ဘီအာလစ်သည် ယူကရိန်း တွင် ကဗျာများ ရေးသား စပ်ဆိုနေချိန်တွင် ဟန်ဂေရီ နေ ဂျုး တဦး ဖြစ်သော သီအိုဒို ဟက်ဇယ်သည် ၁၈၉၀ ကျော် နှစ်များ အတွင်းနှင့် နှစ်ဆယ်ရာစု အစောပိုင်းကာလ များ တွင် ဇီယွန် ဝါဒ လှုပ်ရှားမှု အတွက် စည်းရုံး လှုံ့ဆော်ရင်း အလုပ်များနေသည်၊ ၎င်း၏ နိုင်ငံရေး အယူဝါဒ အဖြစ် စာအုပ် နှစ်အုပ်ကို ရေးသား ထုတ်ဝေခဲ့သည်။
ပထမ စာအုပ်သည် ၁၈၉၆ တွင် ထုတ်ဝေခဲ့သော The Jewish State ဖြစ်ပြီး ပါလက်စတိုင်း ဒေသတွင် ဂျူးနိုင်ငံ ထူထောင်ရေး အတွက် ၎င်း၏ အယူအဆများကို ဖေါ်ပြထားသည့် ကြေညာစာတမ်း ဖြစ်သည်။ ဒုတိယ စာအုပ်သည် ၁၉၂၃ တွင် ထုတ်ဝေခဲ့သော The Old New Land ဖြစ်ပြီး ဟက်ဇယ် စိတ်ကူးဖြင့် ပုံဖေါ်ထားသည့် သာယာဝပြောသော ဂျူး နိုင်ငံ ဆိုသည့် ယူတိုးပီယား စတိုင် ဝတ္ထု မျိုး ဖြစ်သည်။
စိတ်မကောင်းဖွယ် ဖြစ်ရသည်က ထိုစာအုပ် နှစ်အုပ် စလုံးသည်လည်း ပါလက်စတိုင်း၏ ပကတိအနေအထားကို တလုံးတပါဒ မျှ ဖေါ်ပြထားခဲ့မှု ပါရှိမလာခဲ့ခြင်းပင် ဖြစ်သည်။ သို့သော်လည်း ဇီယွန် ဝါဒ လှုပ်ရှားမှု ပေါ်ပေါက်လာရေး အတွက် လွန်စွာ ဩဇာ သက်ရောက်နိုင်စွမ်း ရှိသည့် စာအုပ်များ ဖြစ်လာသည်။
The Old New Land သည် ဟီဘရူး ဘာသာ ဖြင့် ပြန်ဆိုပြီး တဲလ် အဗစ် ဟု အမည်ပေးခဲ့သည်။ တဲလ် အဗစ် သည်ကပင် အကြမ်းဖျဉ်း ပြန်ဆိုမည် ဆိုက Old New Land ဟုပင် အဓိပ္ပါယ်ရသည်။ ထိုစာအုပ် ထွက်ရှိပြီး ခုနှစ် နှစ် အကြာတွင် တည်ထောင်ခဲ့သော မြို့တော်အားလည်း တယ်လ် အဗစ် ဟုပင် အမည်ပေးခဲ့ကြသည်။
ဘီအာလစ်သည် အစ္စရေး၏ အမျိုးသား စာဆိုကြီး ဖြစ်လာပြီး ဟက်ဇယ်သည်လည်း နိုင်ငံတော်၏ အမြှော်အမြင် ရှိသော တွေးခေါ်ပညာရှင်ကြီး ဖြစ်လာခဲ့သည်။
သို့သော် ဘီအာလစ် နှင့် ဟက်ဇယ်တို့ ရက်လုပ်ခဲ့သော ချည်ခင် များသည် ထိုစဉ်က ပါလက်စတိုင်းနေ ဂျုးများ၏ အရေးပါသော အချက်အလက်များစွာ ကို လျစ်လျူ ရှုခဲ့သည်။ ၁၉၀၀ ခုနှစ် ပတ်ဝန်းကျင် တွင် ပါလက်စတိုင်း ဒေသရှိ လူဦးရေသည် ၆၀၀,၀၀၀ ခန့် ရှိရာတွင် ဂျုးများသည် ၆ ရာနှုန်း မှ ၉ ရာနှုန်းခန့် အထိသာ ရှိသေးသည်။
ထိုသို့ လူဦးရေ နှုန်း အခြေပြ စာရင်းဇယား များကို ဘေးဖယ်ထုတ်ခဲ့ပြီး ဘီအာလစ် နှင့် ဟက်ဇယ် တို့ နှစ်ဦးစလုံးသည် သမ္မာကျမ်းစာလာ ဒဏ္ဍာရီများကို သာ အရေးပါသည် ဆိုကာ အားပြုလာခဲ့ကြသည်၊ ထိုဇာတ်လမ်း များ မပါလျင် ခေတ်သစ် ဇီယွန် ဝါဒ သည် စိတ်ကူး၍ပင် ရမည် မဟုတ်ပေ။
၎င်းတို့ နှစ်ဦးစလုံးသည် ဥရောပ ရှိ လူမျိုးစု တိုင်းလိုလို ဆယ့်ကိုးရာစု နှစ် အတွင်း ဖန်တီးခဲ့ကြသည့် စိတ်ကူးယဉ် ဒဏ္ဍာရီများ၏ ဩဇာ လွှမ်းမိုးခြင်း ခံခဲ့ကြရသူ များသာ ဖြစ်သည်။
ယူကရိန်း ဂျုး ဖြစ်သော ဘီအာလစ် နှင့် ဟန်ဂေရီ ဂျုး ဖြစ်သော ဟက်ဇယ် တို့သည် ယူကရိန်း အမျိုးသားရေး ဝါဒ အတွက် စပ်ဆိုခဲ့သော တာရာ ရှက်ဗ်ချင်ကို၊ ဟန်ဂေရီ အမျိုးသားရေး ဝါဒ အတွက် ရှန်ဒေါ ပီတိုဖီ၊ ပိုလန် အမျိုးသား ရေး ဝါဒ အတွက်အာဒမ် မီစကီဝစ် ကဲ့သို့ သော ကဗျာစာဆို ကြီးများ ၏ လမ်းစဉ် ကို လိုက်ခဲ့ကြခြင်း ဖြစ်သည်။ ဟက်ဇယ်သည် ၎င်း၏ ပတ်ဝန်းကျင် တွင် အမျိုးသားရေး လှုပ်ရှားမှု များ တက်ကြွ လှုပ်ရှားလာသည်ကို သိရှိလာသည့် အတွက် နိုင်ငံများသည် "အိမ်မက်များ၊ သီချင်းများ၊ စိတ်ကူးယဉ်မှု များ" နှင့် ထွက်ပေါ်လာခဲ့သည်ဟု ရေးသားခဲ့သည်။
သို့သော် အိမ်မက်များ၊ သီချင်းများ၊ စိတ်ကူးယဉ် မှု များသည် မည်မျှပင် စိတ်အား တက်ကြွဖွယ် ဖြစ်စေကာမူ နိုင်ငံ တနိုင်ငံ အဖြစ် အပြည့်အဝ လည်ပတ်နိုင်ဖို့ လုံလောက်အောင် ဖန်တီးပေးနိုင်မည်တော့ မဟုတ်ပေ။ ဘီအာလစ်သည် ဂျူး လက်နက်ကိုင်များကို မျိုးဆက်အဆင့်ဆင့် စိတ်အားတက်ကြွဖွယ် ပြုလုပ်ပေး နိုင်ခဲ့သော်လည်း စစ်တပ် တတပ်လုံးအား လက်နက် တပ်ဆင် ထိန်းသိမ်းနိုင်ရေး၊ အခွန် အကောက်များ ဖြင့် လက်နက်များ ဝယ်ယူ ရေး တို့တွင်တော့ စွမ်းဆောင်ပေးနိုင်ခြင်း မရှိပေ။ ဟက်ဇယ်၏ ယူတိုပီယန်း စာအုပ်ဖြင့် တယ် လဗစ် ဆိုသည့် မြို့တော် အတွက် အခြေခံ အုတ်မြစ်များ ဖြစ်လာခဲ့သော်လည်း မြို့အင်္ဂါရပ်များ နှင့် အညီ ဖြစ်စေရန် မိလ္လာမြောင်းများ တူးဖေါ်ရေး အတွက်တော့ အသုံး မဝင်ခဲ့ပေ။
မျိုးချစ် ဝါဒ၏ အနှစ်သာရသည် အမိမြေ၏ အလှတရားများ ကို ဖွဲ့ဆိုထားသော စိတ်အား တက်ကြွဖွယ် ကဗျာများ ရွတ်ဆိုနေယုံ သက်သက် မဟုတ်၊ နိုင်ငံခြားသားများ၊ လူနည်းစုများ အပေါ် မုန်းတီးရေး အဟော အပြောများလည်း မဟုတ်၊ ထိုအစား ပေးရန် ရှိသော အခွန်များကို ပေးခြင်း ဖြင့် နိုင်ငံ အခြားတဖက်ရှိ လူများ၏ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် မိလ္လာစနစ် ကောင်းများ ခံစားနိုင်ကြ၍ နိုင်ငံကို ချစ်ရာ ရောက်မည်သာ ဖြစ်သည်။
ထိုသို့ ဝန်ဆောင်မှု လုပ်ငန်းများ စီမံ ခန့်ခွဲ နိုင်ရန် နှင့် မရှိမဖြစ် လိုအပ်အခွန်များ ကောက်ခံ နိုင်ရန် သတင်းအချက်အလက်များ တောင်ပုံရာပုံ မက စုဆောင်း သိမ်းဆည်း ထားနိုင်ရန် လိုအပ်လာသည်။ အိမ်ခြံမြေများ၊ ပေးရန် ရှိသည်များ၊ ကင်းလွတ်ခွင့်များ၊ တင်ရှိနေသော ကြွေးမြီများ၊ ကုန်ပစ္စည်း လက်ကျန်များ၊ ကုန်စည် တင်ပို့မှုများ၊ ဘတ်ဂျက်များ၊ ငွေစာရင်းများ၊ လစာငွေများ အစရှိသည်တို့ ပါဝင်နေသည်။
သို့သော် ထိုသို့သော အချက်အလက်များသည် အထိမ်းအမှတ် ကဗျာများ၊ ဒဏ္ဍာရီ များ အဖြစ် ရောက်အောင်တော့ အလှည့်အပြောင်း လုပ်၍ ရမည် မဟုတ် ပေ။ ထိုအစား အခွန် မှတ်တမ်းမှတ်ရာ များအား စာရင်းဇယား မျိုးစုံ အဖြစ်သာ ကူးပြောင်း နိုင်မည် ဖြစ်သည်။ အကြောင်းအရာ တခုချင်းစီမှသည် ပိုမိုရှုပ်ထွေးသော ဇယားကွက်များ၊ ကွန်ပြူတာ စပရက်ရှိ များ အထိ ပါဝင်လာမည် ဖြစ်သည်။
ထိုစာရင်း အချက်အလက်များ မည်မျှပင် ရှူပ်ထွေးနေစေကာမူ ပေးပြီး နှင့် ပေးရန် ရှိနေသည်များသာ အဓိက ကျပေသည်။ ကဗျာ စာဆိုများက ထိုအချက်များကို လျစ်လျူ ရှုထားနိုင်သော်လည်း အခွန်ကောက်ခံမည့်လူများ အဖို့ကတော့ ထိုသို့ လုပ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။
စာရင်းဇယား များသည် နိုင်ငံ၏ အခွန်စနစ် အတွက်သာ မက အခြား ရှူပ်ထွေး နက်နဲသည့် ဘဏ္ဍာရေး အဖွဲ့အစည်းများ ဖြစ်သော ကော်ပိုရေးရှင်းကြီးများ၊ ဘဏ် များ၊ စတော့ဈေးကွက်များ အတွက်လည်း အလွန်တရာမှ အရေးပါနေသည်၊ ထိုသို့သော စာရင်းဇယားမျိုး မရှိက မည်သို့မျှ ရပ်တည်နိုင်မည် မဟုတ်ပေ။
ခရစ်ယာန် ကျောင်းတိုက်၊ တက္ကသိုလ် နှင့် စာကြည့်တိုက် တတိုက်သည် ၎င်းတို့ အတွက် ဝင်ငွေ ထွက်ငွေ မျှတမည့် ဘတ်ဂျက် ရေးဆွဲလိုပါက လူအများ စိတ်ကို ညွတ်နူးအောင် လုပ်နိုင်မည့် တရားဟော ဆရာတော်များ၊ ကဗျာစာဆိုများသာ မက စာရင်းဇယား များကို နိုင်နိုင် နင်းနင်း ကိုင်တွယ် နိုင်မည့် စာရင်းကိုင်များလည်း လိုအပ်လာသည်။