ကမ္ဘာနိုင်ငံရေး ဇာတ်ခုံပေါ်က ဂရိုမီကို၏ နေ့ရက်များ(4)

by Hla Soewai - Jun 27 2020

ကျွနုပ်လို အသက် ခုနှစ် နှစ်၊ ရှစ်နှစ်အရွယ် များကတော့ အိမ်ထောင်ဖက် ဖြစ်သူ မည်သူမည်ဝါ ဖြစ်မည်ကို ဂရုစိုက် ဦးမည့် အရွယ် မဟုတ်သေးသော်လည်း ကျွနုပ် နှင့် အကိုဝမ်းကွဲတော်သူ အာတမ်ကာ တို့ စမ်းကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ အာတမ်ကာသည် ကျွနုပ်ထက် အသက်တနှစ်ခန့်သာ ကြီးပေသည်။ ကျွနုပ်တို့ အတွက် စမ်းသပ်ရန် နေရာကို တကူးတက ရွေးချယ်ရန် မလိုပေ။  တောထဲတွင်အဖိုးဖြစ်သူ၏ ရေချိုးအိမ်တခု ရှိနေပြီး  ရှေးခေတ်က ဆောက်လုပ်ထားခြင်း ဖြစ်၍ အိုမင်း ဆွေးမြေ့နေပြီလည်း ဖြစ်သည်။

 

 

ကျွနုပ်အဖို့ကား သူရဲကောင်း အဖြစ် သတ်မှတ်ခံရမည့် အရေးကို လက်လွှတ်ခံ၍မဖြစ်။ သို့သော် ကျွနုပ် အိမ်ထောင်ဖက် ဇနီးလောင်း ပုံ ကို မတွေ့ရပဲ မကောင်းဆိုးဝါး တစ္ဆေသူရဲများ တွေ့ရမည့် အရေး ကလည်း ရှိနေပြန်သည်။ ထို့အတွက် အခြေအနေ မဟန်လျှင် ကျွနုပ်အား အမြန်လာကယ်ရန် အာတမ်ကာ အား အနီးအနားတွင် စောင့်ခိုင်းထားသည်။

 

 

အာတမ်ကာ သည် သံတုတ်ကြီး ကိုင်ကာ မလှမ်းမကမ်းက ချုံပုတ်ထဲတွင် စောင့်ကျန်ရစ်ခဲ့သည်။ ကျွနုပ်ကား ရေချိုးအိမ်အနီးသို့ ကပ်ပြီး နေရာယူထားလိုက်သည်။ မီးတုတ်ကို ထွန်းညှိလိုက်ပြီး အတော်ကြာအောင် ထိုင်စောင့်နေလိုက်သည်။ ပတ်ဝန်းကျင်တခုလုံး အသံဗလံဟူ၍ ဘာမျှ မကြားရ ပဲ လုံးဝ တိတ်ဆိတ်နေပြန်သည်။ ရွာထဲမှ ခွေးဟောင်သံပင် မကြားရ ပေ။ ကျွနုပ် စိတ်ထဲတွင်တော့ မိမိအား မကောင်းဆိုးဝါး ရာထောင်မက အိမ်ထဲမှ ချောင်းကြည့်နေပြီဟု အထင်ရောက်လာကာ ဇောချွေးများ ပြန်လာနေပြီ ဖြစ်သည်။ သို့သော် အခုနေ ထပြေးလျှင် အာတမ်ကာ ၏ လှောင်ပြောင်ခြင်းကို ခံရပေတော့မည်ဟူသော အတွေးဖြင့် ပေပြီး ထိုင်နေမိသည်။

 

 

တအောင့်လောက် အကြာတွင် မီးတုတ်မှ မီးက ငြိမ်းသွားခဲ့သည်။ ဤသည်ကို မြင်လိုက်သော အာတမ်ကာ က မိမိတို့ ရောက်နေသည်မှာ အတော်ကြာသွားပြီ ဖြစ်သည်ဟု ဆုံးဖြတ်လိုက်ပုံရသည်။ ကျွနုပ်အား အမှောင်ထဲမှ တုံတုံရီရီ ဖြင့် “အင်ဒရေ မင်း မသေ သေးပါဖူးနော်” ဟု လှမ်းမေးလိုက်သည်။

 

 

ကျွနုပ်က ဘာမှ ပြန်ဖြေမနေတော့ပဲ မှန်ကို ဆွဲယူကာ နှစ်ယောက်သား တချိုးတည်း ထွက်ပြေးလာခဲ့ကြသည်။ အသက်ရှင်လျှက်သား ရှိနေသေး၍လည်း စိတ်သက်သာရာ ရသွားမိသည်။

 

 

ကျွနုပ်တို့ ရွာတွင် အားလုံးနီးပါးက သဘာဝလွန် ဖြစ်ရပ်များကို ယုံကြည်ကြသူများ ဖြစ်သည်။ ကျေးရွာသားများ သည် ၎င်းတို့အပေါ် မျက်နှာသာ မပေးသော ကြမ်းတမ်းခက်ထန်လှသည့် မြေကြီးမှ စားဖို့ သောက်ဖို့ ရရန် နဖူးကချွေး ခြေထိကျအောင် တနေကုန် ကုန်းရုန်း ထုတ်နှုတ်ယူ ကြရသဖြင့် အခါအားလျှော်စွာ ထိုသို့သော အထူးအဆန်းများ ပြောကာ အပန်းဖြေကြသည်မှာလည်း အံ့ဩစရာ မရှိပေ။

 

 

ကျွနုပ်အဖို့ကား လယ်ကွင်းထဲ သို့မဟုတ် အဖေနှင့် တောထဲထင်းခွေ လိုက်သွားစဉ်  ခဏတဖြုတ် အနားရခိုက်တွင် ကျောင်းမှပေးသော အိမ်စာလည်း လုပ်ရန် မရှိလျှင် မြက်ခင်းပေါ် ပြစ်လှဲပြီး အသင့်ပါလာသော စာအုပ် တအုပ်ကို ထုတ်ဖတ်ကာ အတွေးနယ်ချဲ့ နေရင်း အချိန်ကုန်စေခဲ့သည်။ ထိုအချိန်မျိုးတွင် ကျွနုပ် ခေါင်းထဲတွင် မေးခွန်းများက အစီအရီ ထွက်ပေါ်လာသည်။ “ကြယ်ဆိုတာ ဘာလဲ၊ ဘာလို့ ညကျမှ မှိတ်တုတ် မှိတ်တုတ် ဖြစ်နေကြတာလဲ၊ ဘုရားသခင်က ကောင်းကင်မှာ နေတယ်လို့ လူတွေက ဘာလို့ ယုံကြတာလဲ၊ ဘုရားသခင်ကို မြင်ဖူးတဲ့လူ ရှိလား” အစရှိသည်တို့ ဖြစ်သည်။

 

 

ကျွန်တော် သိသလောက်တော့ ဘုရားသခင်အား မြင်ဖူး တွေ့ဖူးသူဟူ၍ မရှိပေ။

 

 

ထို့အတွက် တနေ့တွင် အဖွား မာဖာ အား ထို မေးခွန်းကို မေးမိခဲ့သည်။

 

 

“ဘယ်သူမှ ဘုရားသခင်ကို မမြင်နိုင်ကြဖူး" ဟု အဖွားက ပြန်ဖြေသည်။

 

 

“အဲ့လို ဘယ်သူမှ မမြင်နိုင်ဘူး ဆိုရင် လူတွေက ဘာလို့ သူ့အကြောင်း ပြောနိုင်နေကြတာလဲ”

 

 

ဒီတခါတော့ အဖွားလေသံက မာလာသည်။ “မင်း ကြီးလာတဲ့ အထိ စောင့်၊ အဲ့ကျရင် အားလုံး သိလာလိမ့်မယ်”

 

 

ဤသို့ဖြင့် ကျွနုပ်၏ ဘုရားသခင် နှင့် ပတ်သက်သော မေးခွန်းလည်း အဆုံးသတ် သွားခဲ့ရပေတော့သည်။

 

 

အခြား လူကြီးများကိုမေးလျှင်လည်း ထိုသို့ ဖြေကြသည်က များသည်။ အချို့က ဘုရားသခင်သည် လူသားများ သူ့အား သိစရာ မလိုအောင် အရာရာတိုင်းကို စနစ်တကျ ဖန်ဆင်းပေးထားခဲ့ပြီး ဖြစ်သည်ဟု ပြောခဲ့ကြသည်။ လွတ်လပ်စွာ တွေးခေါ် ယုံကြည်တတ်သူအဖြစ် သိထားကြသည့် ကျွနုပ်၏ အိမ်နီးချင်း တဦးဖြစ်သူ မီခေးလ် ရှဲလူတော့ မှ ဘုရားသခင် ရှိသလား ဆိုသော မေးခွန်းအား လူအများ ဆွေးနွေးငြင်းခုံနေကြဆဲ ဖြစ်ပြီး သိပ္ပံပညာရှင် များက ရှိသည်ကို ယုံကြည်ကြခြင်း မရှိဟု ပြောလာခဲ့သည်။

 

 

တော်လှန်ရေး ကြီး အပြီးတွင် ကျွနုပ်သည် အသက်အားဖြင့် ကိုးနှစ်ခန့် ရှိလာပြီ ဖြစ်ပြီး ဘာသာတရားအပေါ် အယုံအကြည် မရှိသည့် လက်ကမ်းစာရွက်များကို စတင်ဖတ်ရှုခွင့် ရလာခဲ့ပြီ ဖြစ်သည်။ ထိုစာမျိုးကို ကျွနုပ်တို့ ရွာ တွင် လွယ်လင့်တကူ ရှာ၍ မရနိုင်။ ခရိုင်မြိုု့ရှိ စာကြည့်တိုက်တွင်သာ ရှိပေသည်။ သို့သော်လည်း ကျွနုပ် နှင့် သူငယ်ချင်းများသည် ဘုရားမဲ့ ဝါဒ နှင့် ပတ်သက်သော သဘောတရားများကို လူအများ နားလည် လွယ်အောင် ရေးသား ထုတ်ဝေခဲ့သည်များကို လက်လှမ်းမှီသလောက် ရှာဖွေ ဖတ်ရှုနိုင်ခဲ့ကြသည်။

 

 

ကျွနုပ်၏ မိသားစုသည် ရွာရှိ အခြားလူများကဲ့သို့ ဘာသာတရားအပေါ် သက်ဝင်ယုံကြည်နေသူများ ဖြစ်သော်လည်း မျိုးဆက်တခု နှင့် တခု ကွာဟလာသည်နှင့် အမျှ ထိုပြဿနာ အပေါ် သဘောကွဲလွဲလာကြသည်။ ကျွနုပ်၏ အဖိုးအဖွားများသည် ဘာသာတရားအပေါ် ဆက်ပြီး ယုံကြည်သက်ဝင်နေကြဆဲ ဖြစ်သော်လည်း သူတို့၏ သားသမီး အများစုကမူ ထမင်းဝိုင်းတွင်သာ လက်ဝါးကပ်တိုင် သင်္ကေတလောက်သာ လုပ်ခဲ့ကြသော်လည်း ဆုတောင်းဝတ်ပြုခြင်းမျိုးကို မလုပ်ကြတော့သည်မှာ ကြာပြီ ဖြစ်သည်။ တဖြေးဖြေး နှင့် ထိုသို့သင်္ကေတ အမှတ်အသား ကိုပင် လုပ်ရန် သတိမရကြတော့ပေ။

 

 

ကျွနုပ်တို့ လက်ထက်တွင်မူ လက်ဝါးကပ်တိုင် သင်္ကေတ အမှတ်အသား လုပ်ခြင်းကို အီစတာ လို နေ့မျိုး၌ ဘုရားကျောင်း တက်သည့် အချိန်မှလွဲ၍ ကျန်အချိန်များတွင် လုပ်သည်ကို မတွေ့ခဲ့ရဘူးပေ။ ဘုရားကျောင်း သွားရခြင်းမှာလည်း ထိုသို့သော နေ့မျိုးတွင် ဝိုင်အရက်ချိုချို ကို မြည်းစမ်းခွင့် ရခဲ့သောကြောင့်လည်း ဖြစ်သည်။ မြည်းစမ်းနိုင်သည် ဟု ပြောရသော်လည်း ဆရာတော် ဗယ်ဆီလီ ဗိုတော့စကီးသည် လောဘကြီးသူပီပီ ကျွနုပ်တို့အား လ္ဘက်ရည်တစွန်း စာ မျှသာ ထည့်ပေးတတ်သည်။ လ္ဘက်ရည် တစွန်းစာဟု သာ ပြောရသည်၊ မည်သည့် အခါမှ တစွန်းစာ အပြည့် မရခဲ့ဘူးပေ။