စိတ်အား တက်ကြွဖွယ် ဇာတ်လမ်းများကို စာသင်ကျောင်းများ၊ ဆေးရုံများ အခိုင်အခံ့ ပေါ်လာအောင် ပြုလုပ်ပေးခဲ့သည်။
အလားတူ ပုံစံမျိုး ဘဏ္ဍာရေး လောကတွင် တွေ့လာရသည်။ ဒေါ်လာ၊ ပေါင် စတာလင် နှင့် ဘစ်ကွိုင်များသည် အကြောင်းအရာ ဇာတ်လမ်းတခု ကို လူများ ယုံကြည်လာအောင် သွေးဆောင် တိုက်တွန်းခြင်း ဖြင့် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဘဏ် လုပ်ငန်းရှင်များ၊ ဘဏ္ဍာရေး ဝန်ကြီးများ၊ ရင်းနှီး မြုပ်နှံမှု အပိုင်း အကြံပေး ဂုရုများက တန်ဖိုးကို မြှင့် နိုင် နှိမ့်နိုင်ရန် ဇတ်ကြောင်းများ ချပြလာခဲ့သည်။
ဗဟိုဘဏ် ဥက္ကဌ ဖြစ်သူက အတိုးနှုန်းကို လျော့ချချင်သည့် အခါမျိုး၊ ဘဏ္ဍာရေး ဝန်ကြီးက ၎င်း၏ ဘတ်ဂျက်ကို လွှတ်တော်က အတည်ပြုစေချင်သည့် အခါမျိုး၊ နည်းပညာ စွန်ဦး တီထွင်သူ တဦးက ၎င်း၏ လုပ်ငန်း အတွက် ရင်းနှီးမြုပ်နှံလိုသူများ ကို ဆွဲဆောင်ချင်သည့် အခါမျိုးတွင် ၎င်းတို့ အားလုံး ဇာတ်လမ်းများ မဖြစ်မနေ ပြောဆိုလာကြရ တော့သည်။ သို့သော် ဘဏ်လုပ်ငန်းကို စီမံခန့်ခွဲဖို့၊ ဘတ်ဂျက်ကို ရေးဆွဲဖို့၊ လုပ်ငန်းသစ် စဖို့ အတွက်ကိုမူ စာရင်းဇယား လိုအပ်လာသည်။
စာရင်းဇယား များ နှင့် ဇာတ်လမ်းများ အကြား အဓိက ကွာခြားချက်သည် စာရင်းများသည် ဇာတ်ကြောင်းများ ထက် ပို၍ ပျင်းစရာ ကောင်းနေ၍ စာရင်းဇယား များ အတွက် အဓိက ပြဿနာ ဖြစ်နေရသည်။ မှတ်မိဖို့ကလည်း ပို၍ ခက်ခဲနေပြန်သည်။ဤသည်ကပင် လူသား၏ ဦးနှောက်သည် သတင်း အချက်အလက်များကို မည်သို့ မည်ပုံ စီစစ် လက်ခံနေသည်ကို ပြဆိုနေသည့် အရေးပါသော အချက်တချက်လည်း ဖြစ်သည်။
ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်သည် လွန်စွာ ကျယ်ပြန့်သည့် သတင်း အချက်အလက်များသည် ဇာတ်ကြောင်း တခု အဖြစ် ပြောင်းလဲ သွားခဲ့လျင်ပင် ကျွနုပ်တို့၏ ဦးနှောက်များကို ခံယူနိုင်စွမ်း၊ ထိန်းသိမ်းထားနိုင်စွမ်း နှင့် စီစစ် အသုံးချ နိုင်စွမ်း ရှိလာအောင် စီမံပေးခဲ့သည်။
ဟိန္ဒူ ဒဏ္ဍာရီ ဇာတ်လမ်းများ၏ အခြေခံ ဖြစ်သော ရာမယန သည် ကဗျာ အပိုဒ် ပေါင်း နှစ်သောင်း လေးထောင်ရှိပြီး ယခု ခေတ် ပြန်လည် ထုတ်ဝေရာ တွင်ပင် စာမျက်နှာပေါင်း တထောင့် ခုနှစ်ရာ ရှိသည်။ ထိုမျှ အထိ များပြား ရှည်လျှားသော်ငြားလည်း ဟိန္ဒူ ဘာသာဝင်များ အဆက်ဆက် အလွတ်ရွတ် ဖတ် နိုင်ကြသည်။
နှစ်ဆယ် နှင့် နှစ်ဆယ်တစ် ရာစုနှစ်များတွင် ရာမယန အား ရုပ်ရှင် နှင့် တီဗီ ဇာတ်လမ်းတွဲများ အဖြစ် အကြိမ်ပေါင်းများစွာ ရိုက်ကူး ထုတ်လွှင်ခဲ့ကြပြီး ဖြစ်သည်။ ၁၉၈၇-၈၈ အတွင်း ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သော အပိုင်းပေါင်း ၇၈ ခု ရှိပြီး ပြသချိန် စုစုပေါင်း ၂,၇၃၀ မိနစ်ကြာ ဇာတ်လမ်းတွဲကြီးသည် လူကြိုက်အများဆုံး ဖြစ်ပြီး ကြည့်ရှုသူ သန်းပေါင်း ၆၅၀ ခန့် ရှိခဲ့သည်။
ဘီဘီစီ သတင်းအရ အဆိုပါ ဇာတ်လမ်းတွဲ ပြသချိန်မျိုး တွင် လမ်းများပေါ်တွင် လူသွားလူလာ ကင်းမဲ့ပြီး၊ ဈေးဆိုင်များ ပိတ်ကြပြီး လူများသည် ၎င်းတို့၏ ရုပ်မြင်သံကြား စက်များကို အမွှေးနံသာများ ပက်ဖျန်းပြီး ပန်းကုံးများ စွပ်ထားပေးကြသည်ဟု သိရသည်။
Covid-19 ဖြစ်ပွားလာသည့် ၂၀၂၀ အတွင်း ပြန်လည် ထုတ်လွှင့်ပြသခဲ့ရာ ကမ္ဘာတွင် လူကြိုက်အများဆုံး ဇာတ်လမ်းတွဲ ဖြစ်လာခဲ့ပြန်သည်။ ခေတ်သစ် ရုပ်မြင်သံကြား ပရိသတ်များက စာသားများကို အလွတ်ရစရာ မလိုသော်လည်း မော်ကွန်း ဇာတ်လမ်းတွဲကြီး၏ ရှုပ်ထွေးလှသော ဇာတ်အိမ်များ၊ လျို့ဝှက်သဲဖို စုံထောက်ဇာတ်လမ်းများ၊ လူမှု သရုပ်ဖော် ဇာတ်လမ်းတွဲ များကို အလွယ်တကူ ပင် နားလည် နိုင်စွမ်း ရှိသည်ကို တွေ့လာရသည်။ ဇာတ်ဆောင် တဦးစီ မည်သူမည်ဝါ ဖြစ်သည်နှင့် ဇာတ်လမ်းထဲတွင် မည်သို့ ပတ်သက်နေပုံ များကို ပြန်ပြောနိုင်စွမ်း ရှိကြသည်။
ထိုကဲ့သို့သော မှတ်ဉာဏ်စွမ်းရည်များကို လုပ်နေကျ ဖြစ်လာသည့် အတွက် မည်မျှ ထူးခြားသည်ကို ကျွနူပ်တို့ သတိမထားမိကြတော့ပေ။
မော်ကွန်း ကဗျာ ရှည်ကြီးများ နှင့် ရှည်လျားလှသော ရုပ်မြင်သံကြား ဇာတ်လမ်းများကို ကောင်းစွာ မှတ်မိနိုင်စွမ်း ရှိအောင် ပြုလုပ်ပေးခဲ့သည့် ရေရှည် လူ့ မှတ်ဉာဏ်သည် ဇာတ်လမ်း များကို ထိုသို့ မှတ်သားထားရှိဖို့ အထူးသင့်လျှော် အောင် ပြုပြင် ဖန်တီးထားသည့် အတွက်ကြောင့် ပင် ဖြစ်သည်။
ခန်ဒယ် ဟေးဗန်၏ ၂၀၀၇ တွင် ရေးသားထုတ်ဝေသော Story Proof: The Science Behind the Startling Power of Story တွင် "လူ့စိတ်သည် ကျွနုပ် တို့၏ ဘဝ များကို နားလည်ဖို့၊ သဘောပေါက်ဖို့၊ မှတ်မိဖို့ နှင့် အစီအစဉ် ချ နိုင်ဖို့ အတွက် ဇာတ်လမ်းများ နှင့် ဇာတ်လမ်း ဖွဲ့စည်းပုံများကို အဓိက လမ်းပြမြေပုံ အဖြစ် အားကိုး ကြရသည်၊ လူ့ဘဝ သည် ပုံပြင်များ နှင့် တူသည်။ ဤသည်ကလည်း ကျွနုပ်တို့သည် ပုံပြင် သဘောတရား များ နှင့် တွေးခေါ်တတ်ကြ၍ ဖြစ်သည်" ဟု ပါရှိသည်။
ဟေးဗန်သည် ထိုစာအုပ်ကို ပြုစုရာတွင် လေ့လာတွေ့ရှိချက် စာတမ်းပေါင်း ၁၂၀ ကျော်ကို ကိုးကားခဲ့သည်။ ထိုစာတမ်းများ အားလုံးက ပင် တညီတညွတ်တည်း ပင် ပုံဝတ္ထု ဇာတ်လမ်းများသည် အချက်အလက်ပိုင်း၊ သဘောတရားပိုင်း၊ စိတ်ခံစားမှု ပိုင်း နှင့် အလိုလို သိလာသည့် သတင်းအချက်အလက်များကို ပေါင်းကူး ပေးရာတွင် လွန်စွာ ထိရောက်မှု ရှိသော ယာဉ်ကြီး တစီး ဖြစ်သည် ဆိုသည်အား အထောက်အထား များ နှင့် သက်သေပြနိုင်ခဲ့သည် ဟု ရေးသားခဲ့သည်။
တဖက်တွင်မူ လူအများစုသည် စာရင်းဇယားများကို အလွတ်ရဖို့ အလွန်တရာ ခက်ခဲနေကြသည်ကို တွေ့ရမည် ဖြစ်သည်။ အကယ်၍ ရုပ်မြင်သံကြားမှ အိန္ဒိယ အခွန် မှတ်တမ်းများ သို့မဟုတ် ဘတ်ဂျက် စာရင်းဇယားများကို ရွတ်ဖတ်ပြမည် ဆိုလျင် လူအနည်းငယ်မျှသာ စိတ်ဝင်တစား စောင့်ကြည့်ကြပေမည်။