အခန်း (၃)
မှတ်တမ်းများ သို့မဟုတ် စက္ကူ ကျား တို့၏ ကိုက်ရာ ခြစ်ရာများ
ပုံဝတ္ထု များသည် လူသားတို့ ပထမဦးစွာ ထုတ်လုပ်လာသည့် လွန်စွာ အရေးပါလှသော သတင်း အချက်အလက် နည်းပညာ တရပ်ပင် ဖြစ်သည်။ မနုအနွယ်ဝင်များ အကြား အင် နှင့် အား နှင့် ပူးပေါင်း ဆောင်ရွက်လာရန် အခြေခံ အုတ်မြစ်ကို ချပေးခဲ့ယုံမျှ မက လူ ဆိုသည်အား ကမ္ဘာမြေပေါ်တွင် အင်အား အကြီးဆုံး သတ္တဝါကြီး ဖြစ်လာအောင် ဆောင်ကျဉ်းပေးနိုင်ခဲ့သည်။
ထိုအချက်ကို လေးနက်စွာ သဘောပေါက်စေရန် နိုင်ငံများ ဟူ၍ ဖွဲ့စည်း ဖြစ်ပေါ်လာရေး တွင် ပုံဝတ္ထုများ ပြောဆိုခြင်းသည် ကဏ္ဍ တခု အနေနှင့် ပါဝင်ခဲ့သည် ဆိုသည်အား ထည့်သွင်းစဉ်းစားရပေမည်။
ကနဦးတွင် နိုင်ငံများ ဆိုသည်က ကဗျာဆရာ များ၏ စိတ်ကူးစိတ်သန်း များထဲတွင်သာ ရှိခဲ့သည်။ ဆာရာ အာရွန်ဆွန်း နှင့် NILI မြေအောက် အဖွဲ့အား လက်ရှိ အစ္စရေး နိုင်ငံသားများက ပါလက်စတိုင်း နယ်မြေ တွင် ဂျူးနိုင်ငံတခု ထူထောင်နိုင်ရန် ပထမဦး ဆုံး အသက်စွန့် ခဲ့ကြသည့် ဇီယွန်ဝါဒီများ အဖြစ် အမှတ်ရနေခဲ့ကြသည်။ ဤနေရာတွင် မေးစရာ ရှိလာရသည်က NILI မြေအောက် အဖွဲ့ဝင်များသည် ထိုသို့ နိုင်ငံ အဖြစ် ဖွဲ့စည်းရန် ဆိုသည့် အိုင်ဒီယာကို အဘယ်က ရလာခဲ့ကြသနည်း ဆိုသည်ပင် ဖြစ်သည်။
၎င်းတို့အားလုံးသည် ယခင် မျိုးဆက်ဟောင်းများ ဖြစ်သော သီအိုဒိုးလ် ဟားဇ်၊ ဟေယင်း နာမန် ဘီ အာလစ် ကဲ့သို့ ကဗျာဆရာ ကြီးများ၊ တွေးခေါ်ပညာရှင်ကြီးများမှ တဆင့် ရရှိခဲ့ကြခြင်း ဖြစ်သည်။
၁၈၉၀ နှောင်းပိုင်း နှစ် နှစ်ဆယ်ရာစု နှစ် အစောပိုင်းများတွင် ယူကရိန်း ဂျုး တဦး ဖြစ်သည့် ဘီအာလစ် သည် ဥရောပရှိ ဂျူးများ ဖိနှိပ်ခံရမှုများ၊ အင်အားချိနဲ့နေမှု များ အကြောင်း ကဗျာ များ၊ ဝတ္ထုများ အမြောက်အမြား ရေးသား ထုတ်ဝေခဲ့သည်။ ထိုအကြောင်းအရာ များထဲတွင် မိမိကိုယ်ကို မိမိ ကာကွယ်ရန် လက်နက် ကိုင်စွဲကြဖို့၊ ပါလက်စတိုင်းသို့ ရွှေ့ပြောင်းပြီး ကိုယ်ပိုင်နိုင်ငံ ထူထောင်ကြဖို့ တိုက်တွန်း ပြောဆိုမှုများ ပါလာခဲ့သည်။
ထိုအထဲတွင် ၁၉၀၃ ခုနှစ် ကီရှီနက်ဗ် လူမျိုးရေး ဘာသာ ရေး အခြေခံပြီး ကျုးလွန်ခဲ့ သော လူသတ်ပွဲ ကြီး အပြီး ရေးသားခဲ့သမျှ တွင် လူ့စိတ်ကို လှုံ့ဆော်ပေးနိုင်ဆုံးသော ကဗျာ သည်ကား "In the City of Slaughter" ဖြစ်ပြီး ဂျုး ၄၉ ဦး သေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာ ရသွားခဲ့သည့် ရက်စက်ကြမ်းကြုပ်စွာ ကျုးလွန်ခဲ့မှု ကို ပြစ်တင်ရှုတ်ချထားသည်။ ထို့အပြင် ရွှေပြည်အေး ဝါဒ ဖြင့် အကာအကွယ်မဲ့ ဘဝ ရောက်အောင် နေခဲ့ကြသည့် ဂျုးများအားလည်း ဝေဖန် ပြစ်တင်ထားသည်။
ထိုကဗျာ ထဲတွင် နှလုံးသား များ ကွဲကြေ မတတ် ထိခိုက် နာကျင်စရာ ဖြစ်ခဲ့ရသည် က ဂျူး အမျိုးသမီး များ အား လူအုပ်နှင့် ချီ၍ အတင်းအဓမ္မ ပြုကျင့်နေကြစဉ်တွင် ခင်ပွန်း များ၊ အကို မောင်ဘွား များက အနီး အနား တွင် ပုန်းအောင်းနေကြပြီး ဝင်ရောက် ဟန့်တားရန် ထိတ်လန့်နေကြသည်ကို ဖေါ်ကျုး ဖွဲ့ဆိုထားသည့် အပိုဒ် ပင် ဖြစ်သည်။
ဘီအာလစ်သည် ၎င်း၏ ကဗျာထဲတွင် ဂျုး အမျိုးသားများအား ကြောက်ရွံ့ထိတ်လန့်နေသော ကြွက်ကလေး များ နှင့် နှိုင်းယှဉ်ထားပြီး ဘုရားသခင်က သူ၏ တန်ခိုးပြဋိ ဖြင့် ကယ်တင်ပေးရန် သာ ဆုတောင်းနေကြပြီး၊ ၎င်းတို့၏ ဆုတောင်းက ပြည့်ဝခဲ့ခြင်း မရှိဟု ရေးသားထားသည်။
ဆက်လက် ရေးသားရာတွင် အဆိုပါ လူသတ်ပွဲ ကြီး ပြီးဆုံးသွားပြီး နောက်တွင်ပင် အသက်ရှင် ကျန်ခဲ့သူများသည် လက်နက် စွဲကိုင်ဖို့ စိတ်ကူး မရှိကြယုံမက အဓမ္မ ကျင့်ခံရသည့် အမျိုးသမီးများသည် ထုံးတမ်းစဉ်လာအရ ညစ်ညမ်းသွားပြီလား သို့မဟုတ် သန့်ရှင်းနေသေးလား ဆိုသည်ကို ဆုံးဖြတ်နိုင်ရန် ဂျုးဘာသာရေး ကျမ်း Talmud ကိုင်စွဲ၍ ငြင်းခုံနေကြဆဲ ပင် ဖြစ်သည်။
ထိုကဗျာ အား ယခုအခါ အစ္စရေး စာသင်ကျောင်း များတွင် မသင်မနေရ ဟု ပြဋ္ဌာန်းထားသည်။ ထို့အပြင် သမိုင်းတလျှောက် ရွှေပြည်အေး ဝါဒ စွဲကိုင်ကာ နှစ်ပေါင်း နှစ်ထောင်နီးပါး အေးချမ်းစွာ နေထိုင်ခဲ့ကြသော ဂျုးများသည် ယခုအခါ ကမ္ဘာပေါ်တွင် လူတကာ ရှိန်လောက်သည့် စစ်တပ်ကြီးကို အဘယ့်ကြောင့် ဖွဲ့စည်းထားရသနည်း ဆိုသည်ကို နားလည်လိုသူတိုင်း မဖြစ်မနေ ဖတ်ရမည့် ကဗျာ ရှည်ကြီးလည်း ဖြစ်သည်။
ဘီအာလစ်သည် ယူကရိန်းတွင် နေထိုင်သူ ဖြစ်ပြီး အရှေ့ ဥရောပ တခွင်ရှိ အက်ရှ်ကနာဇီ ဂျူးများ ဖိနှိပ်ခံနေရသည်ကို ကောင်းစွာ နားလည်ထားသူ ဖြစ်သော်လည်း ပါလက်စတိုင်း ရှိ အခြေအနေများကိုမူအနည်းငယ်မျှသာ သိရှိထားသူ ဖြစ်သည် ဆိုသော အချက်သည် နောက်ပိုင်း ဂျူး နှင့် အာရပ်များ အကြား ပဋိပက္ခများ ဖြစ်ပွားလာခဲ့ရခြင်း ၏ အကြောင်းရင်းတခု ဖြစ်လာခဲ့သည်။
ဘီအာလစ်၏ ကဗျာသည် ဂျုးများအား ထိခိုက်နစ်နာသူ များ အဖြစ် မြင်လာ စေပြီး စစ်အင်အား ကြီးမား အောင် တည်ဆောက်ပြီး နိုင်ငံ တနိုင်ငံ အဖြစ် ရပ်တည်နိုင်အောင် လှုံ့ဆော်ပေးလာခဲ့သည်။ သို့သော်လည်း ပါလက်စတိုင်းရှိ အာရပ်လူမျိုး များ နှင့် အရှေ့အလယ်ပိုင်းရှိ ဌာနေ မစ်ဇ်ရာဟီ ဂျုးများ အကြား ဖြစ်ပွားလာနိုင်သည့် ကြောက်မက်ဖွယ်ရာ အကျိုးဆက်များကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိဟု ဆိုရမည် ဖြစ်သည်။
အာရပ်-အစ္စရေး ပဋိပက္ခသည် ၁၉၄၀ ကျော် နှစ်များအကုန်ပိုင်းလောက်တွင် ပေါက်ကွဲ ထွက်လာသည့် အခါ ထောင်ပေါင်းများစွာသော ပါလက်စတိုင်းများ နှင့် မစ်ဇ်ရာဟီ ဂျုးများသည် ၎င်းတို့ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြသည့် အရပ်များမှ မောင်းထုတ်ခံခဲ့ကြရသည်၊ ထိုသို့ ဖြစ်လာရခြင်း၏ အကြောင်းရင်းများထဲတွင် လွန်ခဲ့သည့် ရာစုနှစ်ဝက်နီးပါးက ယူကရိန်းတွင် စပ်ဆိုခဲ့သော ကဗျာများ၏ အခန်းကဏ္ဍသည် တစိတ်တပိုင်း ပါဝင်ခဲ့သည်။