ပြည်တွင်း စစ် သည် နိုင်ငံများ မတည်မငြိမ် ဖြစ်လာရခြင်း၏ အဓိက အကြောင်းရင်း တခုလည်းဖြစ်သည်။ ထိုစစ်ပွဲ များသည် နိုင်ငံတခု အတွင်း ပထဝီ အနေအထားအရသော်၎င်း၊ တူညီသော သွင်ပြင် လက္ခဏာ ရှိနေကြ၍သော်၎င်း secession ခွဲထွက်ပြီး ကိုယ်ပိုင် နိုင်ငံတခု ထူထောင်ရန် ကြိုးစားခဲ့ရာမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဤသည်ကို အမေရိကန် ပြည်တွင်းစစ် တွင် အထင်အရှား တွေ့ခဲ့ရသည်။
စစ်အေး တိုက်ပွဲကြီး အဆုံးသတ် သွားပြီး နောက်တွင် နိုင်ငံ အချို့တွင် ဗဟို ချုပ်ကိုင်မှု အား ပျော့လာခဲ့မှု နှင့် အတူ ခွဲထွက်ရန် ကြိုးပမ်းလာရာမှ ပြည်တွင်း စစ်ပွဲ အများ အပြား တွေ့လာရသည်။ အထင်ရှားဆုံး မှာ ယူဂိုဆလားဗီယား တွင် ဖြစ်သည်။
နောက်ထပ် ပြည်တွင်းစစ် တမျိုးက ခွဲထွက်ရန် မဟုတ်ဘဲ လက်ရှိ အစိုးရ အုပ်ချုပ်နေပုံ ကို မနှစ်သက်၍ ဖယ်ရှားပြီး ကွဲပြားသော ပုံစံမျိုး ဖြင့် အုပ်ချုပ်သွားရေး succession ပုံစံ မျိုး နှင့် ဖြစ်သည်။ ထိုသို့သော ပုံစံ ဖြင့် ဖြစ်ပွားခြင်းအား တော်လှန်ရေး စစ်ပွဲ၊ အမျိုးသား လွတ်မြောက်ရေး စစ်ပွဲဟု ခေါ်ဆိုကြသည်။ ယင်းသည် အာဖဂန်နစ္စတန် တွင် အစိုးရ နှင့် တာလီဘန်တို့ အကြား ဖြစ်ပွားလာသည့် နိုင်သူ စားစတမ်း ပုံစံ စစ်ပွဲ မျိုး ဖြစ်သည်။
မည်သို့သော် ပုံစံမျိုး နှင့် ဖြစ်စေ နောက်ပိုင်း ဖြစ်ပွားလာသော အနေအထားကို အစိုးရများက ထိန်းချုပ် နိုင်စွမ်း မရှိ ဖြစ်လာခဲ့ရသည်။
ပြည်တွင်း ပဋိပက္ခများသည် အကြောင်း အမျိုးမျိုး နှင့် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် အပြီး တွင် နိုင်ငံ အများ အပြားသည် ကိုယ့်နည်း ကိုယ်ဟန် ဖြင့် ကိုလိုနီ တံပိုး အောက်မှ ရုန်းထွက်ရန် ကြိုးစားလာကြသည် နှင့် အမျှ ပဋိပက္ခများ နေရာ အနှံ့ တွင် ဖြစ်ပွားလာကြ၍ ဖြစ်ရိုး ဖြစ်စဉ် လို ဖြစ်လာသည်။
မကြာ သေး မီ နှစ်များ အတွင်းက အရှေ့အလယ်ပိုင်း တွင် ပဋိပက္ခများသည် လည်း အလားတူဖြစ်ရိုးဖြစ်စဉ် လို ပြန်ဖြစ်လာခဲ့သည်။ ဥပမာ အားဖြင့် လူနည်းစု ဝင်များ နှင့် အစိုးရ အကြား အငြင်းပွားမှု၊ နိုင်ငံရေး လှုပ်ရှားမှု ကြီး ပေါ်ပေါက်လာမှု အစရှိသည့် အကြောင်းများ ကြောင့် ဖြစ်သည်။ ထိုသို့ ဖြစ်ပွားလာမှု တွင် အခြား နိုင်ငံများက ၎င်းတို့ လိုလားသည့်ဖက်မှ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍ သော်၎င်း ပါဝင်စွက်ဖက်လာမှု ကြောင့် ဆက်လက် ဖြစ်ပွားလာခဲ့သည်။ အီရတ်၊ ဆီရီယား၊ လစ်ဗျား နှင့် ယီမင် တို့တွင် ထိုသို့သော ပုံစံမျိုး နှင့် ဖြစ်ပွားနေသည်ကို တွေ့နိုင်သည်။ မီးလောင်ရာ လေပင့် ဆိုသလို ဖြစ်လာရသည်က အခြားနိုင်ငံများမှ ပါဝင်တိုက်ခိုက်ရန် ရောက်လာကြသူ များ နှင့် လက်နက်များ ဝင်ရောက်လာခဲ့ခြင်း ပင် ဖြစ်သည်။
နိုင်ငံ တနိုင်ငံတည်း တွင် လူမျိုးစု တခုတည်း မဟုတ်ဘဲ လူမျိုး နွယ်စု များ ရောယှက်နေထိုင်ကြသည့်အခါ ပြည်တွင်းစစ်များ ပိုမို ဖြစ်ပွားလေ့ ရှိခြင်းသည် အဆန်းတကြယ်တော့ မဟုတ်ပေ။ သို့သော် လူနည်းစု များ ကို အကာအကွယ်ပေးခြင်း၊ ၎င်းတို့ အတွက် နိုင်ငံရေး နှင့် ယဉ်ကျေး မှု ပိုင်းတွင် အတိုင်းအတာ တခုထိ လွတ်လပ်စွာ စီမံ အုပ်ချုပ်ခွင့် ပေးထားသည် တက်ကြွသော ဒီမိုကရေစီ စနစ် အောက် တွင် နေကြရမည် ဆိုက မည်သူမျှ ခွဲထွက်ရန် လိုလိုလားလား ရှိကြတော့မည် မဟုတ်ပေ။
အာဏာရှင် ဆန်ဆန် အုပ်ချုပ်နေသည့် နိုင်ငံမျိုး တွင်လည်း ပြည်တွင်း ပဋိပက္ခများ မှ ကင်းလွတ်နေတတ်ပြန်သည်။ ဤသည်ကလည်း ခွဲထွက်ရန် တော်လှန်မှု မျိုး ထိထိရောက်ရောက် ဆင်နွှဲရန် အခြေအနေ မပေး တတ်သော ကြောင့် ဖြစ်သည်။
သို့သော် ထိုအစွန်းတရား နှစ်ခုကြား ရှိနေသည့် နိုင်ငံများတွင် ပြည်တွင်း ပဋိပက္ခများ အများဆုံး ဖြစ်ပွားလေ့ ရှိတတ်သည်။
နောက်ထပ် ဖြစ်နိုင်စရာ အလားအလာ တခုက လူငယ် အမျိုးသား များ တွင် ပညာရေး အဆင့်အတန်း နိမ့်ကျနေသည့် အခါမျိုး၊ နိုင်ငံရှိ လူတဦးချင်းစီ GDP နိမ့်ကျနေသည့် အခါမျိုး၊ စီးပွား ရေး တွင်လည်း ရေနံ ကဲ့သို့ အရင်းအမြစ် တခုတည်းသာ အမှီပြု နေရ၍ အကျင့်ပျက် ခြစားမှု နှင့် အလုပ်အကိုင် အခွင့် အလန်း နည်းပါးလာ နေ သည့် အခါမျိုး တွင် ဖြစ်သည်။
ထိုကဲ့သို့ အခြေအနေမျိုး ကို "ရေနံ ကျိန်စာသင့်ခြင်း" ဟု ခေါ်ဝေါ်တတ်ကြသည်။ နိုင်ငံများသည် တဖက်က ရေနံ အမြောက်အမြား ထွက်ရှိနေ၍ ကံကောင်းသည်ဟု ပြောလို့ရသော်လည်း တဖက်တွင် နိုင်ငံ အတွက် အခြား စီးပွားရေး လုပ်ငန်း အမျိုး မျိုး ဖြင့် ဝင်ငွေရရာ ရကြောင်း လုပ်ကိုင်ရန် ပျက်ကွက်နေတတ်၍ လူလတ် တန်းစား များ ထွက်ပေါ်လာနိုင်ခြင်း မရှိတော့ပေ။
ထိုကဲ့သို့ အခြေအနေမျိုးကို တုန့်ပြန်နိုင်သည့် မူဝါဒ များ ချမှတ်ဆောင်ရွက်နိုင်မှု ကို ဆက်လက် တင်ပြသွားပါမည်။