ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီသည်လည်း ကမ္ဘာ အရေး အခင်းများ နှင့် မသက်ဆိုင်သလောက် နီးပါး ဖြစ်လာသည်။ ဂလိုဘယ်လိုက်ဇေးရှင်း နှင့် အတူ ကပ်ပါလာသော စိန်ခေါ်မှု များ အတွက်လည်း လက်ရှိ ကမ္ဘာ အစီအမံ များက ဖြေရှင်းပေးနိုင်စွမ်း မရှိ တော့။
ကမ္ဘာကြီးသည် ဂျီနိုဆိုက် ခေါ် လူမျိုး တုံး သတ်ဖြတ်မှုများ၊ အစိုးရများက နိုင်ငံသားများ အား အကာအကွယ် ပေးရန် ပျက်ကွက်နေမှု ကို ဝင်ရောက်စွက်ဖက်နိုင်ခွင့် ရှိသည် ဆိုသည်အား မှတ်တမ်း တင်ထားပြီး ဖြစ်သော်လည်း စာရွက် ပေါ်တွင်သာ ရှိပြီး လက်တွေ့ မကျင့်သုံး နိုင်ခဲ့ပေ။
နျူကလီယား မပြန့်ပွားရေး စာချုပ် ဆိုသည်ကလည်း ကမ္ဘာပေါ်တွင် နျူလက်နက်များကို ငါးနိုင်ငံသာ ပိုင်ဆိုင်ခွင့် ပြုထားခြင်းမျိုး ဖြစ်နေသည်။ ယခု အခါ တွင် ပိုင်ဆိုင်သည့် နိုင်ငံ ကိုးနိုင်ငံ အထိ ဖြစ်လာသည်၊ ကျန် နိုင်ငံများသည်လည်း ပိုင်ဆိုင်ချင်လျင် ပိုင်ဆိုင် အောင် လုပ်နိုင် စွမ်း ရှိလာနေသည်။
ကမ္ဘာကြီးသည် စက်ရုပ်များ၊ AI ခေါ် ဉာဏ်ရည်တုများ၊ ဒရုန်းများ အစရှိသည့် နည်းပညာ အသစ် အဆန်း များကို စစ်ရေးဖက်တွင် အသုံးချလာမှု များကို စည်းကမ်းတကျ ဖြစ်အောင် မလုပ်နိုင်သေး ဆိုသည့် စိန်ခေါ်မှု များ နှင့် လည်း ရင်ဆိုင်လာနေရသည်။
ကမ္ဘာတွင် အရေးပါဆုံး ဒေသဆိုင်ရာ အဖွဲ့အစည်းကြီး ဖြစ်သည့် အီးယူသည် လူများ ရွှေ့ပြောင်းဝင်ရောက်လာမှု၊ စီးပွားရေး မူဝါဒများ၊ အဖွဲ့ကြီး နှင့် အဖွဲ့ဝင် နိုင်ငံများ အကြား တာဝန် ခွဲဝေပေးနိုင်မှုများ နှင့် ပတ်သက်သည့် အငြင်းပွား မှု များကို ဖြေရှင်း နိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်။
ကမ္ဘာတဝှမ်းရှိ နိုင်ငံများသည်လည်း အမေရိကန်၏ လွှမ်းမိုး ချယ်လှယ်မှု ကို တိုး၍ တိုး၍ တွန်းထိုး ဆန့်ကျင်လာနေကြသည်။ အမေရိကန်သည်လည်း နိုင်ငံရေး အရ ကွဲပြားလာနေပြီး စစ်ရေး တွင်လည်း အီရတ် နှင့် အာဖဂန်နစ္စတန် တွင် ကာလ ကြာရှည်စွာ ပတ်သက်နေမှု များ ကြောင့် ရှိသမျှ အားကို အသုံးချ သလို ဖြစ်လာခဲ့၍ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးကတည်းက အစဉ် တစိုက် လုပ်လာခဲ့သည့် ကမ္ဘာ လစ်ဘရယ် စနစ်ကြီးကို မြှင့်တင်ပေးလိုစိတ် လျော့ပါးလာခဲ့သည်။
အမျိုးသားရေး အခြေပြု နှင့် တသီးတခြား လူမျိုးရေး ဝါဒ များ တဖန် ပြန်၍ ထွက်ပေါ်လာမှုကြောင့်လည်း လက်ရှိစနစ်ကြီးသည် အားပျော့လာခဲ့ရသည်။ အမျိုးသားရေး ဝါဒမှသည် နိုင်ငံခြား တိုင်းပြည်များ နှင့် နိုင်ငံသားများကို ဆန့်ကျင်သည့် အလွန် အကျွံ မျိုးချစ်ဝါဒ သို့ ကူးပြောင်းလာသည့် အခါတွင်တော့ လစ်ဘရယ် စနစ်ကြီး အတွက် လွန်စွာ အန္တရာယ် များလာခဲ့ရသည်။
ထိုသို့သော အမျိုးသားရေး ဝါဒ မျိုးသည် စိတ်မာ ခက်ထန်သော နိုင်ငံခြားရေး မူဝါဒ အဖြစ် ဦးတည်သွားပြီး အခြားနိုင်ငံ တနိုင်ငံရှိ နိုင်ငံသားများ ဖြစ်နေသော အမျိုးတူ လူမျိုး နွယ်စုများ အတွက် ဝင်ရောက် စွက်ဖက်ဖို့ လိုသည်ဟု အကြောင်းပြချက်များ ထွက်ပေါ်လာရသည်။
ထိုကဲ့သို့သော အပြုအမူ မျိုး ကို ရုရှား၏ အိမ်နီးခြင်း နိုင်ငံများရှိ ရုရှား မျိုးနွယ်စုများ နှင့် ပတ်သက်၍ တွေ့လာရသည်၊ အထူးသဖြင့် ယူကရိန်း တွင် အထင်အရှား တွေ့လာရသည်။
ထိုကဲ့သို့ တဖက်စွန်းရောက် အကြမ်းဖက်လိုသည့် အမျိုးသားရေး ဝါဒ ထွက်ပေါ်လာခြင်းမှာ ရုရှားသည် နိုင်ငံနှင့် ချီ၍ အရှက်တကွဲ အကျိုးနည်း ခဲ့ရခြင်း မှ အစပြုခဲ့ခြင်း ဖြစ်သည်။ အဓိကအားဖြင့် စစ်ရေး တိုက်ပွဲ ကြီး တွင် အရေးနိမ့်ခဲ့ရမှု နှင့် နေတိုး အဖွဲ့ကြီး အား တိုးချဲ့ ဖွဲ့စည်းလာမှု ကြောင့် ဖြစ်သည်။
ကမ္ဘာ တွင် အင်အားကြီး နိုင်ငံများ အပြိုင်အဆိုင် ထွက်ပေါ်လာနေချိန်တွင် ဖြစ်ပျက်လာခဲ့ခြင်းသည် အတန်ငယ် ထူးဆန်းနေသည်ဟု ပြော၍ ရပေသည်။ တကယ်တမ်းတွင် ၎င်းတို့ မည်သို့မျှ ထိန်းချုပ်နိုင်စွမ်း မရှိယုံမက စီးပွားရေး၊ ယဉ်ကျေးမှု နှင့် နိုင်ငံရေး ပိုင်းများတွင် ခြိမ်းခြောက်ခံလာရပြီဟု ယူဆလာသည့်အခါ မိမိတို့၏ အမျိုးသားရေး သွင်ပြင်လက္ခဏာများကို အများက ဂရုမူ လေးစားလာ အောင် လုပ်ပြလာခဲ့ရာမှ အစပြုလာခြင်း ဖြစ်သည်။
ဤသို့ဖြင့် လွတ်လပ်စွာ ကုန်သွယ်ရေး၊ လူများ ရွှေ့ပြောင်း ဝင်ရောက်လာမှု နှင့် အီးယူ မှသည် ကုလသမဂ္ဂ အဖွဲ့အစည်း အသီးသီးအား တိုး၍ တွန်းထိုး ဆန့်ကျင်လာကြတော့သည်။
ထိုသို့ အမျိုးသားရေး ဝါဒ နှင့် ကမ္ဘာစနစ်ကြီး အကြား ပေါ်ပေါက်လာသော တင်းမာမှုများအား ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ကိုလိုနီ ဖျက်သိမ်းရေး လှုပ်ရှားမှု မျိုး နှင့် ပြေလည်အောင် ဖြေရှင်းနိုင်စွမ်း မရှိ ဖြစ်လာသည်။
ထို့အတွက် အမျိုးသားရေး ဝါဒ ဆိုသည်ကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည့် အင်အားစု မျိုး ဖြစ်လာသည်။ အဆိုပါ အင်အားစု များသည် လူ့အဖွဲ့အစည်း အတွင်း ကွဲပြားမှု ကို သည်းခံနိုင်မှု နှင့် ပို၍ ဆန့်ကျင်ဖက် ဖြစ်လာနေသလို နယ်နမိတ် အနှံ့ အပြား ကျော်လွန်လာပြီး ငြိမ်းချမ်းသည့် ဆက်ဆံရေးကိုပါ ထိခိုက်လာစေခဲ့သည်။