ကျွနုပ်သည် စာဖတ်ရသည်ကို အမြဲလို နှစ်ခြိုက်လေ့ရှိသူ ဖြစ်သည်။ ကလေးဘဝကပင် စာဖတ်သည့် အခါတိုင်း ပြီးပြီးရော ဖတ်လေ့မရှိပဲ အမြဲလို ဦးနှောက်အား အလုပ်ပေးခဲ့သည်ချည်း ဖြစ်သည်။ ဤသို့ဖြင့် ကျွနုပ်သည် စဉ်းစားတွေးခေါ်တတ်လာခဲ့သည်။
လက်လှမ်းမှီသမျှ စာအုပ်များကို အကုန်လို ဖတ်လေ့ရှိသည်။ ခေါင်းစဉ်မှာ စိတ်ဝင်စားစရာ ဆိုလျှင်ပင် ကျွနုပ်မရရက လိုက်ရှာ ဖတ်တတ်သည်။ တခါက သူငယ်ချင်းများ ပြော၍ Pictorial Astronomy စာအုပ်ကို ဖတ်ဖြစ်ခဲ့သည်။ ပြင်သစ် နက္ခတ္တ ပညာရှင်ကြီး Camille Flammarion သည် သူရေးသားသော စာအုပ်ကို ရုရှားရှိ ကျေးရွာလေးတရွာမှ လူမမယ် ကျောင်းသားလေးတဦး ဖတ်နေသည်ဟု တယောက်ယောက်က သူ့အား သွားပြောသည် ဆိုငြားအံ့။ မည်သို့မျှ ယုံနိုင်လိမ့်မည် မဟုတ်ဟု ဖတ်ရင်း အတွေးဝင်လာခဲ့ပြန်သည်။ ကျွနုပ်သည် သူ၏စာအုပ် ထဲမှ ပါသည့်အကြောင်းများ ကို စာမေးပွဲတွင် ထည့်သွင်း ဖြေဆိုရမည့်အလား စူးစူးစိုက်စိုက် ဖတ်ရှုလေ့လာခဲ့သည်။
မည်သည့်အတွက်ကြောင့်ရယ် မသိ၊ သူ့စာအုပ်တွင် ပါသော ပထမဆုံး ရုပ်ပုံကားချပ်အောက်ရှိ စာသားကို ယခုတိုင် မှတ်မိနေသေးသည်။ “ကျွနုပ်တို့ ကမ္ဘာကြီးသည် အချိန်ဆိုသော တောင်ပံကြီးကို စီးကာ တဟုန်ထိုး ရှေ့သို့ သွားလျက်ရှိနေသည်” ဆိုသော စကားစုပင် ဖြစ်သည်။ နောက်ပိုင်း ခြောက်ဆယ့်ငါးနှစ်အကြာ လီနင် စာကြည့်တိုက်ကြီး၏ အုပ်ချုပ်ရေးမှူးသည် ထိုစာအုပ်နှင့် ပတ်သက်၍ ဘယ်နှစ်ခုနှစ် ထုတ်သော စာအုပ်ကို လိုချင်သလဲဟု မေးလာသည့် အခါ ကျွနုပ်၏ခေါင်းထဲတွင် အမြဲလို စွဲနေသော ထိုစာသားကို ရွတ်ပြလိုက်ရာ ကျွနုပ် လိုချင်သော စာအုပ်ကို ရလာခဲ့သည်။ စာအုပ်ထဲပါ စာသားက ကျွနုပ်ပြောသည့် အတိုင်း ၏သည်မရွေး မှန်နေသည်ကို တွေ့ရ သဖြင့် ကျွနုပ်၏ မှတ်ဉာဏ်သည် ချို့ယွင်းခြင်း မရှိသေးကြောင်း သိခဲ့ရသည်။
ဘုရားမဲ့ဝါဒ၊ သဘာဝ ဗီဇ ဆိုင်ရာ စာအုပ်များသာမက ရုရှားသမိုင်း နှင့် ရုရှား တော်လှန်ရေးသမားများ၏ စွန့်စားခန်း စာအုပ်များကိုပါ ဖတ်ဖြစ်ခဲ့သည်။ ကျွနုပ်၏ စာပေလေ့လာလိုက်စားမှု နယ်ပယ် ကျယ်ဝန်းလာသည်နှင့် အမျှ ခရီးသွားလာမှု ၊ ပထဝီ နှင့် ဆိုင်သော စာအုပ်များကို ပါ ဖတ်ဖြစ်လာခဲ့သည်။ ထိုစာအုပ်များထဲတွင် ကက်ပတိန် ကွတ်ခ် ၏ စွန့်စားခန်းများကို ယခုတိုင် စွဲစွဲလမ်းလမ်း မှတ်မိနေဆဲပင် ဖြစ်သည်။
တချိန်တွင် ဂဲဩမေတြီ နှင့် တြီဂိုနိုမေတြီ ပညာရပ်များကို အထူး စွဲလန်းနှစ်သက်ခဲ့ဖူးသည်။ နွေရာသီ ကျောင်းပိတ်ရက်များတွင် တောထဲသွားပြီး သစ်ပင်များ၏ အမြင့်ကို သိရန် သူတို့အကြား အကွာအဝေးများကို တိုင်းတာခဲ့ဖူးသည်။ အဖြေထွက်လာသည့် အခါ အထူးအားရ ကျေနပ်မိခဲ့ပြန်သည်။ နောက်ပိုင်းတွင် သင်္ချာပညာရပ်အပေါ် ကျွနုပ်၏ စိတ်ဝင်စားမှု သည် တဖြေးဖြေး လျော့ပါးလာပြီး မနုဿ သိပ္ပံပညာရပ်များက လွှမ်းမိုးလာခဲ့ပြန်သည်။
ရုရှား ဂန္တဝင် စာပေများကို ဖတ်ရှုခဲ့ရာမှတဆင့် ဟိုးမား နှင့် ဂိုတာခ် ၏ Faust များအထိပါ နယ်ပယ် ချဲ့ထွင်လာခဲ့ပြီးနောက် ကျွနုပ်အနေဖြင့် စာရေးချင်စိတ် ဖြစ်ပေါ်လာခဲ့ရပြန်သည်။ အနည်းဆုံး ကဗျာလောက်တော့ ရေးနိုင်လိမ့်မည်ဟု စိတ်တွင် ထင်မြင်လာမိသည်။ ကျွနုပ်သည် သွားလေရာတွင် မှတ်စုစာအုပ် တအုပ်ကို အမြဲလို ယူလာခဲ့ပြီး ကဗျာများကို မည်သူမျှ အသိမခံပဲ စတင် ရေးဖွဲ့ခဲ့တော့သည်။ ထိုသို့ ရေးလာရင်း ကျွနုပ်သည် အထုံပါရမီ ရှိသူ မဟုတ်မှန်း သိလာခဲ့ရ၍ ရေးပြီးသား မှန်သမျှ ကို လူမသိ သူမသိ မီးရှို့ပြစ်လိုက်ရသည်။
မိမိကိုယ်လည်း ပုံမှန် စိတ်အခြေအနေ ရှိမှ ရှိရဲ့လားဟုပင် တွေးလာမိသည်။ အဘယ်ကြောင့် တယောက်တည်း နေရသည်ကို နှစ်သက်နေရသနည်း။ အမြဲလိုလည်း စာအုပ် များထဲမှ အကြောင်းများကိုပဲ တွေးနေရသနည်း။ အစရှိသည်များကြောင့် သံသယ ဝင်လာခဲ့ရခြင်းလည်း ဖြစ်သည်။
တဖြေးဖြေး နှင့် ကျွနုပ်သည် ပြင်ပ ကမ္ဘာနှင့် ပို၍ ထိတွေ့ လာနိုင်သည့် လှုပ်ရှားမှုများတွင် တက်တက်ကြွကြွ ပါဝင်လာခွင့် ရခဲ့သည်။ ကျွနုပ်သည် စိတ်တူ ကိုယ်တူ သူငယ်ချင်းများနှင့် အတူ လူမှုရေး လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခဲ့သည်။ ကျွနုပ်အတွက်မူ မိမိနှစ်သက်ရာတခုကို ထပ်မံ ရှာဖွေတွေ့ရှိလာသလို ခံစားခဲ့ရသည်။ လူမှုရေး လုပ်ငန်းများ တွင် မပါဝင်ပဲ နေသည့် နေ့ဟူ၍ မရှိသလောက်ပင် ဖြစ်လာရသည်။ လူကြီးများက ကျွန်တော်တို့ ပြောသည့် စကားများကို တလေးတစား နားထောင်ကြသည်ကို တအံ့တဩတွေ့ရှိလာခဲ့ရသည်။ ထို့အတွက် လုပ်ရကိုင်ရသည်မှာ ပို၍ အားရှိလာခဲ့ရသည်။
လောကကြီးအပေါ် ရှုမြင်ပုံ ၊ လူတန်ဖိုး များ နှင့် စပ်လျဉ်း၍ အသိအမြင်များသည် ၁၉၁၇-၁၈ နောက်ပိုင်း တော်လှန်ရေး စာပေများကို ဖတ်ရှုခဲ့ပြီးမှသာ ရရှိလာခဲ့ရသည်။ထိုအရင်က မည်သို့မည်ပုံ တွေးခေါ်ရှုမြင်ရမည် ဆိုသည်အပေါ် ကျွနုပ်မှာ အတိအကျ သိရှိထားခဲ့ခြင်း မရှိပေ။ သို့သော်လည်း အခြေခံ သဘောလောက်ကတော့ ရိပ်စားမိလာနေပြီ ဖြစ်သည်။ ဥပမာအားဖြင့် ရွာမှ ခရစ်ယာန် ဘုန်းတော်ကြီး ဗော်တော်စကီးသည် သူ၏ မြင်းလှည်း ဖြင့် တရွာဝင် တရွာထွက် ခရီးသွားလေ့ရှိပြီး သူလာသည်ကို တွေ့သည်နှင့် လယ်သမားများသည် မိမိတို့ဝမ်းစာအတွက် ချန်ထားသည်များထဲမှ စပါး သို့မဟုတ် ဂျုံ တခုမဟုတ် တခု ထွက်၍ လောင်းလှူကြသည်။ ဤသည်ကို မြင်သည့်အခါ ကျွနုပ်စိတ်ထဲတွင် ဘုန်းကြီးသည် ဘုရား၏ ဆုံးမဩဝါဒများကို ဖြန့်ဖြူး ပို့ချပေးနေသူ ဖြစ်ပါလျှက် ဘုရားက သူ့အား အဘယ်ကြောင့် ဝမ်းစာဖူလုံအောင် လုပ်မပေးရတာလဲဟု အတွေးဝင်လာခဲ့မိသည်။ ထိုအခါ ဘုရားသခင်သည် တကယ်တမ်းတွင် မရှိ၍ ဖြစ်မည်ဆိုသော ကျွနုပ်၏ အယူအဆသည် ခိုင်မာသည်ထက် ပို၍ ခိုင်မာလာခဲ့ရသည်။
အနုပဋိလောမ ရုပ်ဝါဒသည် ကျွနုပ်တို့ လူငယ်များ၏ စိတ်တွင် အမြစ်တွယ်လာနေပြီလည်း ဖြစ်သည်။ အသက် ဆယ့်သုံးနှစ် အရွယ် ကွန်မြူနစ် လူငယ် အဖွဲ့ဝင် တဦးအဖြစ် ကျွနုပ်၏ ကွန်ဆိုမို (လူငယ် အစည်းအရုံး) သူငယ်ချင်းများနှင့် အတူ ရွာထဲတွင် ဘာသာရေး အား ဆန့်ကျင်သည့် တရားများကို ဟောပြောလာခဲ့ပြီ ဖြစ်သည်။ ကျွနုပ်တို့ ဟောပြောနေသည့် တဲရှေ့မှ ဖြတ်သွားသည့် အသက်ကြီးကြီး လယ်သမား အဖွားအို များသည် သူတို့၏ ညာလက်ဖြင့် လက်ဝါးကပ်တိုင် သင်္ကေတ များ လုပ်၍ ဖြတ်သွားကြသည်ကို ကျွနုပ် အမှတ်ရနေမိပါသေးသည်။ ကျွနုပ်၏ မိဘများနှင့် ဆွေမျိုးသားချင်းများသည် ကျွနုပ်၏ ဘာသာရေး ဆန့်ကျင်သည့် အမြင်များ အပေါ် သဘောမတူကြသော်လည်း ထိုကိစ္စနှင့် ပတ်သက်၍ ခွန်းကြီးခွန်းငယ် စကားများသည့် အဖြစ်အထိ တခါဖူးမျှ မရောက်ခဲ့ပေ။
ဆယ်ကျော်သက်များ ဖြစ်သည့် အတိုင်း နေရာတကာ ပါချင်သဖြင့် အနုပညာ အလုပ်များနှင့်လည်း ပတ်သက်လာခဲ့ကြပြန်သည်။ ကျွနုပ်တို့ဆီတွင် ဝါဒဖြန့်လက်ကမ်းစာစောင်များ အများအပြားရှိနေသဖြင့် ပြည်တွင်း စစ်ကြီး မုန်တိုင်းထန်နေစဉ်အတွင်း တော်လှန်ရေး သမားများနှင့် တန်ပြန်တော်လှန်ရေး သမားများအကြား အတွေးအခေါ် အယူအဆများ ပဋိပက္ခဖြစ်လာပုံကို သရုပ်ဖေါ်ထားသည့် ပြဇာတ် တင်ဆက်ကပြရန် ပြင်ဆင်ခဲ့ကြသည်။ ပြဇာတ်အား ကီရှာ ‘တပ်နီ တော် တပ်မှူး” နှင့် ဗိုဗိုင် “တပ်ဖြူ အရာရှိ” တဦး အပြင်းအထန် ငြင်းခုံနေကြသည့် အကြောင်း ရေးဖွဲ့ထားခြင်း ဖြစ်သည်။
“တပ်ဖြူ အရာရှိ” အား ကြမ်းတမ်း ရိုင်းစိုင်းသော ပုံ ပေါက်သည့် အိုင်ဗန် ကို သရုပ်ဆောင်ရန် တာဝန်ပေးခဲ့ပြီး တပ်နီတော် တပ်မှူး နေရာတွင် မည်သူ သရုပ်ဆောင်ရမည် ဆိုသည့်အပေါ် ရွေးချယ်ရန် ဖြစ်လာသည့် အခါ သူတို့ကို အမြဲတမ်း ဟောပြောနေသည့် ကျွနုပ်ကို သရုပ်ဆောင်ရန် အားလုံးက တညီတညွတ်တည်း တောင်းဆိုလာကြသည်။
ကျွနုပ်အပေါ် ယခုလို ယုံယုံကြည်ကြည်နှင့် တာဝန်ပေးလာသည်ကို တွေ့ရ၍ ပီတိ ဖြစ်ခဲ့ရသည်။ ကျောင်း၏ ဟောခမ်းမထဲတွင် ကျွနုပ်တို့ ဇာတ်တိုက်ခဲ့ကြသည်။ သီးသန့် အဝတ်အစားများ၊ ပြဇာတ် အသုံးအဆောင်များ မရှိ၍ ဝတ်နေကျ အဝတ်အစားများနှင့်ပင် သရုပ်ဆောင်ခဲ့ကြရသည်။ တပ်ဖြူ အရာရှိအတွက် ရာထူး တံဆိပ်အမှတ်အသားကို သစ်သားပြား တခု အား ဆေးခြယ်၍ ပုခုံးတွင် တပ်ပေးခဲ့သည်။ တပ်ဖြူအရာရှိ အဖြစ် သရုပ်ဆောင်ရသည့် အိုင်ဗန်သည်လည်း ပခုံးမှ ပြုတ်မကျအောင် သတိထားနေရပြီး မျက်လုံးကလည်း သူ့ပုခုံးကို အမြဲလို ငုံ့ကြည့်နေတတ်သည်။ သူ့အတွက် အကောင်းဆုံး လုပ်ပေးနိုင်သည်မှာ ရှူးဖိနပ် အသစ်စက်စက်ဖြစ်ပြီး ပြောင်လက်အောင် တိုက်ချွတ်ပေးထားရသည်။ ကျွနုပ်၏ ရှူးဖိနပ်ကတော့ ဟောင်းနွမ်းနေသော်လည်း ပစ္စည်းမဲ့ လူတန်းစား ၏ သရုပ်မှန်အဖြစ် လက်ခံခဲ့ရသည်။ ခြောက်လုံးပြူး အိတ်များကို ခါးတွင် တွဲလောင်း ချိတ်ထားသော်လည်း သေနတ်ကတော့ မရှိပေ။
တပ်နီတော်တပ်မှူး နှင့် တပ်ဖြူ အရာရှိတို့ နိုင်ငံရေး အငြင်းအခုံ အခန်းအတွက် တပ်ဖြူ အရာရှိသည် လူချမ်းသာများကို ကာကွယ်သည့် ဘက်မှ ပြောရမည် ဖြစ်သည်။ ဆင်းရဲသားများ နှင့် ပတ်သက်ပြီး..
“ဘယ်သူမဆို လူရယ်လို့ ဖြစ်လာရင် အလုပ်လုပ်ကြရတာချည်းပဲ။ ဒီတော့ စက်ရုံ အလုပ်ရုံတွေမှာ ဝင်လုပ်ကြရသလို လမ်းဖေါက်လုပ်ရေးတို့ သစ်ဖောင်ဖွဲ့တဲ့ အလုပ်တို့၊ လယ်လုပ်ငန်းတွေမှာ တခုမဟုတ်တခု အသက်မွေး ဝမ်းကျောင်း အဖြစ် ဝင် လုပ်ကြရမှာပဲ၊ ဒီနေရာတွေမှာ သူတို့ ကို စီမံခန့်ခွဲပြီး ခိုင်းပေးရမယ့် လူတွေ လည်း ရှိလာရစမြဲပဲ” ဟု တပ်ဖြူ အရာရှိက ပြောသည်။
တပ်နီတော် တပ်မှူးက လူချမ်းသာများ နှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်လိုသူများသာ အရာရာတိုင်းကို စီမံခန့်ခွဲရမည် ဆိုသည့် အယူအဆကို ကန့်ကွက် ပြောဆိုရမည် ဖြစ်သည်။
“လူတိုင်း တန်းတူညီမျှ ရှိရမှာ ဖြစ်လို့ လူတိုင်း အလုပ်လုပ်ရမယ်၊ ဒီအတွက် လီနင် ဦးဆောင်ပြီး အလုပ်သမား လယ်သမားတွေ က တော်လှန်ရေး ဆင်နွှဲခဲ့ကြတာ ဖြစ်တယ်”
ပြဇာတ်မှာ အတော်လေး အဆင်ချောသွားခဲ့သော်လည်း ကျွန်တော် နှင့် တဖက်လူသည် တယောက်နှင့် တယောက် ဆွဲမထိုးရုံတမယ် စင်ပေါ်တွင် ပြောဆိုခဲ့ကြသည်။
ကျွန်တော် အိမ်ပြန်ရောက်သည့်အခါ အမေက “ငါတော့ ဟိုကောင်လေးက နင်အင်္ကျီ ကို ဆွဲဖြဲတော့မလား မှတ်နေတာ” ဟု ပြောသည်။
မည်သို့ပင် ဆိုစေ သရုပ်ဆောင်သူများ ၊ ပွဲဖြစ်မြောက်အောင် စီစဉ်သူများ နှင့် ပရိသတ်ပါ မကျန် အားလုံးလည်း ကျေနပ် သဘောကျခဲ့သည်။ ပွဲကို အစအဆုံး ပြီးသည်အထိ သည်းခံ ကြည့်ရှုပေးခဲ့သည်။ ရွာတွင် တခါမျှ ဒီလို ပြဇာတ်မျိုး မတွေ့ဖူးသောကြောင့်လည်း ဖြစ်ပေမည်။
ဤသည်မှာ ကျွနုပ်၏ ပထမဆုံး နှင့် နောက်ဆုံး သရုပ်ဆောင်ခဲ့မှုပင် ဖြစ်ပေတော့သည်။
****************************