အကယ်၍ လူများ အကြား အပြန်အလှန် ယုံကြည်လက်ခံ လာနိုင်အောင် ဇာတ်လမ်းစိတ်ကူးနဲ့ ရေးသား ပြောဆိုခြင်းသည် လိမ်ညာခြင်း မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် ပကတိရှိပြီးသား အရာများကို ကိုယ်စားပြုခြင်းမျိုး မဟုတ်ဘဲ၊ လူအများ၏ စိတ်ထဲတွင် ပုံစံ အသစ်တစ်ခု ဖန်တီးရန် ကြိုးစားသည် ဆိုသည်ကို ဝန်ခံပြီးသား ဖြစ်နေသော ကြောင့်ပင်။
ဥပမာ ဆိုရက ၁၇၈၇ စက်တင်ဘာ ၁၇ ရက် နေ့တွင် တိုင်းပြုပြည်ပြု ညီလာခံမှ အမေရိကန် ဖွဲ့စည်းပုံကို လက်မှတ် ရေးထိုး ထုတ်ပြန်လာခဲ့ပြီး ၁၇၈၉ တွင် အာဏာ သက်ဝင် လာခဲ့သည်။ အဆိုပါ ဖွဲ့စည်းပုံ တွင် ကမ္ဘာကြီး နှင့် ပတ်သက်၍ ယခင် တည်ရှိပြီးသား အမှန်တရားကို ထုတ်ဖေါ် ထားခဲ့ခြင်း မရှိ၊ ဤသည်က လိမ်လည်ရန် အတွက် မဟုတ်။
ဖွဲ့စည်းပုံကို ပြုစု ခဲ့ကြသူများသည် ပလေးတိုး၏ ထောက်ခံ တင်ပြချက်ကို ငြင်းပယ်ခဲ့ကြပြီး ပါရှိသော စာသားများ အကြောင်းနှင့် ပတ်သက်၍လည်း လိမ်ညာခဲ့ကြခြင်း မရှိပေ။ ယင်းတို့သည် ကောင်းကင်ဘုံ မှ ဆင်းသက်လာခြင်း သို့မဟုတ် နတ်ဘုရား တဆူက လှုံ့ဆော်ခဲ့ခြင်း ဟုလည်း ဟန်ဆောင်ခဲ့ကြခြင်း မရှိပေ။ ထိုအစား ၎င်းတို့ ရေးဆွဲခဲ့သော ဖွဲ့စည်းပုံသည် မှားယွင်းတတ်ကြသော လူသားများက ၎င်းတို့ စိတ်ကူးဉာဏ် ဖြင့် ဖန်တီးထားသည့် ဥပဒေ ရေးရာ စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်ဟည်ဟု ဝန်ခံခဲ့ကြသည်။
ဖွဲ့စည်းပုံ၏ မူလ အစနှင့် ပတ်သက်၍ "ကျွနုပ်တို့ အမေရိကန် ပြည်သူများသည် ပိုမို ပြည့်စုံသော ပြည်ထောင်စု ကြီး ပေါ်ပေါက်လာရန် အလို့ငှာ ယခု ဖွဲ့စည်းပုံအား တည်ထောင်ခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။ လူတို့ ဖန်တီးသည့် ဥပဒေရေးရာ အခြေခံ၍ စိတ်ကူးဉာဏ် ဇာတ်ကြောင်း တခုသာ ဖြစ်သည်ဟု ဝန်ခံခဲ့သော်ငြားလည်း ထိုဖွဲ့စည်းပုံ နှင့်ပင် အမေရိကန်သည် လွန်စွာ အင်အားကြီးသော သမဂ္ဂ ကြီး အဖြစ် ထွက်ပေါ်လာခဲ့သည်။
နှစ်ပေါင်း နှစ်ရာကျော်လာသည့် အထိလည်း ဤ ဖွဲ့စည်းပုံ နှင့်ပင် ဘာသာရေး၊ လူမျိုး၊ ယဉ်ကျေးမှူ မျိုးစုံ ရောယှက်နေသည့် သန်းပေါင်းများစွာသော လူများကိုလည်း စနစ်ကျအောင် ထိန်းကျောင်းပေးလာနိုင်ခဲ့သည်။ အမေရိကန် ဖွဲ့စည်းပုံသည် မည်သည်ကို ကိုယ်စားပြုသည်ဟု ပြောစရာ မလိုဘဲ လူအများအပြား အား အတူတကွ မြိုင်မြိုင်ဆိုင်ဆိုင် ကနိုင် ဆိုနိုင် လာအောင် ဆော်ဩပေးနိုင်သည့် တီးလုံး တပုဒ် ဖြစ်လာသည်။
ဤနေရာတွင် စနစ်ကျမှု ဆိုသည်ကို သမာသမတ်ကျခြင်း၊ တရားမျှတမှု ရှိခြင်း ဆိုသည်တို့နှင့် မရောထွေး မိစေဖို့ အထူး အရေးကြီးသည်။ အဘယ်ကြောင့် ဆိုသော အမေရိကန် ဖွဲ့စည်းပုံသည် ကျွန်ပြုမှု၊ အမျိုးသမီးများ ကို အရာမသွင်းမှု၊ ဌာနေ များ၏ မြေများကို သိမ်းယူခဲ့မှု၊ စီးပွားရေး အရ အလွန်အမင်း ကွာဟနေမှု များကို လျစ်လျူ ရှု ထားခဲ့ ခြင်းကြောင့် ဖြစ်သည်။
အမေရိကန် ဖွဲ့စည်းပုံ၏ သူမတူ အောင် ထူးခြားချက်သည်က ယင်းအား လူသားများက ဖန်တီးထားသော ဥပဒေ ကြောင်း ဖြစ်သည်ဟု ဝန်ခံထားပြီး၊ ယင်းအား သဘောတူညီချက်များ ဖြင့် ပြင်ဆင်နိုင်ရန် တရားမမျှ တမှုများ ရှိလာက ပြန်လည် တည့်မတ်ပေး နိုင်ရန် လမ်းဖွင့် ပေးထားခြင်းပင် ဖြစ်သည်။
ထိုသို့ လမ်းဖွင့် ပေးထားမှုကို ဖွဲ့စည်းပုံ၏ အပိုဒ် (၅) တွင် အထင်အရှား တွေ့ရသည်။ ထိုအပိုဒ်တွင် ပြင်ဆင်ဖို့ ရှိလာက မည်သို့ အဆိုပြုရမည်၊ မည်သို့ အတည်ပြုရမည်ကို အသေးစိတ် ဖေါ်ပြထားသည်။ပြင်ဆင်ချက် အားလုံးသည်လည်း "ဤဖွဲ့စည်းပုံပါ ရည်ရွယ်ချက် အားလုံး ၏ တစိတ်တပိုင်း အဖြစ် တရားဝင်ရမည် ဟု ဖေါ်ပြထားသည်။"
ဤသို့ဖြင့် အမေရိကန် ဖွဲ့စည်းပုံသည် ဘုရားသခင် ထံမှ ဆင်းသက်လာသည်ဟု ဆိုထားသော ပညတ်တော် ဆယ်ပါးကဲ့သို့ အယူအဆမျိုးနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လာခဲ့သည်။
အမေရိကန် ဖွဲ့စည်းပုံ ကဲ့သို့ပင် ပညတ်တော် ဆယ်ပါးသည်လည်း လူလူချင်း ကျွန်ပြုမှု ကို ထောက်ခံမှု ပေးထားသည်။ ပညတ်တော် ဆယ်ပါး (Exodus 20:17) တွင် အိမ်နီးချင်း တို့၏ သားမယား၊ အိမ်ယာ၊ ပိုင်ဆိုင်ထားသော ကျွန်၊ ကျွန်မ များကို လိုချင် တပ်မက်စိတ် မထားရ ဟု တားမြစ်ထားသည်။
ဤသည်ကပင် ဘုရားသခင်သည် ကျွန်များ ပိုင်ဆိုင်နေခြင်းကို လုံးဝဥသုံ အိုကေသည့် သဘောတွင် ရှိနေပြီး အခြားတဦး ၏ ကျွန်များကို လိုချင် တပ်မက်စိတ် ရှိခြင်းကိုသာ မပြုအပ်ဟု ကန့်ကွက်ထားသည်ကို တွေ့ရသည်။
သို့သော် ပညတ်တော်ဆယ်ပါးသည် အမေရိကန် ဖွဲ့စည်း ပုံလို ပြင်ဆင်နိုင်သည့် အခွင့်အလန်းမျိုး ဖွင့်ပေးထားခဲ့ခြင်း မရှိပေ။ ပညတ်တော်ဆယ်ပါး ကို မဲအရည်အတွက် သုံးပုံ နှစ်ပုံ ဖြင့် ပြင်ဆင်နိုင်သည် ဆိုသည် ပညတ်တော် ဆယ့်တပါး မြောက် အဖြစ် ပြဋ္ဌာန်း ထားသည်မျိုးလည်း မရှိခဲ့ပေ။
အရေးပါဆုံး ကွာခြားချက်ကို အဆိုပါ စာတမ်း နှစ်ရပ်၏ အဖွင့် တွင်ပင် ရှင်းလင်းစွာ တွေ့နိုင်ပေသည်။အမေရိကန် ဖွဲ့စည်းပုံသည် "ကျွနုပ်တို့ ပြည်သူများ" ဟု စ ဖွင့်ထားပြီး လူသားတို့ မှ အစပြုလာသည်ကို အသိအမှတ် ပြုလိုက်ခြင်းလည်း ဖြစ်သည်။ ယင်းအား ပြင်ဆင်နိုင်ခွင့် အာဏာ ကိုလည်း လူသားတို့ကိုပင် အပ်နှင်းထားသည်။
ပညတ်တော် ဆယ်ပါးတွင်မူ "ငါသည် သင်တို့၏ ဘုရား သခင်၊ ထာဝရ ဘုရား ဖြစ်သည်" ဟု အစချီထားခဲ့သည်။ ထိုသို့ ကောင်းကင်ဘုံ မှ ဆင်းသက်လာသည်ဟု ဆိုထားသဖြင့် လူသားတို့ အနေဖြင့် ပြောင်းလဲပိုင်ခွင့် ကို ငြင်းပယ်ပြီးသား ဖြစ်သွားသည်။ ထို့အတွက် သမ္မာကျမ်းစာသည် ယနေ့တိုင် ကျွန်ပြုမှု ကို ထောက်ခံနေသည့် အဖြစ် ရောက်နေခဲ့ခြင်း ဖြစ်ပေသည်။