ဂေါ်ကီ ၏ အမေ(14)

by Hla Soewai - Jun 07 2025

အမေ၏ စိတ်ထဲတွင် ထိုကလေးမ လေးအား ကာလကြာမြင့်စွာ ကတည်းက သိကျွမ်းခဲ့ဖူးသူ တယောက်အလား ထင်မြင်လာမိသည်။ သိကျွမ်းခဲ့ယုံမက မိခင် တယောက်၏ ကြင်နာမှု မျိုး ဖြင့် ချစ်ခဲ့ပြီးသား ဟု ပင် ယုံကြည်မိသည်။ ယခု ကလေးမလေး အား တွေ့ရ၍ သူမစိတ်ထဲ ဝမ်းသာသွားသလို ဖြစ်ခဲ့ရသည့် အပြင် တောက်ပသော ပြာလဲ့လဲ့ မျက်လုံး အစုံ ကို ပင် ပြန် အမှတ်ရသလို ဖြစ်ခဲ့ရသည်။

 

ထိုအဖြစ်ကို တွေးမိ၍ အမေသည် ရေနွေးအိုး တည်နေရင်းက ကျေနပ်စွာ ပြုံးလိုက်မိသည်။ အိမ်ရှေ့ခန်းတွင် ပြောနေကျသည်များကိုလည်း နားစွင့်လိုက်ပြန်သည်။

 

"ဘာလို့ မျက်နှာ မကောင်း ဖြစ်နေရတာလဲ နာကော့ကာ" ဟု မိန်းကလေး ၏ မေးသံကို ကြားလိုက်ရသည်။

 

"ဒီ အိမ်က အဖွားကြီးက မျက်လုံး လှတယ်၊ ငါ့ အမေလည်း အဲ့ဒီလို မျက်လုံးမျိုး ရှိချင် ရှိနေမှာ ဆိုတာ တွေးမိလို့၊ အမေ ခုထိ အသက်ရှင်နေဦး မယ်လို့ ငါတော့ ထင်နေတုန်းပဲ" ဟု ရုရှား လေး ၏ ပြန်ပြောသံကိုလည်း ကြားလိုက်ရသည်။

 

"နင် ပြောတော့ သေပြီဆို"

 

"သေသွားတာက ငါ့ မွေးစား အမေ၊ အခု ပြောနေတာက ငါ့ရဲ့ အမေအရင်း အကြောင်း၊ အခု ငါ့စိတ်ထဲ ထင်နေတာ က အမေ ကီယက်ဗ် မှာ ရှိ‌နေပြီး လမ်းပေါ် မှာ လိုက်တောင်း၊ ပြီးရင် ဝီစကီ လေး တမြမြ နဲ့ ရှိနေမှာ ပဲလို့"

 

"နင် တွေးပုံကြီးကလဲ မကောင်းလိုက်တာ၊ ဘာကြောင့် အဲ့လို အတွေးမျိုး ပေါ်လာရတာလဲ"

 

"မသိပါဘူးဟာ၊ ပြီးရင် ပုလိပ်က အ‌မေကို ဖမ်းခေါ်ပြီး ရိုက်နှက် နေမလားပဲ'

 

ထိုစကား ကို ကွား၍ "အို...သနားစရာ ပါလား" ဟု တွေးရင်း သက်ပြင်း ချလိုက်မိသည်။

 

နာတာရှာ ၏ ခပ်ဆပ်ဆပ်၊ ပလုံးပထွေး နှင့် တခုခု ပြောလိုက်ပြီး နောက် ရုရှားလေး၏ အသံဩဩ နှင့် ပြန်ပြောသံကိုလည်း ကြားရပြန်သည်။

 

"မင်း အသက်က ငယ်သေးတယ် ရဲဘော်၊ ကြက်သွန်နီ တောင် စားသင့်သလောက် မစားရသေးဘူး၊ လူတိုင်း မှာ အမေတွေ ရှိနေတယ် ဆိုပေမယ် ဆိုးတဲ့လူက ဆိုးနေ တုန်းပဲ၊ ကလေးတွေ ကို ပြုစု ပျိုးထောင်ဖို့ ခက်ခဲ‌ နေရတဲ့ ကြားထဲ လူကောင်း တယောက် ဖြစ်ဖို့ သွန်သင် ဆုံးမ တာက ပိုပြီးတောင် ခက်နေသေးလို့ပဲ"

 

"ဒီကလေး ရဲ့ အ‌တွေးကလည်း အဆန်းပါလား" ဟု အမေက တွေးလိုက်မိသည်။ အမေက ရုရှားလေး ပြောသည်မှာ မမှန်ကြောင်း ထွက်ပြောချင်စိတ်ပင် ပေါက်လာသည်။ အမေ ပြောချင်သည်က သူကိုယ် တိုင် သူ့အကြောင်း ဘာမှ မသိသော်လည်း သားဖြစ်သူ ကို လူကောင်းတ‌ယောက် ဖြစ်အောင် သွန်သင် ပြ ဖို့ ဝန်မလေး ဟူ၍ ဖြစ်သည်။

 

ထိုအချိန်တွင် အိမ်တံခါး ပွင့်လာပြန်ပြီး ရွာထဲတွင် သူခိုး တယောက်ဟု သိထားသည့် ဒန်နီယယ် ဆို သည့် အဖိုးကြီး၏ သား နီကိုလေး ဗိုင်ဆော့ချီကော့ ဝင်လာသည်။ သူ့ကိုလည်း တရွာလုံးက အခေါ်အပြော မလုပ်ဘဲ ခပ်ကင်းကင်းနေကြသည်။

သူကိုယ်တိုင်လည်း လူများနှင့် မရောပဲ သူ့အား မထီလေးစားနှင့် နောက်လား ပြောင်လား လုပ်လာလျင် သည်းမခံပဲ လက်တုန့် ပြန်တတ်သူ ဖြစ်သည်။

 

ကလေး မ လေး က တအံ့တဩ နှင့် "ဟေး...နီကိုလေး ပါလား၊ ဘယ်လို ဖြစ်လာတာလဲ" 

 

နီကိုလေးက ဘာမှ ပြန်မပြောဘဲ အမေကို သူ၏ ညိုမှိုင်းသော မျက်လုံး များနှင့် စိုက်ကြည့်လိုက်ပြီး ကျောက်ပေါက်မာ များ ရှိနေသော သူ၏ ပါးရိုးကြီးများကို လက်ဖြင့် သုတ်လိုက်ရင်းက၊

 

"ပါဗယ် ရှိလား" ဟု အသံပြာပြာ နှင့် မေးလိုက်သည်။။

 

"ပြန် မရောက်သေးဘူး" 

 

သူက အခန်းထဲသို့ တချက်ကြည့်လိုက်ပြီး...

 

"Good evening ပါ ရဲဘော်တို့" ဟု နှုတ်ဆက်လိုက်သည်။

 

နာတာရှာက သူမ လက်ကို ကြင်ကြင်နာနာ ကမ်းပေးပြီး ကြိုဆိုလိုက်သည်ကို တွေ့လိုက်ရ၍ အ‌မေသည် စိတ်ထဲ မကျေမချမ်း ဖြစ်သွားသည်၊ သူလို လူမျိုး တယောက်ကို ဒီလို ပုံစံမျိုး ဖြင့် ကြိုဆိုသည်ကို အံ့အားလည်း သင့်သွားခဲ့သည်။

 

နောက်ထပ် ရောက်လာသူ နှစ်ဦးက ဆယ်ကျော်သက်သာသာ အရွယ်ရှိ ကောင်လေး နှစ်ယောက် ဖြစ်သည်။ အ‌ မေသည် သူတို့ နှစ်ယောက်ထဲက တယောက်ကို သိထားပြီး ဖြစ်သည်။ ထိုကလေး၏ အမည်သည် ယာကော့ဗ် ဖြစ်ပြီး စက်ရုံ အစောင့် ဆို‌ မော့၏ သားဖြစ်သည်။ နောက်တယောက်က မျက်နှာချွန်ချွန်၊ နဖူး မောက်မောက်၊ ဆံပင် ကောက်ကောက် နှင့် ဖြစ်ပြီး သူ နှင့် မရင်းနှီးသော်လည်း ကြောက်စရာ တော့ မကောင်းလှ။

 

နောက်ဆုံးတွင်တော့ ပါဗယ် ပြန်ရောက်လာသည်။