လူသား ကွန်ယက်(28)

by Hla Soewai - Jun 18 2025

နျူကလီယား ရူပဗေဒ ပညာရှင်များ သ‌ဘော မပေါက်သည်က ထိပ်ပိုင်းရှိ လူများ ဘာ‌တွေ သိထားလဲ ဆိုသည်ပင် ဖြစ်သည်။ စကြာဝဠာ နှင့် ပတ်သက်၍ ‌၎င်းတို့ ပြောနေသည့် အမှန်တရားက လူအများအပြားကို စနစ်တကျ ထိန်းချုပ်နိုင်မည့် အထိရောက်ဆုံး နည်းလမ်း တခု မဟုတ် ဟု ထိတ်ပိုင်းရှိ လူများက သိထားကြပြီး ဖြစ်သည်။

 

E = mc² သည် အမှန်တရား ဖြစ်ပြီး စကြာဝဠာ နှင့် ပတ်သက်၍ ဖြစ်ပျက်နေသည့် အတော်များများကို ရှင်းပြ နိုင်ခဲ့သည်။ သို့သော် E = mc² သည် နိုင်ငံရေး သဘောကွဲလွဲချက်များ ဖြေရှင်းပေးနိုင်စွမ်း မရှိ၊ လူများကိုလည်း ၎င်းတို့ အားလုံး နှင့် ဆိုင်သော အရေး ကိစ္စ များ အတွက် အနစ်နာခံကြဖို့ စိတ်အား တက်ကြွလာအောင် စည်းရုံးပေးနိုင်ခြင်း မရှိ။

 

တကယ်တမ်း လူသား ကွန်ယက်ကြီး တခုကို တည်မြဲအောင် ပြုလုပ်ပေးနိုင်သည်က လူအများအပြား တူညီစွာ သဘောတူ လက်ခံ နားလည် နိုင်သော ဘုရားသခင်၊ ငွေကြေး နှင့် နိုင်ငံ နှင့် ပတ်သက်၍ စိတ်ကူးဖြင့် ဖန်တီးထားသော ပုံဝတ္ထု ဇာတ်လမ်းများသာ ဖြစ်သည်။

 

လူများကို စုစည်းအောင် လုပ်ပေးရာတွင် စိတ်ကူးဇာတ်လမ်းများသည် အမှန်တရား ထက် မွေးရာပါ အားသာချက် နှစ်ရပ် ရှိနေသည်။ ပထမ အချက် အနေဖြင့် စိတ်ကူး ဇာတ်လမ်း များသည် ကျွနုပ်တို့ အကြိုက် ရှင်းလင်း လွယ်ကူအောင် ဖန်တီး နိုင်စွမ်း ရှိသည်။ တဖက်တွင် အမှန်တရားက ရှူပ်‌ ထွေး နက်နဲ နေတတ်သည်။ အဘယ်ကြောင့်ဆိုသော် အရှိတရား ကိုယ်နှိုက်က ရှုပ်ထွေး တတ်သည့် သဘောရှိသောကြောင့်ပင် ဖြစ်သည်။

 

ဥပမာ အားဖြင့် နိုင်ငံများ နှင့် ပတ်သက်သော အမှန်တရား ကို ကြည့်မည် ဆိုက မိမိတို့ပိုင်ဆိုင်သည့် နိုင်ငံဆိုသည်မှာ လူမှုအသိုင်းအဝိုင်းဆိုင်ရာ သဘောတရားအရ တည်ရှိသော အရာတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့၏ စုပေါင်းစိတ်ကူးဉာဏ်ထဲမှာသာ တည်ရှိသည်ကို နားလည်ရန် ခက်ခဲပါသည်။

 

နိုင်ငံရေး သမားများ ၎င်းတို့၏ မိန့်ခွန်းများတွင် ထိုကဲ့သို့ ပြောသည်ကို ကြားရခဲလှသည်။ သို့သော် ကျွနုပ်တို့ နိုင်ငံသည် ဘုရားသခင် အလိုတော်ကျ ရွေးချယ်ခံထားရသည့် လူများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ဖန်တီးရှင်မှ အထူးတာဝန်များ ယုံကြည်စွာ အပ်နှင်းခံရသူ များ ဖြစ်သည် ဆိုသည့် အဆိုကိုမူ နားလည်ရ ပို၍ လွယ်ကူပေသည်။ ထိုကဲ့သို့ နားလွယ်ရ လွယ်ကူသည့် အကြောင်းများကို အစ္စရေး မှသည် အီရန်အထိ၊ ရုရှားမှသည် အမေရိကန် အထိ မရေတွက်နိုင်သော နိုင်ငံရေး သမားများသည် ထပ်တလဲလဲ ပြောဆိုခဲ့ကြပြီး ဖြစ်သည်။

 

ဒုတိယ အချက်သည် အမှန်တရားသည် ခါးသီးပြီး စိတ်ထိခိုက်စရာ များ ရှိနေခြင်းပင် ဖြစ်သည်။ ဤသည်ကို စိတ်သက်သာရာ သက်သာကြောင်း ,ဖြစ်စေမည့် အကြောင်းများဖြင့် ပိုပိုသာသာ ရေးသား ပြောဆို လာကြမည် ဆိုလျင် အမှန်တရား မဟုတ်တော့။ သို့သော် ယင်းနှင့် ပတ်သက်၍ ပုံဝတ္ထု ဇာတ်လမ်းများသည်က လူများကို အလွယ်တကူ ပုံသွင်း၍ ရသည်။

 

နိုင်ငံတိုင်းတွင် နိုင်ငံသားတိုင်း လက်မခံချင်၊ မေ့ထားချင်သည့် မှောင်မိုက်သော ဇတ်ကြောင်းများ ရှိနေ တတ် စမြဲ ပင် ဖြစ်သည်။ အစ္စရေးရှိ နိုင်ငံရေး သမား တဦးသည် သူမ၏ ရွေးကောက်ပွဲ မဲဆွယ် မိန့်ခွန်းထဲတွင် အစ္စရေး တို့ သိမ်းပိုက်ထားမှု ကြောင့် ပါလက်စတိုင်း အရပ်သားများ ဒုက္ခပင်လယ် ဝေခဲ့ရပုံများ ထည့်ပြောမည်ဆိုက မဲအများအပြား ရလာ နိုင်စရာ အကြောင်းမရှိပေ။

 

တဖက်တွင်လည်း ယင်းနှင့် ဆန့်ကျင်ဖက် နိုင်ငံရေး သမား တဦးသည် စိတ်မသက်သာစရာ အချက်အလက်များ ကို လျစ်လျုရှူပြီး ဂျုးတို့ အတိတ်က ဂုဏ်ရောင်ထွန်းပြောင်ခဲ့မှု များကိုသာ အမျိုးသား ဒဏ္ဍာရီ အလား ပြောဆိုနေမည်၊ ပကတိ ဖြစ်ပျက်နေသည်များကို လိုအပ်လျင် လိုအပ်သလိုလူများ လက်ခံလာအောင် တန်ဆာဆင် ပြောဆိုနေမည် ဆိုလျင် တော့ အာဏာရလာစရာ ရှိနေသည်။

 

ထိုသို့ ဖြစ်ပျက်နေမှု များသည် အစ္စရေးတွင်သာ မဟုတ်၊ နိုင်ငံအားလုံးတွင် တွေ့ရမည်သာ ဖြစ်သည်။အီတာလျှံများ၊ အိန္ဒိယ နိုင်ငံသား မည်မျှ ကကော ၎င်းတို့ နိုင်ငံများသည် ခြောက်ပစ်ကင်း သဲလဲစင် ပါသည် ဆိုသော အမှန်တရားကို ကြားလိုကြပေမည်နည်း။

 

အမှန်တရားကို အလျော့မပေးဘဲ ဆွဲကိုင်ထားခြင်းသည်သာ သိပ္ပံပညာ အတွက် တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်လာပေမည်။

 

ပလေးတိုးသည် ၎င်း၏ သမ္မတ နိုင်ငံကျမ်းတွင် လူမှုစနစ် တရပ်နှင့် စပ်လျှင်းပြီး စိတ်ကူးယဉ် နိုင်ငံတော်၏ ဖွဲ့စည်းပုံအား ပုံဝတ္ထုများ ဖြင့် ကောင်းကျိုးဆောင်သော လိမ်လည်မှု ဆိုသည် အပေါ် အခြေခံ ခဲ့ခြင်း ဖြစ်သည်ဟု ဆိုခဲ့သည်။ ရည်ရွယ်သည်က နိုင်ငံသားများ၏ သစ္စာရှိမှု ကို အခိုင်အမာ ရရှိရန် နှင့် ဖွဲ့စည်းပုံ ကို မေးခွန်း ထုတ်မလာကြစေရန် ဖြစ်သည်။

 

နိုင်ငံသားများ သည် မြေသားမှ ပေါက်ဖွားလာသူများ ဖြစ်ကြောင်း ပြောထားသင့်သည်။ ထို့အတွက် မဟာပထဝီ မြေကြီးသည် ၎င်းတို့၏ မိခင် ဖြစ်၍ မိခင် မြေကြီးကို သားသမီး တာဝန် ကျေပြွန်ပြီး သစ္စာရှိသင့်သည်ဟုဟု ပလေးတိုးက ရေးသားခဲ့သည်။ ထပ်ပြီး ပြောဖို့ သင့်သည်က ၎င်းတို့ကို မွေးဖွားလာခဲ့စဉ်က နတ်ဘုရားများသည် ကိုယ်ထဲသို့ မတူညီသော သတ္ထုများ ဖြစ်သည့် ရွှေ၊ ငွေ၊ ကြေး၊ သံများ ရောနှောထည့်ပေးခဲ့သည်။ ထို့အတွက်ကြောင့် ရွှေလို အုပ်စိုးသူများ နှင့် ကြေးလို အစေခံများ ဖြစ်ပေါ်လာခြင်းသည်လည်း သဘာဝ တရား၏ အဆင့်အတန်း သတ်မှတ်မှု ပင် ဖြစ်သည်ဆိုသည်မှာ ကျိုးကြောင်း ဆီလျှော်မှု ရှိလာသည်။

 

လက်တွေ့တွင် ပလေးတိုး၏ စိတ်ကူးယဉ် နိုင်ငံတော်သည် အကောင်အထည် ပေါ်မလာခဲ့ပေ။ ခေတ်အဆက်ဆက် နိုင်ငံအတော်များများသည် ၎င်းတို့၏ နိုင်ငံသားများကို ယခုလိုမျိုး မြင့်မြတ်သည့် မုသား အမျိုးမျိုးကို ပြောလာခဲ့ကြပြီး ဖြစ်သည်။

 

ပလေးတိုးသည် ထိုသို့ ကောင်းကျိုး ဖြစ်ထွန်းစေမည့် လိမ်လည်မှုများဖြင့် ပြောသည်များ ရှိသော်ငြားလည်း နိုင်ငံရေး သမား အားလုံးသည် လူလိမ်များ ဖြစ်သည် သို့မဟုတ်ကလည်း နိုင်ငံ သမိုင်း‌‌ ကြောင်းများဟူသည် က အလိမ်အညာများသာ ဖြစ်သည်ဟု ကောက်ချက်မချသင့်။

 

ရွေးချယ်ရမည်က အမှန်တရား နှင့် လိမ်လည်မှု နှစ်ခုတည်းသာ မဟုတ်တော့၊ တတိယ တခုလည်း ရှိလာသည်။ ဤသည်ကား ဖန်တီးထားသော ဇတ်ကြောင်း တခုသည် လက်တွေ့ ဘဝအား ကိုယ်စားပြုထားခြင်း ဖြစ်သည်ဟု ဟန်ဆောင်ထားမှသာလျင် စိတ်ကူးဇာတ်လမ်း များကို ပြောခြင်းသည် လိမ်ညာမှု မြောက်ပေသည်။