ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(40)

by Hla Soewai - Jul 09 2025

ကျွန်တော် တို့ ပထမ အကြိမ် ချစ်တင်းနှီးနှောပြီး ခဏ တဖြုတ် နားနေခိုက် ကျွန်တော်သည် ဆင်ခြင်တုံတရား နှင့် ကြင်နာ ပြီး စိတ်ရင်းကောင်း ရှိမှန်းသိ၍ နောက်ဆုံး အခုလို အတူတူ သောက်ဖို့ စားဖို့ "အချိန်မရွေးပါ" ဟု ဖိတ်ခေါ်ခဲ့ရခြင်း ဖြစ်သည်ဟု ရှင်းပြခဲ့သည်။ ကျွန်တော်လည်း သူ့ဖိတ်ခေါ်ခဲ့သည်ကို ရက်အနည်းငယ် အကြာမှ လက်ခံခဲ့ပြီး ဆီလ်ဗား လိတ်ခ် ရှ်ိ ပိုလီနီရှား စတိုင် မွမ်းမံထားသော ဘား သို့ ရောက်လာခဲ့သည်။

 

ထိုနေရာသို့ ဟာဝိုင်အီ ရှပ် များ ဝတ်ဆင်ထားသော လူကောင် ထွားထွားကြီးများ၊ ဒင်နင်း ဂျင်း စကတ်အတို များ နှင့် ကြီးမားလှသော တင်ပါးဆိုင်ကြီးများကို မနိုင်ရင်ကာ ထိန်းရင်း ရောက်လာကြသော အမျိုးသမီးများ ရောက်လာ‌ လေ့ ရှိသည်၊ မီးတိုင်များကို အဝင်အဝ ဘေးတဖက်တချက်တွင် အစီအရီ ထွန်းညှိထားသည်။ အထဲတွင်တော့ ‌အမျိုးအမည် မသိ ကြောက်မက်ဖွယ်ရာ ပစိဖိတ် ကျွန်းသား တို့၏ မျက်နှာဖုံး များကို ပျဉ်ပြား နံရံများ ပေါ်တွင် ချိတ်ဆွဲထားသည်။ သူတို့၏ နှုတ်ခမ်းများက "အူဂါ ဘူဂါ" ဟု ရေရွတ်နေသယောင် ထင်ရသည်။

 

ရင်သား ‌ကို ဖေါ်ထားသော ကြေးနီရောင် အသားအရည် နှင့် မြက်များ နှင့် ရက်လုပ်ထား သော စကပ်ဝတ် မိန်းမပျို ရုပ်ထုများပေါ်တွင် ထွန်းညှိထားသော စားပွဲတင် မီးအိမ်များ၏ အလင်းရောင်က ဆိုင်ထဲတွင် ဖျော့တော့တော့ လင်းလက်နေသည်။ စားပွဲထိုး အမျိုးသမီးသည်လည်း သူမ၏ ဆံပင် အရောင်နှင့် လိုက်ဖက်သည့် ကောက်ရိုး ဖျော့ဖျော့ အရောင်ရှိ မြက်စကပ်ကို ဝတ်ဆင်ထားပြီး အပေါ်ပိုင်း တွင်တော့ စိမ်းစိုနေသော အုန်းသီးရောင် ဘီကီနီ နှင့် ဖြစ်သည်။

 

ကျွန်တော် တို့ နှစ်ယောက် သုံးခွက်လောက် သောက်ပြီး သိပ်မကြာခင်မှာပင် မစ္စက်မိုရီ သည် မေး ကို ညာဖက်လက် နှင့် ထောက်ပြီး တံတောင်ဆစ်ကို ဘား ကောင်တာ တွင် တင်ကာ သူ့ပါးစပ်ဖျားက စီးကရက်ကို ကျွန်တော်အား မီးညှိစေသည်။ ကျွန်တော့် အမြင်တွင်တော့ ယောက်ျား တယောက်က မိန်းမတယောက်ကို ရမ္မက် ဆန်တဲ့ လိင်စိတ်နှိုးဆွအောင် ဗွေဆော်ဦး လုပ်ပေးနိုင်တာတွေထဲက တခု ဖြစ်မည်။

 

သူမသည် ရမ္ပက်ပြင်းပြမှု ကို အသားပေးထားသည့် ဟော်လီဝုဒ် ဟာသ ဇာတ်ကားများထဲက မင်းသမီး လေး တယောက်လို အရက်ခွက်ကို ကိုင်မော့လိုက်၊ ဆေးလိပ်သောက်လိုက် လုပ်နေတယ်။ ထိုအထဲက ဇာတ်ဆောင် အမျိုးသမီးများသည် ရင်ဘတ်ဖောင်းအောင် ခံထားသည့် ဘရာစီယာနဲ့ ပုခုံးဖောင်း အင်္ကျီတွေ ဝတ်ပြီး အဓိပ္ပါယ် နှစ်ခွ ထွက်တဲ့ စကားမျိုးကို ဒုတိယ ဘာသာ စကား တခုအလား ပြောတတ်ကြသည်။

 

ကျွန်တော်ကို စိုက်ကြည့်ရင်းက "ငါ့ မှာ ဝန်ခံစရာ တခု ရှိနေတယ်" ဟု ပြောလာသည်။ ကျွန်တော်က ပြုံးလိုက်ရင်း ငါ့ ပါးချိုင့် လေး တွေ ကို သဘောကျတယ်လို့ ပြောတော့မယ် ဟု တွေးလိုက်မိသည်။ ပါးစပ်ကတော့ ကျွန်တော် လည်း အဲ့လို ဝန်ခံတာမျိုး တွေ ကြိုက်တယ်။ 

 

မင်းနဲ့ ပတ်သက်ပြီး ထူးဆန်းနေတာ တွေ ရှိတယ်၊ အဲ့လို ပြောလို့ မင်းက အသားညိုတယ်၊ အရပ်ရှည်တယ်၊ ရုပ်ချောတယ်လို့ ပြောချင်တာ မဟုတ်ဘူး၊ မင်းအကြောင်း ကြားပြီး စ တွေ့တုန်းက ကိုယ့်လူမျိုး ကိုယ် ရောင်းစားပြီး မျက်နှာဖြူ ဆန်မယ့်လူ၊ လူဖြူ မဟုတ်ပေမယ့် လူဖြူနဲ့ နီးစပ်တယ်၊ ဆန်စားတဲ့ လူဖြူ လို့ ထင်ခဲ့တာ။

 

မင်းက ဂိုင်ဂျင် (နိုင်ငံခြားသား/လူဖြူ) တွေနဲ့ သိပ် အဆင်ပြေတာပဲ၊ သူတို့ကလည်း မင်းကို ချစ်ကြတယ် မဟုတ်လား၊ ကျမ ကိုတော့ သဘောကျတာ လောက်ပဲ ရှိတယ်၊ ကျမ ကို ခြေထောက်တုပ်ထားတဲ့ ခြေသံသေးသေး တရုတ် မ အရုပ်ကလေး၊ သူတို့ စိတ်ကြိုက် ဖြစ်အောင် လုပ်ပေးဖို့ အသင့် ရှိနေတဲ့ ဂေးရှားမယ်လေး တယောက်လို ထင်ကြတယ်။

 

ငါ့ ကို ချစ်လာအောင် အထိ မပြောခဲ့လို့ ထင်တယ်၊ ဒါမှ မဟုတ်လည်း ဘယ်လို ပြောရမှန်း မသိခဲ့တာလည်း ဖြစ်မယ်။ သူတို့ ကြိုက်တဲ့‌ ဆူကီယာကီ-ဆာယိုနာယာ ရှိုး လည်း မလုပ်နိုင်။ ဆံပင် တွေ ဖွပြီး တူ တွေ ထဲ့ ထားတဲ့ အဓိပ္ပါယ်မရှိတာမျိုးတွေ၊ စူစီ ဝေါင်း လိုမျိုး ပေါက်တတ်ကရ‌‌ တွေ၊ လာတဲ့ လူဖြူတိုင်းက မစ်ကီ ရွန်နီ နဲ့ တူနေရင်တောင် ဝီလျံ ဟိုးလ် ဒင်း၊ မာလွန် ဘရန်ဒို ဖြစ်ရမယ် ယူဆနေတာ မျိုးပေါ့။ စကားပြောနိုင်ရင် အတော်လေး ခရီးရောက်တယ်။ အဲ့လိုလည်း မဟုတ်ပြန်ဘူး၊ ကောင်းကောင်းနားထောင် ပေးနိုင်တဲ့ လူဖြစ်ရမယ်။ 

 

မင်းရဲ့ မျက်နှာမှာ သူတို့ ဘယ်လိုမှ မဝေခွဲ နိုင်တဲ့ အရှေ့တိုင်းရဲ့ အပြုံးမျိုး ပြုံးထားရမယ်။ ထိုင်နေရင်း နဲ့ ခေါင်း တငြိမ့်ငြိမ့် လုပ်ပြနိုင်ရမယ်။ တခါတလေ ကျ ကိုယ်ချင်းစာစိတ် ရှိတဲ့ပုံနဲ့ အဲ့လိုကြီးလား ဆိုပြီး မျက်မှောင်ကို ကြုံပြရဦးမယ်၊ လူတွေ ကို ဆက်သာ ပြောခွင့် ပေးထား၊ မင်းပါးစပ်က စကား တလုံးမှ မဟဘဲ နဲ့ကို သူတို့ ပြောသမျှ မင်းက သဘောတူ နေတယ်လို့ အထင်ရောက် နေပစေ၊ ငါ ပြောတာ ဘယ်လို သဘောရလဲ။

 

ကျွန် တော် အဖို့ကတော့ ကြားခဲ့ရသမျှ တွေ ကို တုန်လှုပ်နေမိတာပဲ မစ္စက် မိုရီ၊ ဟု ပြောလိုက်သည်။ငါ ထင်တဲ့ အတိုင်းဘဲ၊ ဘုရားရေ ပြောရဦးမယ်၊ ငါ့ကို ဆိုဖီယာ လို့ သာ ခေါ်စမ်းပါ၊ ငါ က မင်း ရည်းစား ရဲ့ အမေ အဖွားကြီး ပုံမျိုး ပေါက်နေပြီလား။ 

 

ကဲ..နောက်တခွက် ထပ်ချကြစို့၊ စီးကရက်လည်း မီးညှီ ပေးဦး၊ ငါ လေးဆယ့် ခြောက်နှစ်ပဲ ရှိသေးတယ်နော်၊ ဒါကို လူတွေ သိလည်း ဂရုမစိုက်ဘူး။ ဒါပေမယ့် ပြောစရာ ရှိတာ ပြောရဦးမယ်၊ မိန်းမတယောက် အသက် လေးဆယ့် ခြောက်နှစ် ရောက်လာပြီ၊ နေချင်တဲ့ ပုံစံမျိုး နဲ့လည်း နေခဲ့ပြီးပြီ ဆိုရင် ယောက်ျား တယောက် နဲ့ အိပ်ယာထဲ ကျ ဘာတွေ လုပ်ရမယ် ဆိုတာ သိပြီး တတ်ပြီးသား လို့ မှတ်။ အဲ့တာ ကာမသျှပ်တ္တရ ကျမ်းတို့၊ Carnal Prayer Mat ဆိုတဲ့ စာအုပ်‌ တွေ ကြောင့် မဟုတ်ဘူးနော်၊ ပြီးတော့ ကျမတို့ရဲ့ အချစ်တော် ဌာနမှုးကြီးရဲ့ တောင်စဉ် ရေမရ အရှေ့တိုင်း နဲ့ ပတ်သက်ပြီး စကား တန်ဆာ ဆင် အစွမ်းပြ ပြောနေတာ တွေနဲ့လည်း မဆိုင်ဘူး၊

 

ခင်ဗျား သူနဲ့ လုပ်လာတာ ခြောက်နှစ် လောက် ရှိသွားပြီ မဟုတ်လား။

 

အဲ့တာ ငါ မသိဘဲ နေမလား၊ ခုပြောနေတာ တွေက ငါ့အတွေးထဲ ပေါ်လာတာ ပြောနေတာ၊ ဒါမှ မဟုတ်လည်း သူ ရုံးရောက်လို့ အခန်းတံခါး ဖွင့်လိုက်တိုင်း တနေရာကနေ မောင်းသံ လိုလို ထွက်လာ တာ ကြောင့်လား။ ရုံးခန်းထဲမှာ ဆေးလိပ်သောက်လို့လား၊ အမွှေးတိုင်များ ထွန်းထားလို့လား။

 

ငါ့ ကို သိတ် သဘောမကျ ဖူးလို့ ထင်နေမိတယ်၊ ငါ ကလည်း သူ့တွေ့တိုင်း ဦးညွှတ်တာမျိုး မလုပ်ခဲ့မိတာကိုး၊ 

 

ငါ့ကို အင်တာ ဗျုး တုန်းက ဂျပန်စကား ပြောတတ်လားလို့ မေးတယ်။ ငါက ဂါဒီနား မှာ မွေးတာပါလို့ ရှင်းပြရတယ်။ အဲ့တော့မှ မင်းက နီဆိုင်း ကို လို့ပြောတယ်၊ (ဂျပန် ပြင်ပတွင် မွေးဖွားကြီးပြင်းသူ) ၊ ပြောပုံက ဒီစကားလုံးတလုံး သိတာနဲ့ ကျမ အကြောင်း အကုန် သိသွားသလိုမျိုး။ 

 

ပြီးတော့ ပြောသေးတယ်၊ ခင်ဗျား ရဲ့ ယဉ်ကျေးမှု ကို မေ့သွားပြီပေါ့ မစ္စက် မိုရီတဲ့‌လေ၊ ခင်ဗျားက ဒုတိယ မျိုးဆက် ဖြစ်တာတောင် ခင်ဗျားရဲ့အစ်ဆိုင်း ဖြစ်တဲ့ မိဘတွေရဲ့ ယဉ်ကျေးမှု ကို ဖက်တွယ်ထားသင့်တယ်။ ခင်ဗျား ဂျပန်လို မတတ်ချင်ဘူးလား၊ နီပွန်ကိုကော အလည် လေး ဘာလေး မပြန်ချင်ဘူးလား၊ 

 

သူ့စကား ကြောင့် ငါ အတော်ကြာကြာ စိတ်မကောင်း ဖြစ်နေမိတယ်၊ စိတ်ထဲမှာလည်း ငါ ဘာကြောင့်များ ဂျပန်စာ မသင့်ချင်ခဲ့ရတာလည်း၊ ဂျပန် လို ပြောတတ်သင့်နေပြီ၊ တိုကျိုကို အလည်မသွားဘဲ ဘာကြောင့် ပဲရစ်တို့၊ အစ္စတန်ဘူလ် တို့၊ ဘာစီလိုးနား တို့ကို သွားခဲ့တာပါလိမ့် လို့ တွေးနေမိတယ်၊

 

နောက် ပိုင်း တွေးလာမိတာက ဘာဂရုစိုက်ဖို့ လိုလဲ၊ ဂျွန် အက်ဖ် ကနေဒီကို ဂေးလပ်ခ် လို ပြောတတ်လား၊ ဒပ်ဗလင် ရောက်ဖူးလား၊ ညတိုင်း အာလူးစား အိပ်လား၊ လက်ပရာကန် (အိုင်းရစ်ခ်ျ ဒဏ္ဍာရီ ပုံပြင်ပါ) အရုပ် ပန်းချီကား တွေ စု ဖူးလား၊ ဒါကို ကြည့်ရင် ငါ တို့ကို ကိုယ့်ယဉ်ကျေးမှု ကိုယ် မမေ့သင့်ဘူး လို့ ဘာကြောင့် ယူဆခံနေရတာလဲ။ ငါ့ကို ဒီမှာ မွေးတော့ ကျမ ယဉ်ကျေးမှုကလည်း ဒီမှာ ပဲ ရှိရတော့ မပေါ့၊ အဲ့လို မျိုး တွေတော့ ကျမ မေးမနေတော့ပါဘူး၊ 

 

ခင်ဗျား ပြောတာ‌ ‌‌တွေ အားလုံး မှန်ပါတယ် ဟု ကျွန်တော် က ပြုံးပြီး ပြောလိုက်သည်။

 

သူမက သက်ပြင်းတချက် ချလိုက်ရင်းက ဒါတွေက အလုပ်နဲ့ ပတ်သက်ပြီး ပြောတာပါ၊ အခြား ပြောစရာ တွေလည်း ရှိသေးတယ်၊ အဲ့ဒီကတည်းက ငါ့ ခေါင်းထဲ တန်းတန်းမတ်မတ် ရောက်လာတာက ငါ ဘာတခုမှ မေ့မထားခဲ့ဘူး ဆိုတာပဲ။ ငါ အမေရိကန် တယောက် ဖြစ်တဲ့ ငါ့ ရဲ့ ယဉ်ကျေးမှု၊ အင်္ဂလိပ် စာ ဆိုတာ င့ါ ဘာသာ စကား၊ ဒါတွေကို ငါ သေသေ ချာချာ သိထားတယ်၊ ငါ့ကိုယ် ငါ လည်း သူရဲ့ ရုံး မှာ စပိုင်တယောက် ဖြစ်နေသလို ခံစားခဲ့ရတယ်။ အပေါ်ယံ ကြည့်ရင်‌ တော့ ငါဟာ မစ္စက် မိုရီ ဆိုတဲ့ ခပ်ရိုးရိုး မိန်းမကြီး၊ သနားစရာကောင်းလောက်အောင် သူရဲ့ မူလ ဇစ်မြစ် ပျောက်နေရှာသူ တယောက်ပေါ့၊ ငါ့ အတွင်းစိတ်မှာတော့ ငါဟာ ဆို‌ဖီယာ၊ မင်း ငါ့ ကို ရုတ်ရုတ် ရုတ်‌ရုတ်တော့ လုပ်ဖို့ စိတ်မကူးနဲ့။

 

ကျွန်တော် လည်း လည်ချောင်းတချက် ရှင်းလိုက်ပြီး မစ္စက် မိုရီ...

 

ဟင်..

 

ကျွန်တော် ခင်ဗျားကို ချစ်နေမိပြီ ထင်တာပဲ။

 

ဆိုဖီယာ လို့ ခေါ်ပါဆိုနေမှ၊ တခုတော့ ရှင်းရှင်းလင်းလင်း ပြောထားမယ် ပလေးဘွိုင် လေးရေ၊ ငါ တို့ တယောက်နဲ့ တယောက် ပတ်သက်သွားခဲ့မယ် ဆိုရင်၊ ဒါကလည်း ဖြစ်ခဲပါတယ်၊ အဲ့ဒီ အခါကျ ဘာနှောင်ကြိုး နဲ့ မှ လာမနွယ်နဲ့ ဆိုတာပဲ။ သိထားရမှာက မင်း က ငါ့ကို ချစ်ကြိူက်သွားတာ မဟုတ်ဘူး၊ ငါကလည်း မင်းကို ချစ်ကြိုက်မနေဘူး၊ 

 

ပြောရင်း သူမက ‌စီးကရက်ကို နှစ်ချက် ဆင့်ဖွာလိုက်သည်။ မင်း သိထားရမှာက ငါဟာ အိမ်ထောင်ရေးတွေ ဘာတွေကို စိတ်ဝင်စားတဲ့ သူ မဟုတ်ဘူး ဆိုတာပံ၊ ဒါပေမယ့် လွတ်လွတ်လပ်လပ် ချစ်ရတာ မျိုး ကိုတော့ ယုံတယ်။

 

တိုက်ဆိုင်လိုက်တာဗျာ၊ ကျွန်တော်လည်း ခင်ဗျား လိုပဲ။

 

**********