ပုံ ဝတ္ထု ဇာတ်ကြောင်းများ၏ စွမ်းပကားများ
အတုအယောင် အမှတ်ရစရာများ သွတ်သွင်းပေးခြင်း၊ စိတ်ကူး ဖြင့် အကောင်အထည် ဖေါ်ခဲ့သည့် ဆက်ဆံရေးများ သို့မဟုတ် လူများ ၏ တကိုယ်ရေ ခံစားချက် အပေါ် တည်မှီနေသည့် အရှိတရားများ အစရှိသည် တို့ ဖြစ်လာစေကာမူ ပုံ ဝတ္ထု ဇာတ်ကြောင်းများသည် အတိုင်းအတာ ပမာဏ အားဖြင့် ကျယ်ပြန့်လှသည့် လူသား ကွန်ယက်ကြီး ဖြစ်ပေါ်လာစေခဲ့သည် ချည်းသာ ဖြစ်သည်။
တဖန် ထိုကွန်ယက် ကြီး များသည် ကမ္ဘာကြီး၏ အင်အား ချိန်ခွင်လျှာကို လုံးလုံးလျားလျား ပြောင်းလဲသွားအောင် ပြုလုပ်နိုင်ခဲ့သည်။ ပုံဝတ္ထု အခြေခံသော ကွန်ယက်ကြီးများကြောင့် မနု ဝင်များသည် သက်ရှိ သတ္တဝါများ အကြားတွင် အင်အား ကြီးမားစွာ ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။ မိမိတို့ထက် အင်အားအရာ တွင် သာလွန် ကြီးမားလှသည့် ခြင်္သေ့များ၊ ဆင်ရိုင်းကြီးများ အပေါ် အသာစီး ရလာသည်သာမက ဘိုးဘေးဘီဘင်များ ဖြစ်သော ဂူအောင်း လူသားများထက်ပင် အစွမ်းထက်လာခဲ့ကြသည်။
ဂူအောင်း လူသားများသည် နီးစပ်ရာ အစုအဖွဲ့ များ နှင့် တသီးတခြား နေထိုင်ကြသူများ ဖြစ်သည်။ ကျွနုပ်တို့ လေ့လာသိရှိရသမျှ ၎င်းတို့ အုပ်စု အချင်းချင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်မှာ လွန်စွာ ရှားပါးလှသည်။ ကျောက်ခေတ်လူသားများသည်လည်း လူပေါင်း ဒါဇင် အနည်းငယ်ခန့် သာ ရှိသည့် အစုအဖွဲ့ များ နှင့် နေတတ်ကြသည်။
သို့သော် ပုံဝတ္ထု ဇာတ်ကြောင်းများ ထွက်ပေါ်လာချိန်တွင်တော့ ကိုယ်အစု နှင့် ကိုယ် တသီးတသန့် နေထိုင်သည့် ဘဝမှ ရုန်းထွက်လာကြသည်။ ဘိုးဘေး ဘီဘင်များ၊ နတ်ကန္တော့ တရိစ္ဆာန် များ၊ နတ်ဘုရားများ ကိုးကွယ်လာကြခြင်း တို့ ရှိလာကြသည်။
ပုံဝတ္ထု များ အချင်းချင်း ဝေငှခြင်းဖြင့် ဖြစ်ပေါ်လာငသည့် လူများ အကြား တူညီသည့် ယုံကြည်ချက်များ၊ စိတ်ကူးစိတ်သန်းများ၊ တန်ဖိုးထားမှုများ အခြေခံ၍ မျိုးနွယ်စု များ ဖွဲ့စည်းလာခဲ့ကြသည်။ မျိုးနွယ်စု ဆိုသည်က ကွန်ယက်များ ဖြစ်ပြီး အဖွဲ့ဝင် ရာပေါင်းများစွာ၊ သို့မဟုတ် ထောင်ပေါင်းများစွာ ဖြစ်လာသည်။
မျိုးနွယ်စု ဝင် အင်အား ကြီးမားလာပါက ပဋိပက္ခ များ ဖြစ်ပေါ်လာချိန်တွင် တပန်းသာလာခဲ့သည်။ လူ ငါးရာခန့် အင်အားရှိသော မျိုးနွယ်စု တခုသည် လူ ငါးဆယ်သာ ရှိသော အုပ်စုကို လွယ်လင့်တကူပင် အနိုင် ရရှိ နိုင်သည်။ ထိုမျှမကသေး အခြား အကျိုးဖြစ်ထွန်းစရာများလည်း ရှိနေသေးသည်။
ကျွနုပ်တို့သည် လူ ငါးဆယ် လောက်နှင့် အုပ်စုဖွဲ့နေသည် ဆိုပါစို့၊ အကယ်၍ မိမိတို့ နေထိုင်ရာ အရပ်တွင် မိုးခေါင်ရေရှားမှု ဒဏ် ကို ပြင်းပြင်းထန်ထန် ခံလာရသည် ဆိုက ကျွနုပ်တို့ အားလုံး ငတ်၍ သေကြဖို့သာ ရှိပေသည်။ အခြားတနေရာရာကို ရွှေ့ပြောင်းမည် ဆိုပါကလည်း ထိုနေရာရှိ ရန်လိုသော အင်အားစု များ နှင့် ရင်ဆိုင်ရပေဦးမည်။ ထိုသို့ ရှိမနေသော နေရာကို ရှာမည် ဆိုကလည်း ကိုယ်နှင့် ရင်းနှီး ကျွမ်းဝင်သော ဒေသ မဟုတ်၍ အစာရေစာ၊ ကိရိယာ တန်ဆာပလာများ လုပ်၍ ရနိုင်မည့် မီးခတ် ကျောက်များ ရှာဖို့ အခက်အခဲများ ရှိလာနိုင်သည်။
သို့သော် အင်အားကြီးမားသော မျိုးနွယ်စုဝင် အုပ်စု တစု ဖြစ်နေမည် ဆိုက ထိုကဲ့သို့ လိုအပ်လာချိန်တွင် မိတ်ဆွေများ ရှိရာ သို့ သွားရောက် ပူးပေါင်း နေထိုင်ခွင့် ရှိလာမည် ဖြစ်သည်။ ကျွနုပ်တို့ အကြား တူညီသော သဘောသဘာဝ လက္ခဏာများ ရှိထားသည် ဆိုက လိုလိုလားလား ကြိုဆို ကြမည်သာ မက ၎င်းတို့ ဒေသရှိ ကြုံတွေ့နိုင်သော အန္တရာယ်များ၊ အခွင့်အလန်းများကို သင်ကြားပြသ ကြပေလိမ့်မည်။
နောက်ပိုင်း ဆယ်စုနှစ် တစု၊ နှစ်စု အကြာတွင် ၎င်းတို့လည်း ထိုသို့ အခက်အခဲများ ရှိလာပါက မိမိတို့ကလည်း အလားတူ ကူညီကြမည်သာ ဖြစ်သည်။ ထို့အတွက် လူမျိုးစု ကွန်ယက် ရှိထားခြင်းသည် အာမခံ ပေါ်လစီ ရှိနေခြင်း နှင့် အတူတူ ပင် ဖြစ်သည်။ လူအများ အပြား အကြား ပို၍ ပျံ့နှံ့လာလေ အန္တရာယ် နည်းလာလေ ပင် ဖြစ်သည်။
ငြိမ်သက်အေးချမ်းသော ကာလများ တွင်ပင် မနု ဝင်များသည် သတင်းအချက်အလက်များကို ဒါဇင် အနည်းငယ်မျှသာ ရှိသော မျိုးနွယ်စု ဝင်များ နှင့် သာမက လူမျိုးစု ကွန်ယက်ကြီး တခုလုံးနှင့်ပါ ဖလှယ် နိုင်ခဲ့ကြ၍ အကျိုးကျေးဇူး များစွာ ရရှိလာခဲ့သည်။
မျိုးနွယ်စု တခုထဲမှ အစုတစု သည် လှံဖျားကို ပို၍ ကောင်းမွန်အောင် လုပ်နိုင်သည့် နည်းလမ်းကို ရှာဖွေ တွေ့ရှိခဲ့လျင်သော်၎င်း၊ ရှားပါးသော သစ်ဥ များ နှင့် ဒဏ်ရာကို ကုစားနိုင်သည်ကို သိရှိခဲ့လျင်သော်၎င်း၊ အဝတ်အထည်များကို ချုပ်လုပ်နိုင်သည့် အပ် ကို တီထွင် နိုင်ခဲ့လျင်သော်၎င်း ၎င်းတို့ သိရှိလာသည်များကို အခြားအစု တစု သို့ အလျင်အမြန်ပင် ဖြန့်ဝေ ပေးကြတော့မည် ဖြစ်သည်။
ကျောက်ခေတ် လူသား တဦးသည် ဂူအောင်းလူသား တဦးထက် အသိဉာဏ် ပညာ တွင် သာချင်မှ သာမည် ဖြစ်သော်လည်း ကျောက်ခေတ် လူသား ၅၀၀ ကမူ ဂူအောင်းလူသား ငါးဆယ်ထက်တော့ သေချာ ပေါက် သာမည်သာ ဖြစ်သည်။
ထိုသို့ ဖြစ်လာသည်မှာလည်း ပုံဝတ္ထု ဇာတ်ကြောင်းများ ထွက်ပေါ်လာခြင်းကြောင့်သာ ဖြစ်သည်။ သမိုင်းအား ရုပ်ဝါဒရှုထောင့်မှ အဓိပ္ပာယ်ဖွင့်ဆိုသည့် အခါတွင်မူ ပုံပြင်များ၏ စွမ်းအားကို မကြာခဏ လျစ်လျူရှုခဲ့ကြသည်၊ သို့မဟုတ်ကလည်း လက်မခံဘဲ ငြင်းပယ်တတ်ကြသည်။ အထူးသဖြင့် မက်စ်ဝါဒ သမားများက ဇာတ်လမ်းတွေ၊ ယဉ်ကျေးမှုဆိုင်ရာ ဖန်တီးမှုများသည် အပေါ်ယံသာဖြစ်ပြီး၊ တကယ့်နောက်ကွယ်ရှိ လူမှုအလွှာအသီးသီး၏ အာဏာခွဲဝေမှု နှင့် စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများ ကသာ အဓိကကျသည်ဟု ယုံကြည်ကြသည်။
မက်စ် ဝါဒ သမားများ၏ သီအိုရီ အရ လူများသည် ရုပ်ဝတ္ထု ဆိုင်ရာ အကျိုးစီးပွားများကိုသာ ဓမ္မဓိဋ္ဌာန် ကျကျ တွေးခေါ် ခြင်းဖြင့် ဆွဲဆောင်မှု နောက် လိုက်လေ့ရှိသည် ဟူ၍ ဖြစ်သည်။ ပုံဝတ္ထု ဇတ်လမ်းများက အဆိုပါ အကျိုးစီးပွားများကို ပြိုင်ဖက်များအား ဝေခွဲမရ ဖြစ်သွားစေရန် ဖုံးကွယ် ထားခြင်းသာ ဖြစ်သည်။
ဥပမာ အားဖြင့် ကရူးဆိတ် စစ်ပွဲ၊ ပထမ ကမ္ဘာစစ်၊ အီရတ် စစ်ပွဲများနှင့် အခြားသော ပဋိပက္ခများများသည် ဘာသာရေး၊ အမျိုးသားရေး နှင့် လစ်ဘရယ် အယူအဆများကြောင့် ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ ထိုအစား အင်အားကြီး လက်တဆုပ်စာ လူတန်းစား၏ စီးပွားရေး အကျိုး အမြတ် သက်သက် အတွက် ကြောင့်သာ ဖြစ်သည်။ ဤစစ်ပွဲများကို နားလည်ရန် ဘုရားသခင်၊ မျိုးချစ်စိတ် သို့မဟုတ် ဒီမိုကရေစီ စသည့် ဒဏ္ဍာရီဆန်သော ဖုံးကွယ်မှုအားလုံးကို ဘေးဖယ်ထားပြီး အာဏာဆက်ဆံရေးကို အရှိကို အရှိအတိုင်း ထွင်းဖောက်မြင်ရမည်ဟု ဆိုသည်။
မက်စ် ဝါဒီ တို့၏ အမြင်သည် အရာရာကို သံသယ ပွားနေခြင်း ဖြစ်ယုံမက မှားလည်း မှားယွင်းနေပေသည်။ ကရူးဆိတ် စစ်ပွဲ၊ ပထမ ကမ္ဘာစစ်၊ အီရတ် စစ်ပွဲများနှင့် အခြားသော ပဋိပက္ခ များသည် ရုပ်ဝတ္ထု ပိုင်း ဆိုင်ရာ အကျိုးစီးပွားများ သည် ကဏ္ဍတခု အနေဖြင့် ပါဝင်နေသည်မှာ မှန်သော်လည်း ဘာသာရေး၊ အမျိုးသားရေး နှင့် လစ်ဘရယ် အတွေး အခေါ်များ နှင့် လုံးဝ မပတ်သက်ဟု ပြော၍ မရပေ။ ထို့အပြင် ရုပ်ဝါဒ အကျိုးစီးပွားများ ဆိုသည့် အချက်တခု တည်းဖြင့် ရန်ဖက် အဖွဲ့များ၏ ကိုယ်ပိုင်လက္ခဏာများကို ရှင်းပြ နိုင်စွမ်း မရှိ။
မေးစရာ ရှိလာသည်က တဆယ့်နှစ် ရာစု အတွင်း ပြင်သစ်၊ ဂျာမဏီ နှင့် အီတလီ မှ မြေပိုင်ရှင်များ၊ ကုန်သည်များသည် အဘယ်ကြောင့် အတူတကွ စည်းလုံးလာကြပြီး နယ်မြေများနှင့် မြေထဲပင်လယ် အရှေ့ခြမ်းရှိ ကုန်သွယ် လမ်းကြောင်းများကို သိမ်းပိုက် ခဲ့ကြပေသနည်း။ ထိုအစား ပြင်သစ် နှင့် မြောက်အာဖရိက ရှိ မြေပိုင်ရှင် များ နှင့် ကုန်သည်များ စည်းလုံးပြီး အီတလီကို သိမ်းယူ၍ မရပေဘူးလော။
အလားတူ ၂၀၀၃ ခုနှစ်တွင် အမေရိကန် နှင့် ဗြိတိန် တို့ ပူးပေါင်း၍ အီရတ် ရှိ ရေနံတွင်းများကို သိမ်းယူရန် ကြိုးစား ခဲ့ကြသနည်း၊ နော်ဝေးရှိ ရေနံတွင်းများကို မူ အဘယ်ကြောင့် မသိမ်းယူ ခဲ့ကြသနည်း။
ထိုအကြောင်း နှစ်ရပ်ကို ကြည့်မည်ဆိုက ရုပ်ဝတ္ထု ပိုင်းဆိုင်ရာ အကျိုးစီးပွား သက်သက်ဟု မည်သို့များပြော၍ ရပေမည်နည်း။ လူများ၏ ဘာသာရေးနှင့် ဝါဒရေးရာ ယုံကြည်မှု များ ကို အားကိုးအားထား ပြုခြင်း မဟုတ်ပေဘူးလော။