ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(44)

by Hla Soewai - Jul 30 2025

အချို့က ကျွန်တော်ပြောသည့် ပြည်ကြီးငါး ဇာတ်လမ်းကို ရွံရှာ ဖွယ်ဟု ယူဆကောင်း ယူဆကြလိမ့်မည်။ ကျွန်တော်အဖို့ကား လူများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှင်းပမ်းခြင်းသည်သာ ရွံရှာဖွယ် ဖြစ်သည်၊ လူ သုံးသန်း သေခဲ့ရခြင်းသည်သာ ရွံရှာဖွယ် ဖြစ်သည်။ မည်သို့မျှ အရေးမပါသော ပြည်ကြီးငါး နှင့် ကာမ အာသာ ဖြေခြင်းမျိုး က မပြောပလောက်၊ အကယ်၍ "လူသတ်သည်" ဆိုသည့် စကာလုံး မျိုး ကို "လက်နှင့် အာသာ ဖြေခြင်း" ဆိုသည့် စကားလို တန်းတူ ရေရွတ်ဖို့ ရှက်ရွံ့လာကြ မည် ဆိုလျှင် ကမ္ဘာကြီးသည် ပို၍ နေသာ ထိုင်သာ ရှိလာလိမ့်မည်ဟု လူပုဂ္ဂိုလ် တဦး အနေဖြင့် ယုံကြည်မိပေသည်။

 

ကျွန်တော်သည် တိုက်ရေးခိုက်ရေးထက် ချစ်ခင်ဖို့ ကို ပိုမို နှစ်သက်သူ တဦး ဖြစ်ခဲ့သော်လည်း ကျွန်တော်၏ နိုင်ငံရေး အရ ရွေးချယ်ခဲ့မှု နှင့် နောက်ပိုင်း ရဲအဖွဲ့ထဲ ဝင်ရောက် အမှုထမ်းခဲ့မှု တို့ကြောင့် ကလေးဘဝ တွင် တကြိမ်တခါ သာ အကြမ်းဖက်ခဲ့ဖူးသည့် စိတ်နေ စိတ်ထားကို မဖြစ်မနေ မွေးမြူရဖို့ ဖြစ်လာရသည်။

 

ကျွန်တော့်‌ ရှေ့တွင် အခြားလူများ အကြမ်းဖက်သည်ကို ခွင့်ပြုထားသော်လည်း ကိုယ်တိုင်ကိုယ်ကျ တော့ ကျုးလွန်ခဲ့သည်။ ခွင့်ပြုသည် ဆို‌ သော် လည်း ကျွန်တော် ကျွမ်းကျင်ရာ လိမ္မာရာ နည်းလမ်းကို သုံး၍ မရတော့သည့် အခြေအနေမျိုး ရောက်လာမှသာ ဖြစ်သည်။ သို့သော်လည်း မြင်ရကြားရသည်က စိတ်မချမ်းသာစရာ ကောင်းလှ၍ ကျွန်တော် စိတ်ထဲ စွဲကျန်နေရစ်ခဲ့သည်ခြည်း ဖြစ်သည်။ 

 

ကုန်းမြင့်ဒေသ က ဆင်းလာသော တောင်တန်းသား တဦး ၏ လည်ပင်းကို ဝိုင်ယာကြိုး နှင့် ပတ်ထား၍ မချိမ ဆန့် ခံစားနေရပုံ၊ ဖြူလွှလွှ အခန်းထဲ ရှိ ခေါင်းမာသော အကြမ်းဖက်သမားတဦး ဘာကိုမှ ဂရုမစိုက်နိုင် မသိနိုင် ဖြစ်‌ နေပုံ၊ ကွန်မြူနစ် သူလျို မ တဦး၊ သူ့ လျှာဖျား မှာ သူလျို လုပ်မှုရဲ့ သက်သေ အဖြစ် ကျွန်တော်တို့ရဲ့ ‌နာမည်တွေ ရေးထားတဲ့ စက္ကူတွေ ကို လုံးချေ ဝါးစားထားတဲ့ အပိုင်းအစတွေ။

 

ဖမ်းဆီးရမိတဲ့ အကြမ်းဖက် သမားတိုင်း ရည်မှန်းချက် တခု သာ ရှိသည်၊ ထိုရည်မှန်းချက် ရောက်ဖို့ကလည်း ဘေးလမ်းများ မှ နေ၍ စိတ်မချမ်းမြေ့စရာ တပုံတပင်ကြီး ကျော်ဖြတ်ရဦးမည် ဖြစ်သည်။

 

ယမကာ အရောင်းဆိုင် ဖွင့်ပွဲ သို့ ကျွန်တော် ရောက်သွားချိန် ဘဝ တွင် အကျဉ်းစံ သလို နေ နေရသူများနှင့် တွေ့ခဲ့ရသည်။ ဘဝ၏ အဆုံးသတ်၊ အိုမင်းခြင်း နှင့် သေခြင်းတရား ဆိုသည့် ရှောင်လွှဲလို့ မရသည့် ကြောက်စရာ အကောင်းဆုံး အမှန်တရားကို ခံစားမိလာခဲ့သည်။ ဘိုးဘွားရိပ်သာရှိ ဖဲကစားသည့် စားပွဲများ ကလည်း သူတို့ကို လှောင်ပြောင် ရင်း စောင့်စားနေကြမည်သာ ဖြစ်သည်။

 

ယမကာ အရောင်းဆိုင်သည် ဟော်လီဝုဒ် လမ်းမကျယ်ကြီး ၏ အရှေ့ဖက် အစွန်ပိုင်းတွင် ရှိသည်။ နောက်ဆုံး ထွက် ရုပ်ရှင်များ အစမ်း ပြသသည့် တရုတ် နှင့် အီဂျစ် ရုပ်ရှင်ရုံများ၏ ကင်မရာ မီးရောင် တဖျတ်ဖျတ် နှင့် ဆွဲဆောင်မှု ရှိသည့် နေရာနှင့် တော့ အလှမ်းဝေးသည်။ ပတ်ဝန်းကျင်က သစ်ပင် တွေ ကင်းမဲ့‌ နေသော်လည်း ရှူပ်ရှူပ်ယှက်ယှက် နှင့် မို့ နေချင်စဖွယ် မကောင်းလှ။ သို့သော် ဘွန် ပုံစံကို ကြည့်၍ လုယက်မည့်သူများ၊ ခိုးမည့်လူများ ဖြုံကြမည်တော့ အမှန်ပေ။

 

ကောင်တာ မှ နေ၍ ဘွန်သည် ကျွန်တော် ဝင်လာသည် ကို အသိအမှတ် ပြုသည် ဆိုယုံ ခေါင်းငြိမ့်ပြလိုက်သည်။ သူ့ နောက်က နံရံကပ် စင် များ တွင် အကောင်းစား တံဆိပ် အရက်ပုလင်းများ အစီအရီ တင်ထားသည်ကို တွေ့လိုက်ရသည်။ ဆိုင်၏ ထောင့် တနေရာ တွင် အမျိုးသား ကြိုက် မဂ္ဂဇင်းများ ထောင်ထားသည်။ 

 

ဗိုလ်ချုပ်ကြီးက စတိုခန်းထဲတွင် ကလော့ဒ် နှင့် အတူ ရှိနေသည်ဟု ဘွန်က ပြောလိုက်သည်။ စတိုခန်းသည် ဆိုင်၏ နောက်ဖက်တွင် ရှိပြီး အခန်းထဲတွင် မီးကျောင်း မှ မီးရောင်များ ဖြင့် လင်းလက်နေသည်၊ ပိုးသတ်ဆေး အနံ့ရ‌ နေပြီး၊ စက္ကူ ကတ္ထူပြား များ ထပ်ထားသည်ကို တွေ့ရသည်။ ကလော့ဒ်သည် သူ ထိုင်နေသည့် ပလပ်စတစ် ထိုင်ခုံ မှ ထလာပြီး ကျွန်တော်ကို ပွေ့ဖက် နှုတ်ဆက်လိုက်သည်။ ပေါင် အနည်းငယ် တိုးလာသည်က လွဲ၍ အပြောင်းအလဲ မရှိ၊ ဆိုင်းဂုံတွင် ရှိစဉ်က ဝတ်လေ့ရှိသည့် အားကစား ဂျက်ကက်မျိုး ဝတ်ထားသည်။

 

စားပွဲ နောက်တွင် ရှိနေသော ဗိုလ်ချုပ်ကြီးက ထိုင်ကြ ဖို့ လှမ်းပြောလိုက်သည်။ သူ ချထားသော ပလပ်စတစ် ထိုင်ခုံက လှုပ်လိုက်တိုင်း တကျွီကျွီ မြည်နေ၍ မသတီစရာ ကောင်းနေသည်။ စက္ကူပုံးများ၊ သေတ္တာ များက ကျွန်တော်တို့အား သုံးဖက် သုံးတန် မှ ဝိုင်းရံထားသည်။

 

ဗိုလ်ချုပ်ကြီး စားပွဲ့ ပေါ်တွင် ဒိုင်ခွက် အဝိုင်း နှင့် တယ်လီဖုန်း ရှိသည်။ အတော်လေး ကြီး၍ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့တော့ လုံလောက်သည်၊ တံဆိပ်တုံး နှိပ်ရန် မှင်နီ များ ဖြည့်ထားသော မှင်ခံ ခွက်၊ ကာဘွန် မှင်ခံ စက္ကူ အပြာ ညှပ်ထား‌ သော ဘောင်ချာ ဖြတ်ပိုင်း စာအုပ်၊ လည်တိုင် ကျိုးနေ‌၍ ခေါင်းကို တည့်မတ်၍ မရ ဖြစ်နေပုံ ရှိသည့် စားပွဲတင် မီးအိမ် တို့ နှင့်လည်း စားပွဲက ပြည့်လုမတတ် ဖြစ်နေသည်။

 

ဗိုလ်ချုပ်ကြီးက စားပွဲ အံဆွဲကို ဖွင့်လိုက်သည်ကို တွေ့လိုက်ချိန်တွင် ကျွန်တော် နှလုံးခုံနှုန်းများ ရပ်တန့်သွားပြီးလာဟု အောက်မေ့လိုက်မိသည်။ ထိုအချိန်သည် ဒလျိုတယောက်ဆိုကာ ခေါင်းကို တူ နှင့် ထုခံရမလား၊ လည်ပင်းထဲ ဓါးစိုက်ဝင်သွားမလား၊ နားထင်ကို ကျည်ဖေါက်ဝင်သွားမလား၊ သို့မဟုတ်လည်း အားလုံး တပြိုင်တည်း ဖြစ်သွားနိုင်သည်။ အနည်းဆုံးတော့ အမြန်ဆုံး ကိစ္စ ချောသွားနိုင်သည် ခြည်းပဲ ဖြစ်သည်။

 

ဆိုင်းဂုံရှိ လျို့ဝှက် စစ်ပုလိပ် အဖွဲ့ကို ကလော့ဒ်က သင်တန်း ပို့ချရာ တွင် ကြားခဲ့ဖူးသည်က ဥရောပ အမှောင်ခေတ် အတွင်း သူလျို ဆိုက မြင်းများ လေးဘက်လေးတန် ဝိုင်းဆွဲပြီး ခန္ဓာကိုယ် အပိုင်းပိုင်း ဖြတ်ခံရနိုင်ပြီး ခေါင်းကိုလည်း အများ မြင်နိုင်ရန် တိုင်တွင် စိုက်ထူထားဦးမည် ဖြစ်သည်။ နန်းတော်ထဲက ခပ်ရွှတ်ရွှတ် သမားဆိုက သူလျို၏ အသားကို အရှင်လတ်လတ် အရေခွံခွာယူ၊ ပြီးလျင် ကောက်ရိုးများ နှင့် ပြန်ဖြည့်ပြီး မြို့အနှံ့ မြင်းဖြင့် ဆွဲ၍ လှည့်ပြ တတ်သည်ဟု ဆိုသည်။ ရယ်ဖို့‌ တော့ ကောင်းလှသည်။

 

အခုတော့ မရယ်နိုင်၊ အသက်ရှုဖို့ပင် မေ့နေပြီး၊ ဗိုလ်ချုပ်ကြီး အံဆွဲ ထဲမှ ပစ္စတိုကို ဆွဲထုတ်လာမည့် အချိန်ကိုသာ စောင့်နေမိသည်။ ထိုပစ္စတို နှင့် ကျွန်တော် ဦးနှောက်ကို ဆရာဝန်လို မဟုတ်ပဲ ခွဲထုတ်ပစ်ပေတော့မည်။ သို့သော်လည်း သူ့အဖို့ စကော့ ဝီစကီ တပုလင်းစာနှင့် စီးကရက် တဗူးစာသာ ထုတ်ယူ နိုင်မည် ဖြစ်သည်။

 

ကလော့ဒ်က အေးဗျာ ကျွန်တော်တို့ အခုလို ပြန်ဆုံစည်းရတဲ့ အချိန်မှာ ဒါမျိုးတွေ မကြုံရရင် ကောင်းမှာပဲ၊ ဒါနဲ့ ခင်ဗျားတို့ တော်တော် ခက်ခက်ခဲခဲ ထွက်ခဲ့ရတယ်လို့ ကြားတယ်။

 

ခက်ခက်ခဲခဲ ဆိုတာထက်ကို ပိုသေးတယ်ဟု ဗိုလ်ချုပ်ကြီး က ပြန်ပြောလိုက်သည်။ ခင်ဗျားကော နောက်ဆုံး ရဟတ်ယာဉ် နဲ့ ကျမှ လိုက်ခဲ့ရတာ မဟုတ်လားဟု ကျွန်တော်က ဝင်ပြောလိုက်သည်။

 

ကဲပါဗျာ...သိပ်ပြီး ပုံကြီးချဲ့ မနေကြပါနဲ့တော့ ဟု ပြောရင်း ကလော့ဒ်က ဗိုလ်ချုပ်ကြီး ကမ်းပေးသော စီးကရက် နှင့် အရက်ခွက်ကို လှမ်းယူလိုက်သည်။