နိုင်ငံတကာ ရေးရာ မိတ်ဆက်(115)

by Hla Soewai - May 30 2025

နောက်ထပ် ထူးခြားသော ပုံစံတမျိုး နှင့် ဖြစ်လာသည်က "ကြိုတင် ကာကွယ်သည့်" စစ်ပွဲမျိုးပင် ဖြစ်သည်။ စစ်ပွဲ ဖြစ်ပေါ်လာရန် တာစူလာနေသည့် ခြိမ်းခြောက်မှုကို ဟန့်တားရန် ဖြစ်သည်။

 

ခြိမ်းခြောက်မှု ဆိုရာဝယ် နိုင်ငံ တနိုင်ငံ ခေါင်းထောင်လာမှုအား ပြိုင်ဖက် အဖြစ် သတ်မှတ်လာခြင်း၊ အထူးသဖြင့် အဆိုပါ ပြိုင်ဖက်မှ စစ်ရေး နည်းပညာ အသစ် အဆန်းများ ထုတ်လုပ်ခြင်း၊ ရယူလာခြင်း မျိုး ဖြစ်သည်။ ထို့အတွက် ၎င်းတို့ ခြိမ်းခြောက် ခံလာရမှု ယူဆလာသည်များ အတောင်အလက် မစုံမီ မှာပင် ပိတ်ဆို့ ဟန့်တားနိုင်ရန် တွက်ချက် ဆောင်ရွက်လာခြင်း ဖြစ်သည်။

 

ဆိုဗီယက် ပြည်ထောင်စုသည် ၁၉၆၀ ကျော်နှစ်များ အကုန်ပိုင်းလောက်တွင် တရုတ်ပြည်မှ နျူကလီယား လက်နက်များ ပိုင်ဆိုင်လာမည့် အရေးကို ဟန့်တား နိုင်ရန် စစ်ပွဲ ဆင်နွှဲလာခဲ့သည်။ အစ္စရေးသည်လည်း အလားတူ ပုံစံမျိုး ဖြင့် အီရတ်အား ၁၉၈၁ နှင့် ဆီးရီးယားအား ၂၀၀၇ တွင် နျူကလီယား အဆောက်အအုံများကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်။

 

အမေရိကန် ပြည်ထောင်စုသည်လည်း မြောက်ကိုရီယား အား တိုက်ခိုက်ရန် တကြိမ်မက စဉ်းစားခဲ့ဖူးသည်။ မြောက်ကိုရီယားသည် အမေရိကန် မြေပေါ်ထိ ပစ်လွှတ်နိုင်မည့် နျူကလီယား ထိပ်ဖူး တပ် ဒုံးကျည်များ ထုတ်လုပ်ရန် ကြိုးပမ်းလာခြင်း ကြောင့် ဖြစ်သည်။

 

အစ္စရေး နှင့် အမေရိကန် နှစ်နိုင်ငံစလုံးကလည်း အီရန် ၏ နျူကလီယား အဆောက်အအုံများကို ကြိုတင် ကာကွယ်သည့် အနေဖြင့် တိုက်ခိုက်ရန် စဉ်းစား ထားပြီး ဖြစ်၍ အီရန် သည်သာ နျူကလီယား လက်နက်များ ထုတ်လုပ်နိုင်စွမ်း ရှိလာပြီဟု ယူဆလာပါက တိုက်ခိုက်ကောင်း တိုက်ခိုက်လာနိုင်သည်။

 

ကြိုတင် ကာကွယ်သည့် အနေဖြင့် တိုက်ခိုက်ခြင်း သို့မဟုတ် စစ်ပွဲ ဆင်နွှဲလာခြင်း တို့တွင် အားနည်းချက်များ လည်း ရှိနေသည်။ ယင်းသည် စစ်ပွဲ တရပ် ဖြစ်ပြီး ပြိုင်ဖက် နိုင်ငံ၏ မြင့်တက်လာမှု၊ စစ်ရေး စွမ်းရည် အသစ်တရပ် ရယူ ပိုင်ဆိုင်လာမှု ကို ဆက်၍ ခွင့်ပြုထားပါက လက်ရှိ စနစ်ကို ခြိမ်းခြောက်လာမှုထက် ယခုကတည်းက တိုက်ခိုက်ထားပါက စနစ်ကို ထိခိုက်‌ စေသော်ငြားလည်း ပို၍ သင့်လျှော်သည်ဟူသော မဟာဗျူဟာ မြောက် တွက်ချက်မှု ကို အခြေခံထားသည်။

 

သို့သော်ငြားလည်း ထိုသို့ တွက်ချက်မှု သည် တိကျ သေချာစွာ လုပ်၍ မရ ဖြစ်နေသည်။ အဘယ်ကြောင့် ဆိုသော် တိုက်ခိုက်ခံရမည့် နိုင်ငံသည် မည်သို့ တုန့်ပြန်လာမည်၊ အကယ်၍ မတိုက်ဘဲဆက်၍ ကြီးထွားလာခွင့် ပြုခဲ့လျင် မည်သို့ လုပ်လာမည် ကို အတိအကျ ကြိုတင် မသိရှိ နိုင်၍ ဖြစ်သည်။ ထိုနိုင်ငံ၏ ရည်ရွယ်ချက်များကို အဆိုးဆုံး အဖြစ် ယူဆခဲ့လျင် ထွက်ပေါ်လာမည့် ရလဒ်များကိုလည်း အဆိုးဆုံး ဖြစ်အောင် အလွယ်တကူ ဆောင်ကျဉ်း နိုင်ပြန်သည်။

 

ကြိုတင် လက်ဦးမှု ယူကာ တိုက်ခိုက်ခြင်းထက် အခြား ရွေးချယ်စရာ နည်းလမ်းများလည်း ရှိနေသည်။ စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်ခြင်း၊ ဟန့်တားခြင်း၊ မိမိတို့၏ ကာကွယ်ရေးကို မြှင့်တင်ခြင်း၊ သံတမန် နည်းလမ်းများ အစရှိသည်တို့ကို သုံး၍ ၎င်းနိုင်ငံ၏ စစ်ရေး စွမ်းဆောင်နိုင်မှု အရည်အသွေး နှင့် အရည်အတွက် ကို ထိန်းချုပ် ဟန့်တားထား နိုင်ခြင်း ဖြစ်သည်။

 

ယခုထက် ပို၍ ‌ယေဘုယျ ကျကျ ပြောရမည် ဆိုလျင် အကောင်း ဖြစ်လာဖို့ထက် အဆိုးဖက်က ပိုများနေသည်။ ခြိမ်းခြောက်ခံရသည် ‌ဆိုသည်ကလည်း သက်ဆိုင်သူ ဖက်က အမြင်သာ ဖြစ်သည်။ ကမ္ဘာတွင် တနိုင်ငံ နှင့် တနိုင်ငံ လက်ဦးမှု ယူ တိုက်ခိုက်နေခြင်းများသည် ထုံးစံလို ဖြစ်လာပါက ကမ္ဘာကြီး တွင် အကြမ်းဖက်မှု များ မရပ်မနား ဆက်တိုက် ဖြစ်ပေါ်နေပေမည်။

 

ထို့ကြောင့် ကြိုတင် ဟန့်တား သည့် အနေဖြင့် တိုက်ခိုက်ခြင်းမျိုးသည် နိုင်ငံတကာ ဥပဒေ ကြောင်းအရ တရားမဝင်သည့်အပြင် နိုင်ငံရေး အရ ထောက်ခံမှု လည်း ရလာနိုင်မည် မဟုတ်ပေ။

 

ကြိုတင် လက်ဦးမှု ယူသည့် အနေဖြင့် တိုက်ခိုက်သည့် စစ်ပွဲသည် တမူ ထူးခြားသည်ဟု ဆိုရမည် ဖြစ်သည်။ ကြိုတင် ကာကွယ်သည့် စစ်ပွဲသည် ကြီးထွားလာနေသော အန္တရာယ်ကို ပစ်မှတ်ထားခြင်း ဖြစ်ပြီး ကြိုတင်လက်ဦးမှု ယူကာ တိုက်ခိုက်ခြင်းသည် လတ်တလော ပေါ်ပေါက်လာသည့် ခြိမ်းခြောက်မှုကို ဦးတည် ပစ်မှတ်ထားခြင်းမျိုး ဖြစ်သည်။

 

ဥပမာ ဆိုရကာ ရန်ပွဲ တွင် မိမိကို အထိုးမခံရမီ မိမိက တဖက်လူ ကို စထိုးလိုက်ခြင်း ဖြစ်သည်။ ထိုအတွက် ကြိုတင်လက်ဦးမှု ယူ တိုက်ခိုက်ခြင်းအား တရားဝင်သည်၊ ဥပဒေ အရ အကျုံးဝင်သည်ဟု မှတ်ယူထားကြသည်။ လာလတ္တံ သော အန္တရာယ် ကို တွေးဆကာ မိမိကိုယ် မိမိ ကြိုတင်ကာကွယ်သည့် သဘောပင် ဖြစ်သည်။

 

၁၉၆၇ ဇွန်လ အတွင်း ဖြစ်ပွားခဲ့သော အရှေ့အလယ်ပိုင်း စစ်ပွဲတွင် အစ္စရေး မှ အီဂျစ်အား စတင်တိုက်ခိုက်ခဲ့ခြင်းသည် အချို့က ကြိုတင်လက်ဦးမှု ယူ တိုက်ခိုက်ခြင်းဟု ဆုံးဖြတ်ခဲ့ကြသည်။

 

ကံမကောင်း အကြောင်းမလှ ဖြစ်လာရသည်က ကြိုတင်ကာကွယ်ခြင်း နှင့် ကြိုတင်လက်ဦးမှု ယူ တိုက်ခိုက်ခြင်းဟူသော စကားနှစ်ရပ်သည် မကြာခဏ ဆိုသလို ရှုပ်ထွေး သွားတတ်ခြင်းပင် ဖြစ်သည်။ ရောထွေး၍လည်း သုံးတတ်ကြသည်။

 

တကယ်တမ်းတွင် ဥပဒေရှုထောင့်အရ ရော၊ စနစ် အတွက် ပတ်သက်ဆက်နွယ်လာမှု အရရော လွန်စွာ ကွာခြားပေသည်။ အမေရိကန်သည် ၂၀၀၃ တွင် အီရတ် ကို ဆင်နွှဲခဲ့သော စစ် အား ကြိုတင်လက်ဦးမှု ယူ တိုက်ခိုက်ခြင်းဟု ပြောဆိုသုံးနှုန်းခဲ့သော်လည်း တကယ်တမ်းတွင် ကြိုတင်ကာကွယ်ခြင်းသာ ဖြစ်သည်။ ထိုဖြစ်ရပ်အား အဓိပ္ပါယ် ဖွင့်ဆိုရာတွင် ကွာခြားချက် ရှိနေခြင်းကပင် ကမ္ဘာတဝှမ်း အဘယ်ကြောင့် ထိုစကား နှစ်ရပ် အပေါ် အငြင်းပွား နေသည်ကို သဘောပေါက် နိုင်ပေသည်။

 

 ကြိုတင်လက်ဦးမှု ယူ တိုက်ခိုက်မည့် ဖက်က ပစ်မှတ်သည် ၎င်းတို့ အပေါ် ရန်ပြုလာနိုင်သည့် နည်းလမ်းများ ရှိနေပြီး အသုံးချလုဆဲဆဲ ဆိုသည်ကိုသိသာထင်ရှား အောင် ပြနိုင်ဖို့ လိုသည်။ ထိုသို့ ပြနိုင်ဖို့က အလုပ်ထက် အပြောကသာ လွယ်ကူသည်ဟု ဆိုရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ထို အချက်ကို ထောက်လှန်းရရှိ‌ သော အချက်အလက်များမှ တဆင့်သာ သိနိုင်ပြီး တကယ်တမ်း တိတိကျကျ ပြောနိုင်သည့် အဖြစ်က လွန်စွာ ရှားပါးနေ၍ ဖြစ်သည်။

 

ကြိုတင် လက်ဦးမှု ယူ တိုက်ခိုက်ဖို့ မည်မျှပင် ခိုင်လုံ နေစေကာမူ အန္တရာယ်ကင်းကင်း နှင့် လုပ်၍ ရနိုင်သည် မျိုးတော့ မဟုတ်၊ ကြိုတင်ကာကွယ် မှု မျိုး ကဲ့သို့ပင် တဖက်မှ လက်တုံ့ပြန်လာနိုင် သော ကြောင့် ဖြစ်သည်။ ၎င်းတို့ကို တိုက်ခိုက်လာသည့် နည်းစနစ်များ အတိုင်း ပြန်၍ အသုံးပြုလာနိုင်ပြီး အန္တရယ် အား ဆက်၍ တည်ရှိ နေအောင် စီမံနိုင် စွမ်း ရှိလာနိုင်သည်။