လူသား ကွန်ယက်(27)

by Hla Soewai - May 30 2025

တကယ်တမ်းတွင် ကြီးမား ကျယ်ပြန့်စွာ စုစည်းထားသော လူ့ အနွယ်ဝင်များ အကြား ဆက်ဆံနေမှု အားလုံးသည် ပုံဝတ္ထု ဇာတ်ကြောင်းများ ကြောင့်သာ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော ၎င်းတို့ အားလုံး ၏ စရိုက် လက္ခဏာ သွင်ပြင် အားလုံးကို ပုံဝတ္ထု များကပင် ပြဋ္ဌာန်းပေးခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

 

ဤနေရာတွင် မည်သူသည် ဗြိတိသျှ လူမျိုး များ ဖြစ်ရမည်၊ မည်သူသည် အမေရိကန်၊ နော်ဝေး၊ အီရတ် ဖြစ်ရမည်ဟု ဓမ္မဓိဌာန်ကျကျ ဖွင့်ဆို ပြဋ္ဌာန်းထားသည် ဟူ၍ မရှိ၊ အားလုံး၏ ကိုယ်ပိုင်လက္ခဏာများအားလုံးကို နိုင်ငံတော်နှင့် ဘာသာရေးဆိုင်ရာ ဒဏ္ဍာရီများက ပုံဖော်ထားပြီး ယင်းတို့သည်လည်း အမြဲတစေ စိန်ခေါ်မှု ပြင်ဆင်မှု များ နှင့် ရင်ဆိုင်နေရသည်။

 

မက်စ်ဝါဒီများ ဖက်ကမူ ကြီးမား ကျယ်ပြန့်စွာ စုစည်းထားသော လူ့ အနွယ်ဝင်များတွင် ပုံဝတ္ထု များ နှင့် မသက်ဆိုင်ဘဲ ဓမ္မဓိဌာန်ကျကျ ပြဋ္ဌာန်းထားသော သွင်ပြင် လက္ခဏာ များ နှင့် အကျိုးစီးပွား များ ရှိထားပြီး ဖြစ်သည်ဟု ပြောကောင်း ပြောလာနိုင်ပေသည်။

 

ထိုသို့ ဆိုက မနုသာ အနွယ်ဝင်များတွင် လူမျိုးစု များ၊ နိုင်ငံများ၊ ဘာသာတရားများ ရှိနေပြီး ချင်ပန်ဇီ များတွင် အဘယ်ကြောင့် မရှိရသနည်း ဆိုသည်ကို အဘယ်သို့များ ရှင်းပြ ကြပေမည်နည်း။ ချင်ပန်ဇီ များသည် လူသားများနှင့် ဓမ္မဓိဋ္ဌာန်ကျကျ ပြဋ္ဌာန်းထားသည် ရုပ်ပိုင်းဆိုင်ရာ အကျိုးစီးပွားတူ များ ဖြစ်သည်၊ ၎င်းတို့လည်း စားဖို့ သောက်ဖို့ လိုသည်၊ ရောဂါဘယများမှ ကာကွယ်ဖို့ လိုအပ်သည် မဟုတ်ပါလား။ ၎င်းတို့သည်လည်း ကာမ ဆက်ဆံမှု၊ အချင်းချင်း ဆက်သွယ်ကြသည့် လူမှုရေး သတ္တဝါများလည်း ဖြစ်သည်။ 

 

သို့သော် ချင်ပန်ဇီ များက အုပ်စုလိုက် အစုအဝေး ကြီး များ ဖွဲ့ကာ နေထိုင် နိုင်ကြခြင်း မရှိပေ။ ထိုသို့ ဖြစ်ရခြင်း မှာလည်း ၎င်းတို့သည် လူသားများကဲ့သို့ ပုံဝတ္ထုများ ဖန်တီး နိုင်စွမ်း မရှိကြသောကြောင့် ပင် ဖြစ်သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် မက်စ်ဝါဒီ တို့ တွေးခေါ်ခဲ့သလို မဟုတ်ဘဲ သမိုင်းတွင် ပေါ်ပေါက်ခဲ့သော ကြီးမားသော လူ့အဖွဲ့အစည်းများ၏ ကိုယ်ပိုင်လက္ခဏာများ (ဥပမာ - နိုင်ငံ၊ လူမျိုး) နှင့် ၎င်းတို့၏ ရည်မှန်းချက်များသည် လူအများစု၏ အမြင်များ၊ ယုံကြည်မှုများ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များ ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး၊ ယင်းသည် မည်သူမဆို လုံးဝလက်ခံနိုင်သော၊ ပြောင်းလဲခြင်းမရှိသော အမှန်တရား ဓမ္မဓိဋ္ဌာန်များများ မဟုတ် ဆိုသည်ကို တွေ့ရမည်သာ ဖြစ်သည်။

 

ဤသည်က သတင်းကောင်းပင် ဖြစ်သည်။ သမိုင်းသည် ရုပ်ပိုင်းဆိုင်ရာ အကျိုးစီးပွားနှင့် အာဏာလွန်ဆွဲပွဲများ ဖြင့် သာ ပုံဖေါ်ထားခဲ့မည် ဆိုလျင် 

ကျနုပ်တို့ နှင့် သဘောကွဲလွဲသူများကို ပြောနေ၍လည်း အကျိုးထူးမည် မဟုတ်ပေ။

 

မည်သည့် ပဋိပက္ခမဆို ပုဂ္ဂလဓိဋ္ဌာန်ကင်းသော အာဏာဆက်ဆံရေး၏ အဆုံးတွင် ထွက်ပေါ်လာသော ရလဒ်ဖြစ်ပြီး ယင်းတို့ကို စကားပြောရုံသက်သက်ဖြင့် ပြောင်းလဲ၍မရနိုင်ပေ။ (ဤနေရာတွင် မူရင်းစာရေးသူ ၏ အာဘော်ကို အနည်းငယ် ချဲ့ထွင် ရှင်းပြမှသာ သဘောပေါက်လွယ်မည် ဖြစ်သည်။ )

 

Objective power relations (ပုဂ္ဂလဓိဋ္ဌာန်ကင်းသော အာဏာဆက်ဆံရေး) ဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ထင်မြင်ယူဆချက်များ၊ ခံစားချက်များ သို့မဟုတ် ယုံကြည်ချက်များအပေါ် မူတည်မနေဘဲ တကယ်တမ်းတည်ရှိနေသော၊ တိုင်းတာနိုင်သော သို့မဟုတ် သက်သေပြနိုင်သော အာဏာကွာခြားမှုများကို ဆိုလိုပါသည်။ ဥပမာအားဖြင့်၊ နိုင်ငံတစ်နိုင်ငံ၏ စစ်ရေးအင်အား၊ စီးပွားရေးစွမ်းအား၊ သဘာဝအရင်းအမြစ် ပိုင်ဆိုင်မှု၊ သို့မဟုတ် ပထဝီဝင်အနေအထားကဲ့သို့သော အချက်အလက်များပေါ်တွင် အခြေခံသည့် အာဏာကွာခြားမှုများ ဖြစ်ပါသည်။

 

ယင်း အပေါ် အခွင့်ထူး ခံ အကျိုးအမြတ် ရှိနေသော လူတန်းစားသည် ၎င်းတို့ ရနေသော အခွင့်ထူးများကို ရသင့် ရထိုက်မှု အဖြစ် ယုံကြည်နေပါက ထိုသို့ ယုံကြည်နေသည်များကို စွန့်လွှတ်ရန် အကြမ်းဖက် နည်းလမ်းမှ လွဲ၍ အခြား မည်သို့သော နည်းလမ်းများ နှင့် ပြောဆိုဖျောင်းဖျ ၍ ကော ရနိုင်ပေဦးမည်နည်း။

 

ကံကောင်း ထောက်မသည်က သမိုင်းသည် ပုံဝတ္ထု မှ ဆင်းသက်လာ‌ သော လူအများစု၏ အမြင်များ၊ ယုံကြည်မှုများ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များ နှင့် ပုံဖေါ်ထားခြင်း ဖြစ်၍ တခါတရံ တွင် လူအချင်းချင်း ပြောဆိုဆက်သွယ်ခြင်း၊ ၎င်းတို့ ယုံကြည်ရာ ဝတ္ထုဇာတ်ကြောင်းများကို ပြောင်းပစ်ခြင်း၊ အားလုံး လက်ခံနိုင်မည့် အကြောင်းအရာ အသစ် တရပ်ကို

ထုတ်ဖေါ်လာခြင်းမျိုး ဖြင့် ပဋိပက္ခ ကို ရှောင်လွှဲနိုင်ပြီး ငြိမ်းချမ်းရေး ရလာခဲ့သည်များ ရှိသည်။

 

ဥပမာ အဖြစ် နာဇီဝါဒ တွင်ကျယ်လာခြင်းကို ပြဆိုနိုင်သည်။ ဤနေရာတွင် ရုပ်ပိုင်းဆိုင်ရာ အကျိုးစီးပွားကို ကြည့်၍ သန်းပေါင်းများစွာသော ဂျာမန်များ ဟစ်တလာကို ထောက်ခံလာကြသည်ကို တွေ့ရမည် ဖြစ်သည်။ အကယ်၍ ၁၉၃၀ ကျော် နှစ်များ အတွင်း စီးပွားရေး အကျပ်အတည်းကြီး မဖြစ်ခဲ့ဟု ဆိုက နာဇီ တို့ မည်သည့် နည်းနှင့်မှ အာဏာရလာစရာ အကြောင်းမရှိပေ။

 

သို့သော် တတိယ မြောက် ရိုက်ခ်ျ နိုင်ငံတော်သည် ဖုန်းကွယ်နေသော ရုပ်ပိုင်းဆိုင်ရာ အကျိုးစီးပွားနှင့် အာဏာလွန်ဆွဲပွဲများကြောင့် မလွဲမရှောင်သာ ထွက်ပေါ်လာရသည်ဟု ယူဆက မှားယွင်းသွားပေလိမ့်မည်။

 

ဟစ်တလာသည် ၁၉၃၃ ရွေးကောက်ပွဲတွင် အနိုင်ရလာခဲ့သည်။ ဤသည်ကား စီးပွားရေး အကျပ်အတည်း ကြီး နှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေရသော သန်းပေါင်းများစွာသော ဂျာမန် တို့သည် နာဇီတို့ ပြောသည်များကို အခြားလူများ ပြောသည့် အကြောင်းအရာများထက် ပို၍ လက်ခံ ယုံကြည်လာကြသော ကြောင့်ပင် ဖြစ်သည်။

 

ဂျာမန် တို့ မလွှဲသာ မရှောင်သာ ၎င်းတို့၏ ရုပ်ပိုင်း ဆိုင်ရာ အကျိုးစီးပွား နောက် ကောက်ကောက် ပါအောင် လိုက်ခဲ့ကြခြင်းကြောင့်လည်း မဟုတ်၊ ၎င်းတို့ ခံစားနေကြသော အခွင့်ထူးများကို ကာကွယ်လိုကြသောကြောင့်လည်း မဟုတ်၊ ကြေကွဲဖွယ်ရာ အမှားတခု ကျုးလွန်ခဲ့ကြခြင်းသာ ဖြစ်သည်ဟု ကျွနုပ်တို့ သေချာပေါက် ပြောနိုင်ပေသည်။ ဂျာမန် တို့ နာဇီ များထက် ပိုမိုကောင်းမွန်သည့် ဇာတ်ကြောင်းကို ရွေးချယ်နိုင်ခွင့် ရှိနေသောကြောင့် ဖြစ်သည်ကို နောက်ပိုင်းတွင် တွေ့လာရသည်များက သက်သေခံနေပေသည်။

 

နာဇီတို့ အုပ်ချုပ်ခဲ့သည့် ဆယ့်နှစ်နှစ်တာ ကာလအတွင်း ဂျာမန်တို့၏ ရုပ်ပိုင်းဆိုင်ရာ အကျိုးစီးပွားများ တိုးတက်လာခဲ့ခြင်း မရှိပေ။ ဂျာမဏီ ပျက်စီးရာ ပျက်စီးကြောင်း နှင့် သန်းပေါင်းများစွာ သော ဂျာမန် တို့ အသက်ဆုံးကြရသည့် အဖြစ်သာ ရောက်သွားခဲ့ရသည်။

 

နောက်ပိုင်း ဂျာမဏီတွင် လစ်ဘရယ် ဒီမိုကရေစီ စနစ် ကျင့်သုံးလာသည့် အခါ ၎င်းတို့၏ ဘဝ များ အတွက် ရေရှည် တည်တံ့သည် အကျိုး ဖြစ်ထွန်းမှု များ ထွက်ပေါ်လာခဲ့သည်။

 

သို့ဆိုက ၁၉၃၀ ကျော် နှစ်များ တွင် ဂျာမန် လူထု သည် မအောင်မြင်မည့် နာဇီတို့၏ စမ်းသပ်မှု ကို ဘေးချိတ်ကာ လစ်ဘရယ် ဒီမိုကရေစီ အပေါ် ယုံကြည်မှု မထားနိုင်ဘူးလော။ ကျွနုပ် သဘောအရ ဆိုလျင် ထားနိုင်သည်ဟု ပြောနိုင်ပေသည်။

 

သို့သော် သမိုင်းကို လွှမ်းမိုးသည့် အကြောင်းရင်းများထဲတွင် မကြာခဏ ဆိုသလို စစ်အင်အား သို့မဟုတ် စီးပွားရေးအင်အားကဲ့သို့သော လက်တွေ့ကျသည့် အာဏာကွာခြားချက်များထက် လူတို့၏ အတွေးအခေါ်များ၊ ဇာတ်ကြောင်းများ အထူးသဖြင့် မှားယွင်းသော၊ အန္တရာယ်ရှိသည့် ဇာတ်လမ်းများကို ယုံကြည်ခြင်းမှ ဖြစ်ပေါ်လာသည့် ဝမ်းနည်းဖွယ်အမှားများ က ပုံဖော်ခဲ့ကြခြင်း ဖြစ်သည်။