အခန်း (၅)
ကျွန်တော် ကိုယ်တိုင်လည်း ခံဝန်ချက် ပေါင်း များစွာ ကို ဖတ်ရှူခဲ့ဖူးသူ ဖြစ်၍လည်း ယခုထိ ကျွန်တော်၏ ခံဝန်ချက် သည် ချစ်ခင်ရသော တပ်မှုးကြီး ဖတ်လေ့ ဖတ်ထ ရှိသည့် အကြောင်းအရာ မျိုး တော့ ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။ ကျွန်တော် ဝန်ခံချက်၏ ထူးခြားသော အရည်အသွေး အတွက် ကျွန် တော် ခင်ဗျားကို အပြစ်တင်နိုင်ဖို့ မရှိ၊ အဘယ်ကြောင့် ဆိုသော ကျွန်တော်၏ အရွယ်ရောက်လာသည့် ဘဝ တွင် ရိုးသားမှု ရှားရှားပါးပါး ပေါ် ပေါက်လာရသည်ကိုပင် အပြစ် ဖို့ရတော့မည် ဖြစ်သည်။
အခုမှ ဘာကြောင့် ရိုးသားနေရတာလဲ၊ ဒါကလည်း သုံးမီတာ၊ ငါးမီတာ အကျယ်သာ ရှိသည့် အခန်းထဲ တိုက်ပိတ် ခံထားရ ကတည်းက စတင်လာတာလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ကျွန်တော်ကိုယ်တိုင်လည်း အဘယ်အတွက်ကြောင့် ဒီလို အခန်းထဲ ရောက်နေရသည်ကို နားမလည် နိုင်တာလည်း ပါမည်။
ကျွန်တော်သည် မြုပ်နှံခံထားရပြီး လိုမှ ထုတ်သုံးမည့် သူလျို sleeper agent တဦးလည်း ဖြစ်၍ ဘဝ ကို လျို့ဝှက် သင်္ကေတ များဖြင့် ရှင်သန်လာရသူ ဆိုသည်ကိုလည်း နားလည် ထားခဲ့သည်။ အခု တော့ အဲ့သည်လို မဟုတ်တော့၊ ကျွန်တော်သည် အကျဉ်းစံတဦး ဖြစ်ရတော့မည်လား၊ ဖြစ်ပဲ ဖြစ် နေပြီလား ဆိုသည့် သံသယ များ ဝင်လာသည်။ ကျွန်တော်၏ လုပ်ရပ်များကို မည်သို့ ပင် ထင်မြင်နေစေကာမူ ကျွန်တော် ကြိုက်သည့် ပုံစံ ဖြင့် ရှင်းပြရပေတော့မည်။
ကျွန်တော် လက်တွေ့ ရင်ဆိုင်ခဲ့ရသည့် အန္တရာယ်များ၊ ကြုံခဲ့ရသည့် အသေးအမွှား စိတ်အနှောက်အယှက် ဖြစ်စရာများ အတွက် ကိုတော့ အသိအမှတ် ပြုသင့်သည်။ ကျွန်တော် နေခဲ့ရသည့် ဘဝက စာချုပ်စာတမ်း ဖြင့် ကျွန်ခံနေရသော အစေခံတဦး၊ ဒုက္ခသည် တဦး သာ ဖြစ်ပြီး ရခဲ့သည့် အခွင့်အရေးဟူ၍ လူမှု ဖူလုံကြေး ရနေခြင်းမျိုး သာ ရှိသည်။
အိပ်ဖို့ အခွင့် အလန်းပင် မရသလောက်ပင်၊ ကျွန်တော်ကဲ့သို့ sleeper agent တဦး အဖို့ အိပ်မပျော်သည့် ရောဂါ အမြဲလို စွဲကပ်ခံနေရသည်။ ဂျိမ်းစ်ဘွန်း လို စပိုင်ပင် သံမှိုများ စိုက်ထားသော ကုတင်တလုံး ပေါ်တွင် အေးအေးချမ်းချမ်း နှင့် အိပ်ပျော်သွားသည့် အခါမျိုး ရှိနိုင်သည်။ ကျွန်တော် ကတော့ ထိုကဲ့သို့ မအိပ်နိုင်ခဲ့၊ တကယ်တမ်း စဉ်းစား ကြည့်မည် ဆိုလျင် ယခုထိ စပိုင်တယောက်လို လုပ်ခဲ့ရသည်များက လျို့ဝှက် သင်္ကေတ များ ဖြင့် မန်း ရေးလိုက်သည့် စာကို အဓိပ္ပါယ်ဖေါ်ရခြင်း၊ ကျွန်တော် ကိုယ်တိုင်လည်း မမြင်နိုင်သည့် မှင်မျိုး သုံး၍ စာများကို လျို့ဝှက် သင်္ကေတ များ ထည့်၍ ရေးရခြင်းမျိုး ဖြစ်၍ အိပ်ပျော်သွားနိုင်သည့် အလုပ်မျိုးပင် ဖြစ်သည်။
စာတခါ ပို့တိုင်း စကားလုံး တလုံးစီကို အပင်ပန်းခံ၍ အပတ်တကုတ် သင်္ကေတ များ ထည့်သွင်းရသည်။ ပို့သူ ကော၊ လက်ခံသူ အတွက်ပါ တတ်နိုင်သမျှ အတိုချုံး ၍ ရေးရသည်။ နောက်တနေ့ မန်း ထံမှ အဓိပ္ပါယ် ဖေါ်၍ ထွက်လာသည့်စာတွင် "ချီးကြူးပါတယ်၊ ကိုယ်ကိုကိုယ် အများက ဂရုမစိုက် မိအောင် နေပါ၊ အဖျက်သမား အားလုံးကို ဖမ်းမိထားပြီ" ဟူ၍ ပါလာသည်။
ကျွန်တော်ဖက်က ပြန်ပို့ရမည့် စာကို တော့ ဗိုလ်ချုပ်ကြီး၏ ယမကာ အရောင်းဆိုင် ဖွင့်ပွဲ ပြီးသည်အထိ ရွှေ့ဆိုင်းထားခဲ့သည်။ ကလော့ဒ်လည်း ရောက်လာမည်ဟု ဗိုလ်ချုပ်ကြီးက ပြောထားပြီး ဖြစ်သည်။ ကလော့ဒ် နှင့် ကျွန်တော်သည် ဆိုင်းဂုံက ထွက်လာပြီးကတည်းက လူချင်း မတွေ့ဖြစ်ဘဲ ဖုန်းနှင့်သာ စကား ပြောဖြစ်ခဲ့သည်။ ဗိုလ်ချုပ်ကြီးက ကျွန်တော့်အား လူကိုယ်တိုင် တွေ့ချင်သည့် နောက်ထပ် အကြောင်း တခုလည်း ရှိနေသေးသည်။
ဤသည်ကို နောက်ရက် အနည်းငယ် အကြာ ဆိုင်မှ ပြန်လာသည့် ဘွန်က သတင်းပို့လာသည်၊ ဗိုလ်ချုပ်ကြီးက ဘွန်ကို ဆိုင်တွင် စာရေး အဖြစ် ခေါ်ခန့်ထားသည်။ ဘွန်သည် ဘုရားကျောင်းတွင် အချိန်ပိုင်းသန့်ရှင်းရေး အလုပ် လုပ်ရင်း တဖက်ကလည်း ဆိုင်မှ သွားလုပ်ပေးနေသည်။ ဘွန် ကို ငှားဖို့ ကျွန်တော်ကပင် ဗိုလ်ချုပ်ကြီးကို တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ဘွန်သည် ယခု အခါ ပက်လက်ကြီး လှန်ပြီး လှဲနေဖို့ အချိန် မရှိတော့ဘဲ လှုပ်ရှား နေရသည်ကို ကြည့်ပြီး ကျွန်တော် ဝမ်းသာနေမိသည်။
သူက ငါ့ကို ဘာအတွက် တွေ့ချင်နေတာတုန်းဟု ကျွန်တော်က မေးလိုက်၍ ဘွန်က ရေခဲသေတ္တာထဲ မှ ကျွန်တော်တို့ ပိုင်ဆိုင်သမျှ ထဲတွင် ကျက်သရေ အရှိဆုံး ပစ္စည်း တခုကို ဆွဲထုတ်လိုက်သည်၊ သူ့ လက်ထဲတွင် ငွေရောင်တလက်လက် နှင့် ဆလင်ဒါ ပုံ Schlitz ပုလင်း အပြားလေး ထွက်လာသည်၊ ငါတို့ထဲမှာ သတင်းပေး ရှိနေလို့ ဆိုပဲ၊ ဘီယာ သောက်မှာလား။
"နှစ်ပုလင်းပေး"
ဗိုလ်ချုပ်ကြီး၏ ဆိုင်ဖွင့်ပွဲသည် ဧပြီလ ကုန်တွင် ဖြစ်သည်။ ဆိုင်းဂုံ ကျသည်လား၊ လွတ်မြောက်သွားသည်လား၊ နှစ်ခုစလုံး ဖြစ်နိုင်သည့် တနှစ်မြောက် နှစ်ပတ်လည် နှင့်လည်း တိုက်ဆိုင်နေသည်။ ထိုနေ့သည် သောကြာနေ့ ဖြစ်နေ၍ အလုပ်ကနေ စောစောပြန်ရဖို့ မစ္စက် မိုရီ ကို ခွင့်တောင်းခဲ့ရသည်။ မစ္စက်မိုရီ သည် လက်တွေ့ကျကျ နှင့် အကြောင်းအကျိုး စဉ်းစားတတ်သူ တဦးလည်း ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ကဆိုလျှင် ကျွန်တော် ထိုသို့ တောင်းဆိုလိမ့်မည် မဟုတ်၊ သို့သော် သူ နှင့် ကျွန်တော် ဆက်ဆံရေးသည် ဧပြီလ အရောက်တွင်မျှော်လင့် မထားသော အလှည့် အပြောင်းတခုသို့ ရောက်ရှိလာခဲ့သည်။
သူမ နှင့် ကျွန်တော် အတူ တွဲလုပ်ခဲ့ပြီး လအနည်းငယ် အတွင်းတွင် ကျွန်တော်တို့ ဆေးလိပ်သောက်ဖို့ ခေတ္တခဏ နားနေကြစဉ်တွင် တယောက်ကို တယောက် တဖြေးဖြေး မသိမသာ အကဲခတ် လာခဲ့ကြသည်။ တခါတရံ တွင် လုပ်ဖေါ်ကိုင်ဖက် များ ပြောသလို ပြောဖြစ်ခဲ့ပြီး အလုပ်ချိန် အပြီး ကျောင်းဝင်း အပြင် ခပ်ဝေးဝေး တနေရာတွင် သောက်ရင်း စားရင်း ဆုံဖြစ်ကြသည်။
မစ္စက် မိုရီ သည် ကျွန်တော် ယူဆခဲ့သလို ရန်လိုတတ်သူ မျိုး မဟုတ်၊ တဖြေးဖြေး နှင့် ရင်းနှီးလာကြသည်။ ရင်းနှီးသည်ဟု ဆိုခြင်းသည် တပတ်လျင် တကြိမ် နှစ်ကြိမ် လောက် သူမ၏ ကရမ်းရှော ဖက်ရှိတိုက်ခန်း တွင် အတူတူ အိပ်ကာ ချွေးတလုံးလုံးဖြင့်အကာအကွယ်မဲ့ ဆက်ဆံဖြစ်ခဲ့ကြသည်ကို ဆိုလိုရင်း ဖြစ်သည်။ ရုံးရှိ ဌာနမှုး အခန်းထဲရှိ စားပွဲတွင်လည်း တပတ် နှစ်ကြိမ် လောက် လစ်လျင် လစ်သလို ဆက်ဆံခဲ့ကြပြန်သည်။ ညဖက် တွင် ကျွန်တော် ဖို့ဒ် ကား၏ နောက်ခုံတွင်လည်း နှစ်ပါးသွားဖြစ်သည့် အခါများလည်း ရှိသည်။