ပါဗယ်သည် နာတာရှာ စကားဆုံးသည် နှင့် ထရပ်လိုက်ပြီး အေးအေးသက်သာပင် "ကျွန်တော်တို့ ဝမ်းဗိုက်တွေကို လိုချင်တာတွေနဲ့ပဲ ဖြည့်ဆည်းနေကြမှာလား" ဟု မေးလိုက်သည်။
ထို့နောက် သူ့ မေးခွန်း ကို သူ့ဖာသာ ပင် ပြန်ဖြေလိုက်သည်၊ "ဒီလိုလဲ မဟုတ်သေးဘူး"၊ ရပ်နေသူ သုံးယောက်၏ မျက်နှာကို စေ့စေ့ကြည့်လိုက်ရင်းက " ကျွန်တော်တို့ လည်ကုပ် ပေါ် ခွစီးထားပြီး ကျွန်တော်တို့ မျက်လုံးတွေကို ပိတ်ထားတဲ့ လူ တွေကို ကျွန်တော်တို့ ဟာ အရူးတွေ၊ တရိစ္ဆာန်တွေ မဟုတ်ဘူး၊ အရာရာ ကို မြင်နိုင်တဲ့ လူတွေ ဖြစ်တယ် ဆိုတာ ကို ပြရမယ်၊ ကျွန်တော်တို့ဟာ ဗိုက်ဝ ယုံလောက်နဲ့ တင်းတိမ်နေမှာ မဟုတ်ဘဲ လူပီသစွာ နေထိုင်လိုသူ တွေ ဖြစ်တယ်၊ ကျွန်တော်တို့ ယခုလို ကျွန်သာသာ ရုန်းကန် လုပ်ကိုင်စားသောက် နေကြရတဲ့ အဖြစ်မျိုး ရောက်အောင် ဖန်တီးပေးထားပေမယ့် ဉာဏ် ပညာ အရာမှာ ရင် ဘောင် တန်း နိုင်စွမ်း ရှိမလာအောင် ဘယ်လိုမှ ဟန့်တားလို့မရဘူး ဆိုတာရယ်၊ စိတ်ဓါတ်ရေးရာ အရလည်း သူတို့ ထက် အများကြီး သာလွန် မြင့်မြတ်တယ် ဆိုတာကို ပြရမှ ဖြစ်မယ်။"
အမေသည် သားဖြစ်သူ ပြောသည့် စကား များကို နားစိုက်ထောင်နေရင်း သူမ၏ စိတ်ထဲ တွင် ဂုဏ်ယူစိတ်များ တဖွားဖွား ပေါ်ပေါက်လာနေခဲ့သည်။ "အဟောအပြောကလည်း ကောင်းလိုက်ပါဘိနဲ့"
"ဗိုက်ဝ နေတဲ့ လူတွေ မနည်း ပေမယ့် ရိုးသားတဲ့ လူက မရှိသလောက်ပဲ" ဟု ရုရှားလေးက ဝင်ပြောလိုက်သည်၊ "ဒီလို ပုပ်သိုးနေတဲ့ နွံအိုင်ကြီးကနေ ကောင်းမြတ်တဲ့ စိတ်ဝိဉာဉ် တွေ ရှိမယ့် အနာဂတ်ကို တက်လှမ်းဖို့ တံတား တစင်း တည်ဆောက်သင့်တယ်၊ ဒါဟာ ကျွန်တော်တို့ အားလုံးရဲ့ တာဝန်ပဲ၊ ဒါကို လုပ်ကို လုပ်ရမယ် ရဲဘော်တို့"
"တိုက်ရမယ့် အချိန်ရောက်လာနေပြီ၊ လက်ချောင်းထိပ်က အနာကို ကုရမယ့် အချိန် မဟုတ်တော့ဘူး" ဟု ဗိုင်ဆော့ချီကော့က မျက်နှာ မသာမယာ နှင့် ပြောလာသည်။
"အဲ့လို မတိုက်ခင် ကျွန်တော်တို့ရဲ့ အရိုးတွေ ကျိုးပဲ့ကုန်လို့ မဖြစ်ဘူးလေ" ဟု ရုရှားလေးက အပြုံးမပျက် ပြောလိုက်သည်။
သူတို့ အုပ်စု လူစုခွဲရန် ပြင် ချိန်တွင် သန်းကောင် ကျော် နေပြီ ဖြစ်သည်။ ဗိုင်ဆော့ချီကော့ နှင့် ဆံပင်နီနီ နှင့် ကောင်လေး တို့က ပထမဆုံး ထထွက်သွား၍ အမေစိတ်ထဲ နောက်ထပ်တခါ မကျေမနပ် ဖြစ်သွားပြန်သည်။
"ဘာတွေများ အလောသုံးဆယ် ဖြစ်နေပါလိမ့်" ဟု တွေးရင်းက နှုတ်ဆက်လိုက်သည်။
"ငါ့ကို အိမ်ပြန်လိုက်ပို့မလား နာခိုဒါ" ဟု နာတာရှာ က ရုရှားလေးကို မေးသံ ကြားရသည်။
"ပို့ရမှာပေါ့၊ ဘာဖြစ်လို့လဲ"
နာတာရှာသည် မီးဖိုချောင်ထဲရှိ သူ့ အပေါ် ကုတ် အင်္ကျီ ကို ထပ်ဝတ်နေချိန်တွင် အမေက "ကလေးမရဲ့ ခြေစွပ်တွေက ဒီလို အေးတဲ့ အချိန်အတွက် မသင့်တော်လှဘူး၊ အရမ်း ပါးနေတယ်၊ အမေ သိုးမွှေး ခြေစွပ် တခု လောက် ထိုးပေးပါရစေ"
"ကျေးဇူးပါ ပီလာဂူယာ နီလော့နာ" ဟု ပြုံးရင်း ပြန်ပြောသည်။
"သိုးမွှေး နဲ့ လုပ်ပေးမယ်၊ ဒါမှ ပြဲတာ ပေါက်တာ မရှိတော့မှာ"
နာတာရှာ၏ သူမကို ကြည့်သော အကြည့်သည် ဇဝေဇဝါ ပုံမျိုး တွေ့ရ၍ အမေသည် စိတ်ထိခိုက်သွားခဲ့သည်။
"အမေ ပြောတာ အမှားပါသွားရင် ခွင့်လွှတ်ပါကွယ်၊ အမေက စိတ်ထဲ ရှိတဲ့ အတိုင်း စေတနာ နဲ့ ပြောမိတာပါ" ဟု လေသံတိုးတိုး ဖြင့် ပြောလိုက်သည်။
"အမေက ကြင်နာ တတ်လိုက်တာနော်" ဟု အမေလိုပင် ခပ်တိုးတိုး ပြန်ဖြေကာ လက်ကို ခပ်သွက်သွက် ဆုပ်ပြီး ထွက်သွားတော့သည်။
"အမေရေ ..good night" ဟု ရုရှားလေးက သူမကို စိုက်ကြည့်ရင်း နှုတ်ဆက်လိုက်ပြန်သည်။ ထို့နောက် ကုန်းကုန်း နှင့် နာတာရှာ နောက် လိုက်သွားသည်။
အမေသည် ပြုံးပြီး ရပ်ကြည့်နေသော သားဖြစ်သူ ကို လှမ်းကြည့်လိုက်မိသည်။
သားသည် ခေါင်းကို စိတ်ပါလက်ပါ တဆပ်ဆပ် ငြိမ့်ရင်းက "ဒီည အတွက် အားလုံး အဆင်ပြေတယ် အမေ" ဟု ပြောသည်။ "ဟုတ်ပါတယ်ကွယ်၊ သားပြောသလို အဆင်ပြေပါတယ်၊ သား အခု သွားအိပ်တော့နော်၊ အိပ်ရမယ့် အချိန် ရောက်ပြီလေ"
"အမေလည်း အိပ် တော့ ၊ ကျွန်တော် တအောင့် လောက် နေရင် အိပ်မယ် အမေ"
အမေသည် မီးဖိုချောင် စားပွဲတွင် ပန်းကန် ခွက်ယောက်များ ဆေးကြောရင်း အလုပ်များနေသည့် ကြားမှ ကျေနပ်မှု နှင့် အတူ သူ့ရင်ထဲတွင် ပီတိများ တဖွားဖွား လှုပ်ခတ်လာရပြန်သည်။ အားလုံး အဆင်ပြေ ချောမွေ့စွာ ဖြင့် အေးအေးချမ်းချမ်း ပြီးဆုံးသွားခဲ့၍လည်း ဝမ်းသာနေမိသည်။
"သား အားလုံး အဆင်ပြေအောင် စီစဉ်ပေးနိုင်ခဲ့တယ် ပါလူရှာ၊ လာတဲ့လူတွေ အားလုံးက လူကောင်းလေးတွေ ဆိုတာ သေချာတယ်၊ ရုရှားလေးဆိုရင် အတော်ကို ပျုပျုငှာငှာ ရှိတဲ့ ကလေး၊ ကလေးမလေး ဆိုလည်း ထက်ထက်မြက်မြက်နဲ့ ဉာဏ်ပညာနဲ့ ပြည့်စုံ ပါပေတယ်၊ ဒီကလေးမလေးက ဘယ်သူများလဲ သားရယ်"
"ကျောင်းဆရာမ အမေ" ဟု ပြန်ဖြေရင်း အခန်းထဲ ခေါက်တုံ့ ခေါက်ပြန် လျှောက်နေပြန်သည်။
"သနားစရာ ပါလား သားရယ်၊ အဝတ်အစားကလည်း ခပ်နွမ်းနွမ်းနဲ့၊ ဒီ အဝတ်အစားမျိုး နဲ့ဆို မကြာဘူး အအေးမိတော့မယ်၊ သု့မှာ ဆွေမျိုးသားချင်း ကော မရှိဘူးလား"
"မော်စကို မှာ ရှိတယ်" ဟု ပြောရင်း ပါဗယ်သည် အမေ့ရှေ့ တွင် ရပ်လိုက်သည်၊ "သူ့အဖေက လူချမ်းသာ တယောက် အမေ၊ အိမ်ဆောက် ပစ္စည်း တွေ ဘာ တွေ ရောင်းတဲ့ ကုန်မာ ဆိုင်မျိုး ဖွင့်ထားတယ်၊ အိမ် တွေ ခြံတွေလည်း ရှိတယ်၊ သမီး လုပ်တဲ့လူက နိုင်ငံရေး လှုပ်ရှားမှု ထဲ ပါနေတာ သိသွားတော့ အိမ်ပေါ်က နှင်ချထားတယ်၊ သူက မွေးကတည်းက ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင် ဘဝ နဲ့ ကြီးပြင်းလာခဲ့တာ၊ ဘာမဆို လိုလေးသေး မရှိ၊ အလိုလိုက် အကြိုက်ဆောင် ခံခဲ့ရတာ၊ အခုဆို ညကြီးမင်းကြီး လေးမိုင် လောက် ခရီးကို တယောက်တည်း သွားနေရပြီ"
အမေသည် ကြားလိုက်ရသည့် သားဖြစ်သူ စကား ကြောင့် တုန်လှုပ်သွားမိသည်၊ အခန်းအလယ် တွင် တွေတွေကြီး ရပ်နေရင်းက သားဖြစ်သူ ကို စိုက်ကြည့်နေမိသည်။
"သူက မြို့ကို ပြန်မှာလား သား" ဟု ခပ်တိုးတိုး မေးလိုက်သည်။
"ဟုတ်တယ် အမေ"
"မကြောက်ဘူးလား သားရယ်"
"မကြောက်ပါဘူး အမေရာ" ဟု ပါဗယ်က ပြုံးရင်း ပြန် ပြောလိုက်သည်။
"ဘာလို ပြန်ဖို့ လိုမှာလဲ၊ ဒီမှ အမေတို့ နဲ့ နေလို့ရတာပဲ"
"မဖြစ်ဘူး အမေ၊ နောက်နေ့ မနက်ကျ သူ့ကို ဒီမှာ အတွေ့ခံလို့ မဖြစ်ဘူး ဆိုတာ သူကော ကျွန်တော်တို့ ကော သိထားတယ်"