လက်ရှိ ဖြစ်ပွားနေသော စစ်ပွဲများ နှင့် အနာဂတ်ကို ခန့်မှန်းခြင်း
*******************
နိုင်ငံများ အကြား ဖြစ်ပွားနေသော စစ်ပွဲများသည် မကြာသေးမီ ဆယ်စု နှစ်များ အတွင်းက ဖြစ်ရိုး ဖြစ်စဉ် အနေအထား မှ လျော့ပါးလာခဲ့သည်။ လတ်တလော တွင်လည်း အင်အားကြီး နိုင်ငံများ အကြား ပဋိပက္ခ မျိုးလည်း မရှိသည်ကို တွေ့ရသည်။ ဤသည်ကပင် ပြီးခဲ့သည့် ရာစု နှစ်များ နှင့် မတူဘဲ ခွဲထွက်လာမှု အဖြစ် ကြိုဆိုရမည် ဖြစ်သည်။
သို့သော်လည်း စစ်ပွဲကြီးများ (တခါတရံ ပဋိပက္ခ ဟု ခေါ်သည်) က ဆီရီးယား၊ ယီမင်၊ အာဖဂန်နစ္စတန်၊ လစ်ဗျား၊ ယူကရိန်း နှင့် ဆူဒန် တို့တွင် ဖြစ်ပွားလျက် ရှိနေသည်။ အင်အားကြီး နိုင်ငံများ အကြား စစ်ပွဲများ မရှိဆို၍ အဆိုပါ နိုင်ငံများသည် ၎င်းတို့ နှင့် မဆိုင် ဆိုကာ ဘေးထွက်နေကြခြင်းမျိုး တော့ မဟုတ်ပေ။
ဤသည်ကလည်း အမေရိကန် ပြည်ထောင်စုသည် အာဖဂန်နစ္စတန် တွင် နှစ်ပေါင်း နှစ်ဆယ် နီးပါး နက်နက်ရှိုင်း ရှိုင်း ပါဝင် ပတ်သက်နေခဲ့သော ကြောင့် ဖြစ်သည်။ ရုရှား တပ်များသည်လည်း ယူကရိန်း နှင့် ဆီရီယား တွင် တိုက်ရိုက် ဝင်ရောက်စွက်ဖက်နေခဲ့ ကြသည်။ အဆိုပါ စစ်ပွဲ များ တွင် အင်အားကြီး နိုင်ငံ အချင်းချင်း ထိတ်တိုက် တွေ့ခဲ့ခြင်းမျိုး တော့ မရှိသော်လည်း စစ်ပွဲ တိုင်း လိုလိုသည် တန်ဖိုးကြီးကြီး ပေးခဲ့ရသည်ခြည်းသာ ဖြစ်သည်။ ၂၀၁၁ တွင် စတင်ခဲ့သော ဆီရီယား စစ်ပွဲ တွင် လူအသက်ပေါင်း ၅၀၀,၀၀၀ ခန့် ဆုံးရှုံးသွားခဲ့ရပြီး နိုင်ငံရှိ လူဦးရေ တဝက် ကျော်ကျော်သည် အိုးမဲ့အိမ်မဲ့ ဘဝ ရောက်သွား ခဲ့ရသည်။
အင်အားကြီး နိုင်ငံများ အကြား စစ်ဖြစ်နေခြင်းမျိုး မရှိဟု ဆိုသော်လည်း စစ်အသုံးစရိတ်သည် တနေ့တခြား မြင့်တက်လာနေခဲ့သည်။ တနည်းအားဖြင့် ဆိုသော် ဖြစ်ပွားလာနိုင်ဖွယ် ရှိသည့် အလားအလာ များ အတွက် ပြင်ဆင်နေကြခြင်းပင် ဖြစ်သည်။
ကမ္ဘာတဝှမ်း စစ်တပ်များ အား လက်နက် တပ်ဆင် ပေးရန် အတွက် နှစ်စဉ်လို အသုံးစရိတ် စုစုပေါင်းသည် ဒေါ်လာ နှစ် တြီလီယံ ခန့် ရှိနေသည်။ ထိုအထဲတွင် သုံးပုံတပုံသည် အမေရိကန်မှ ဖြစ်သည်။ အသုံးစရိတ် အားဖြင့် ၎င်း အောက်တွင်ရှိသည့် ခုနှစ် နိုင်ငံထက် သာလွန်သည်။ ယင်းသည် အမေရိကန်၏ ကမ္ဘာအရေး များတွင် တမူထူးခြားစွာ စိတ်ဝင်စားနေမှု ကို ထင်ဟပ်နေခြင်းလည်း ဖြစ်သည်။ အခြား အသုံးစရိတ် များသော နိုင်ငံများ မှာ တရုတ်၊ ဆော်ဒီ အာရေးဗီယား၊ ရုရှား၊ အိန္ဒိယ၊ ပြင်သစ်၊ ဗြိတိန်၊ ဂျပန် နှင့် ဂျာမဏီ တို့ ဖြစ်သည်။
အင်အားကြီးနိုင်ငံများ ပါဝင်သည့် စစ်ပွဲများ မရှိခြင်းသည် ရေရှည်တည်တံ့မည့် လမ်းကြောင်းတစ်ခုလား သို့မဟုတ် ပုံမှန်မဟုတ်သည့် ဖြစ်ရပ်တစ်ခုလားဆိုသည်မှာ ရှင်းရှင်းလင်းလင်း မပြောနိုင်သေးဟု ဆိုရပေမည်။ အချို့က ကြာရှည်ခံမည်ဟု သုံးသပ်နေကြသည်၊ ၎င်းတို့ အမြင်တွင် စစ်ပွဲများ ဖြစ်လာမည် ဆိုက စရိတ်စက များ မြင့်တက်သွားမည့် အပြင် အထူးသဖြင့် နျူကလီယား စစ်ပွဲကြီး ဖြစ်လာက ပို၍ ဆိုးဝါးသွားနိုင်မည် ဟု တွက်ဆထားသော ကြောင့် ပင် ဖြစ်သည်။
အချို့က ဒီမိုကရေစီ လူ့အဖွဲ့အစည်း ကျယ်ပြန့်လာသည် နှင့် အမျှ ထိုသို့ ဖြစ်လာမည့် အရေး မလိုလားကြတော့၍ စစ်ပွဲ ဖြစ်နိုင်မည့် အလားအလာ လျော့နည်း လာပြီဟု ချေပ ပြောဆိုခဲ့ကြသည်။ ဒီမိုကရေစီ လူ့ အဖွဲ့အစည်း၏ ခေါင်းဆောင်များ အနေဖြင့် ၎င်းတို့၏ မဲဆန္ဒရှင်များကို တာဝန်ခံရဖို့ ရှိနေသည့် အပြင် နိုင်ငံ စီးပွားရေး အတွက် အဓိက ကျသော ကုန်သွယ်ရေး နှင့် ရင်းနှီးမြုပ်နှံမှု များ ပျက်ပြားသွားမည့် သွယ်ဝိုက် ထိခိုက်နိုင်သော တန်ဖိုး များကိုလည်း ထည့်သွင်းစဉ်းစားလာကြသော ကြောင့်လည်း ဖြစ်သည်ဟု ဆိုသည်။
သို့သော် စစ်ပွဲများကို ဟန့်တား နိုင်မည့် ပေါ်လစီ များ ဖြစ်သော နိုင်ငံများနှင့် မဟာမိတ် ပြုလာခြင်း၊ ထိထိရောက်ရောက် တားမြစ်နိုင်မည့် လက်နက်များ ပိုင်ဆိုင်အောင် လုပ်လာခြင်း တို့ဖြင့် နိုင်ငံများ အကြား စစ်ပွဲ များ အဖြစ်နည်းလာမည်ဟု တထစ်ချ ပြောဖို့ ခက်နေဆဲပင် ဖြစ်သည်။
အဆိုပါ မူဝါဒ များ အား လျစ်လျုရှုခြင်း၊ ပြောင်းလဲပစ်ခြင်း များ လုပ်လာက စစ်ပွဲများ အနှေး နှင့် အမြန် ဆိုသလို မကြာခဏ ဖြစ်လာနိုင်စရာ ရှိနေသည်။
ပထမ ကမ္ဘာစစ် ဖြစ်ပွားခဲ့ရသည့် အကြောင်းရင်းကို ကြည့်မည် ဆိုလျင် နိုင်ငံများ အကြား ကူးသန်း ရောင်းဝယ်ရေး သည် စစ်ကြီး မဖြစ်ရန် ယုံကြည်စိတ်ချရသော အကာအရံ တံတိုင်းကြီး ဖြစ်သည်ဟု ယူဆထားခဲ့မှုများ ပြိုလဲခဲ့ရသည်ကို တွေ့ရမည် ဖြစ်သည်။
ပထမ နှင့် ဒုတိယ ကမ္ဘာစစ် သို့ ဦးတည်နေသည့် အကြောင်းရင်းကို ကြည့် မည် ဆိုလျင် ဒီမိုကရေစီ လူ့အစည်းအရုံး ၏ ခေါင်းဆောင်များကော၊ ကိုယ့်မင်း ကိုယ်ချင်း အုပ် ချုပ်နေသည့် အာဏာရှင်များပင် စစ်ပွဲ ကို ဦးတည်နိုင်သည့် အမျိုးသားရေး ဝါဒ၏ စိတ်အားထက်သန် ပြင်းပြလာမှု ကို မလွန်ဆန်နိုင်ခဲ့ကြသည်ကို လည်း တွေ့ရမည် ဖြစ်သည်။
စစ်ပွဲများသည် အတိတ်ကာလ ၏ ဆိုးမွေများသာ ဖြစ်ပြီး ယခု အခါ ထိုသို့ မဖြစ်နိုင်ဟု ယုံကြည် နိုင်စရာ အကြောင်း မဆိုသလောက်သာ ရှိပေသည်။
အမေရိကန် နှင့် တရုတ် အကြား တိုင်ဝမ် နှင့် ပတ်သက်၍၎င်း၊ ရုရှား တို့ ဥရောပ ကို ကျုးကျော်လာ၍ နေတိုး နှင့် စစ်ပွဲ ဖြစ်လာလျင်သော်၎င်း၊ အမေရိကန် နှင့် မြောက်ကိုရီယား၊ အီရန် တို့နှင့် စစ်ပွဲ ဖြစ်လာခဲ့လျင်သော်၎င်း၊ အိန္ဒိယ နှင့် ပါကစ္စတန် အကြား၊ ဆော်ဒီ အာရေးဗီယား နှင့် အီရန် အကြား စစ်ပွဲ များ သည် ဖြစ်လာနိုင်ရန် အလားအလာ အများကြီး ရှိနေသည်။
လူတို့၏ သဘောသဘာဝ သည် ပြောင်းလဲသွားသည် ဟူ၍ မရှိ၊ အုပ်ချုပ်သူ များ နှင့် လက်အောက်ခံ ပြည်သူများ ၏ စစ်ပွဲ ဆင်နွှဲရန်စေ့ဆော်လာနေမှု များလည်း ပျောက်ပျက်သွားသည်ဟူ၍ မရှိပေ။