ဂေါ်ကီ ၏ အမေ(16)

by Hla Soewai - Jun 27 2025

ပါဗယ်သည် နာတာရှာ ဘေးတွင် ထိုင်နေသည်။ သူသည် လာသမျှ လူတွေထဲတွင် အချောဆုံး ဖြစ်နေသည်။ နာတာရှာသည် စာအုပ်ကို တကုန်းကုန်း နှင့် ဖတ်နေသည်။ ဖတ်နေရင်းက နဖူးပေါ်သို့ ကျ လာနေသည့် တွန့်လိမ်နေသော ဆံပင် ခွေ များကို ခေါင်းကို နောက်ပြန် မော့မော့ပြီး ပင့်တင်နေပြန်သည်။ စာအုပ်ထဲတွင် မပါသည့် အကြောင်းများကိုလည်း တိုး တိုး တိုးတိုး နှင့် အနီးအနား ရှိ လူများကို ပြောနေသည်။

 

ရုရှားလေးသည် ကျယ်ပြန်သော ရင်အုပ်ကြီးကို စားပွဲထောင့်စွန်း ပေါ် ဖိထားရင်း သူ၏ နှုတ်ခမ်းမွှေး ထောင့်စွန်းကို လိမ်နေရင်းက ထွက်လာသည့် အစအန များကို မြင်ရအောင် စွေကြည့်နေသည်။ ဗိုင်ဆော့ချီလော့သည် ကုလားထိုင်ပေါ်တွင် တိုင်ကြီး တိုင်ကြီး တတိုင် ထောင်ထားသည့် အလား လက်ဝါး နှစ်ဖက်ကို ဒူးပေါ်တင်ကာ မတ်မတ်ကြီး ထိုင်နေသည်။

 

ကျောက်‌ ပေါက်မာ များ ရှိ နေသော သူ့မျက်နှာတွင် မျက်ခုံး‌မွှေးလည်း မရှိ၊ ပါးလွှာသော နှုတ်ခမ်းများ ကြောင့် မျက်နှာဖုံးစွပ်ပြီး မလှုပ်မယှက် ထိုင်နေသလို ထင်ရသည်။ သူ၏ ကျဉ်းမြောင်းသော မျက်လုံး အစုံ သည်လည်း ရှေ့တည့်တည့် ရှိ ကြေးရေနွေး အိုး၏ ပြောင်လက်နေသော မျက်နှာပြင် ပေါ်တွင် ထင်ဟပ်လာနေသော သူ့မျက်နှာကို စူးစိုက်ကြည့်နေသည်။ အသက်မှ ရှုရဲ့လားဟုပင် ထင်ရသည်။

 

တွန့်လိမ် ကောက်ကွေး နေသော ဆံပင်နှင့် ဆိုမော့ ဆိုသည့် ကလေး၏ နှုတ်ခမ်းသည် အသံမထွက်ပဲ တလှုပ်လှူပ် နှင့် ဖြစ်နေသည်။ ကြည့်ရသည်မှာ စာအုပ်ထဲမှ စာများကို လိုက်ရွတ်နေပုံ ရသည်။ ကိုယ်ကို ကိုင်းပြီး တံတောင်ဆစ်ကို ဒူးပေါ်တင်ကာ မျက်နှာကို လက်ဖြင့် ထောက်ထားသည်။ စိတ်ပျံ့လွင့်‌နေပုံ ရပြီး ပြုံးပုံကလည်း အသက်မပါသလို ဖြစ်နေသည်။

 

ပါဗယ် နှင့် အတူ ဝင်လာသော နှစ်ယောက်ထဲမှ တယောက်သည် ပိန်ပိန်ပါးပါး၊ ဆံပင် နီ နီ ကောက်ကောက် နှင့် ဖြစ်သည်။ မျက်လုံးများက ပြုံးယောင် သန်းနေပြီး အရောင်က စိမ်းလဲ့လဲ့ နှင့် ဖြစ်သည်။ တစုံတရာကို ပြောချင်နေပုံ ရပြီး စိတ်မရှည် တော့၍ ခေါင်း တလည်လည် နှင့် ဖြစ်နေသည်။

 

အခြားတယောက်သည် ဆံပင် ညိုဖျော့ဖျော့ နှင့် ဖြစ်ပြီး တိုတို ညှပ်ထားသည်။ ခေါင်းကို လက်နှင့် ပွတ်နေပြီး အောက်စိုက်ထား၍ မျက်နှာကို မမြင်ရ ဖြစ်နေသည်။

 

အခန်းထဲတွင် နွေးနွေးထွေးထွေး ရှိ လာခြင်းကြောင့် ရောက်လာသူများလည်း အချင်းချင်း ဖေါ်ဖေါ်ရွေရွေ ပြောဆိုလာကြသည်။ အမေ၏ စိတ်ထဲတွင်လည်း ထိုသို့ ထူးထူးခြားခြား အချင်းချင်း ရင်းနှီးလှိုက်လှဲစွာ ဆက်ဆံ ပြောဆိုနေကြသည်ကို ကြည့်၍ သူမ စိတ်ထဲ တခါမျှ မခံစားခဲ့ဖူးသည့် ကြည်နူးမှုမျိုး ဖြစ်လာခဲ့ရှာသည်။

 

နာတာရှာ၏ သာယာ ညိမ့်ညောင်းသော အသံ သည် ရေနွေးအိုးမှ တုန်ခါနေသည့် တအိအိ မြည်သံ တို့ နှင့် ရောယှက်လာ၍ အမေ့ စိတ်သည် သူမ ငယ်ရွယ်နုပျိုစဉ် အချိန်က ညနေစောင်း ပါတီပွဲ များတွင် အရက်နံ့ တထောင်းထောင်း ထနေသော လူငယ်များ၏ ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုရေရွတ် သံများ၊ ညစ်ညမ်းသော ပျက်လုံးများ နှင့် ပွက်လောရိုက်နေသည့် အဖြစ်ကို ပြန်ပြောင်း အမှတ်ရလာမိပြန်သည်။

 

ထိုသို့ အမှတ်ရလာမှု နှင့် အတူ ကိုယ့်ကိုကိုယ် သနားစိတ် ဝင်လာခဲ့ပြန်၍ သူမ၏ နွမ်းနယ်ပျက်စီးခဲ့သည့် နှလုံးသားကို ညင်သာစွာ လှုပ်ခါစေခဲ့သည်။ 

 

အမေသည် ခင်ပွန်းဖြစ်သူ နှင့် စတွေ့ခဲ့ရပုံ များ မျက်စိထဲ ပေါ်လာသည်။ ပါတီပွဲ တခုတွင် သူမ အား မှောင်ရိပ်ကျနေသော ဆင်ဝင်အောက်သို့ ဆွဲခေါ်သွားပြီး နံရံ နှင့် ကိုယ်ကို ဖိကပ်လိုက်ပြီး စိတ်တိုသံကြီး ဖြင့် "မင်း ငါ့ကို ယူမလား" ဟု ခပ်ပြတ်ပြတ် မေးခဲ့သည်။

 

အမေသည် နာကျင်လွန်းလှ၍ စိတ်လည်း တိုသွားမိသည်။၊ သူ့ဖက်က အလျော့မပေးသည့် အပြင် လက်သည်းများနှင့်ပါ သူမ အသားထဲ စိုက်ဝင်သည့်အထိ ချုပ်ထားသည်။ သူ၏ နှာဖျားမှ ထွက်လာသော လေပူ များက အသက်ရှုလိုက်တိုင်း မျက်နှာကကို လာရိုက်ခတ်နေသည်။ သူ့လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။

 

"နေဦး...နင် ငါမေးတာကို ဖြေဦး၊ ဟုတ်ပြီလား" ဟု ဟိန်းဟောက်လိုက်ပြန်သည်။

 

အမေသည် အသက်ရှု၍လည်းမဝ၊ ရှက်ကလည်း ရှက်၊ အစော်ကား ခံရလေခြင်း ဆိုကာ ဘာစကားမှ ပြန်မပြော နိုင် ဖြစ်နေသည်။

 

"အရူးမ သောက်ကြီးသောက်ကျယ် လုပ်မနေနဲ့၊ နင့်စိတ်ထဲ အကျေနပ်ကြီး ကျေနပ်နေတာ ငါမသိဘူး မှတ်နေလား"

 

ထိုအချိန်တွင် တစုံတယောက်က တံခါး ဖွင့်ထွက်လာ၍ အမေအား ဘာမှ မဖြစ်သည့် ပုံစံ ဖြင့် အေးအေးသက်သာ လွှတ်ပေးလိုက်သည်။

 

"နောက် တနင်္ဂနွေ ကျရင် နင်တို့ အိမ်ကို နားဖောက်ဖို့ လူ လွှတ်လိုက်မယ်" ဟု ပြောလိုက်ပြန်သည်။ သူပြောသည့် အတိုင်းလည်း တကယ် လုပ်ခဲ့သည်။

 

အမေသည် မျက်လုံးကို လက်နှင့်ကာ၍ သက်ပြင်း ရှည်ကြီးကို လေးလေးပင်ပင် ချလိုက်သည်။

 

"ကျုပ် အနေနဲ့ လူတွေ ဘယ်လို နေသားကျ နေကြတယ် ဆိုတာ မသိချင်ဘူး၊ ဘယ်လို နေသင့်တယ် ဆိုတာပဲ သိချင်တယ်" ဟု ‌ဗိုင်ဆော့ချီလော့၏ မကျေမနပ် နှင့် ပြောလိုက်သံကို ကြားလိုက်ရသည်။

 

"အဲ့တာပဲဗျာ" ဟု ဆံပင်နီနီ နှင့် လူက ထ ပြောလိုက်သည်။

 

"ကျွန်တော်ကတော့ သဘောမတူဘူး၊ အားလုံးကို သိရမှ ဖြစ်မယ်" ဟု ဆိုမော့၏ အော်ပြောသံကိုလည်း ကြားရသည်။

 

"ဒါ အမှန်ပဲ..အမှန်ပဲ" ဟု ဆံပင် ကောက်ကောက် နှင့် လူက အသံတိုးတိုး ဖြင့် ဝင်ပြောသည်။

 

ထို့နောက်တွင် အခြေအတင် ပြောဆိုကုန်ကြသည်။ စကားလုံး မျာက ထင်းမီးပုံထဲက မီးစများလို တဖျောက်ဖျောက် နှင့် လွင့်ထွက်လာသည်။ အမေကတော့ သူတို့ဘာတွေ အော်ဟစ် ပြောဆိုနေကြသည် ကို နားမလည်။

 

သူတို့အားလုံး၏ မျက်နှာ များကတော့ တက်ကြွမှု ဆိုသည့် အရောင်အဝါများ နှင့် တောက်ပနေကြသည်။ သို့သော် တ‌ဦးတယောက်မျှ ဒေါသထွက်လာသည် ဆိုသော အရိပ်အယောင် များ မတွေ့ရ။ အမေ ဘဝ တွင် တသက်လုံး ကြားနေကျ ကြမ်းတမ်းရိုင်းစိုင်းသည့် အသုံးအနှုန်းများ လည်း မကြားခဲ့ရ။

 

"အမျိုးသမီး တယောက် ရှိနေလို့ ချုပ်တည်းနေကြတာ ဖြစ်မှာ" ဟု အမေက ကောက်ချက်ချလိုက်ပြန်သည်။

 

နာတာရှာ၏ တည်ငြိမ်ရင့်ကျက်နေမှု ကို တွေ့ရ၍ အမေသည် ကျေနပ်သွားမိသည်။ ထိုအမျိုးသမီး ငယ်ကလေးသည် လူကြီးတဦးက ကလေးများကို ကြည့်တတ်သည့် ထောက်ထား ညှာတာသည့် အကြည့်မျိုး နှင့် လူငယ်များကို ကြည့်နေခဲ့သည်။

 

"ခဏ နေကြပါဦး ရဲဘော်တို့" ဟု သူမ ထံမှ ရုတ်ခြည်း ဆိုသလို စကားသံ ထွက်လာသည်။

 

"အားလုံးကို သိထားသင့်တယ်လို့ ပြောတဲ့လူတွေ မှန်တယ်၊ ဒါမှလည်း ကျမ တို့ ကိုယ် ကျမတို့ ကျိုးကြောင်း ဆင်ခြင်နိုင်မှု ဆိုတဲ့ အလင်းရောင်နဲ့ တောက်ပလာအောင် လုပ်နိုင်ကြမယ် မဟုတ်လား။ အမှောင်ထဲ ရောက်နေကြတဲ့ လူတွေလည်း ကျမ တို့ကို မြင်လာနိုင်မယ်၊ မေးလာကြမယ့် မေးခွန်း တိုင်းကိုလည်း ရိုးသားမှု အပြည့်နဲ့ အမှန်ကို အမှန်အတိုင်း ဖြေလာနိုင်ကြမယ်။ ကျမတို့ အားလုံး အမှန်တရား တွင် မကဘူး ၊ ဘာတွေ မှားနေလဲ အားလုဲးကို သိထားမှ ဖြစ်မယ်။"

 

ရုရှားလေးက သူမစကားကို ခေါင်းတညိမ့်ညိမ့် ဖြင့် နားထောင်နေသည်။ ဆံပင်နီနီ နှင့် လူ၊ ဗိုင်ဆော့ချီကော့ နှင့် ပါဗယ် နှင့် အတူ ပါလာသည့် စက်ရုံ အလုပ်သမား တို့ သုံးဦးသား ဝိုင်းဖွဲ့၍ ရပ်နေသည်ကို လှမ်းတွေ့လိုက်ရသည် ။ ဘာကြောင့်မှန်း မသိ အမေသည် သူတို့ သုံးဦးကို သဘောမကျ ဖြစ်နေသည်။