ကမ္ဘာနိုင်ငံရေး ဇာတ်ခုံပေါ်က ဂရိုမီကို၏ နေ့ရက်များ(3)

by Hla Soewai - Jun 20 2020

ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်က ဂရိုမီကို၏ နေ့ရက်များ (၃)

 

ကျွနုပ်၏ စာဖတ်ဝါသနာ ပါလာခဲ့သည့် အလေ့အထသည် မိခင်ထံမှ အမွေဆက်ခံခဲ့ခြင်း ဖြစ်သည်။ ကျွနုပ်တို့ ရွာရှိ ကလေး လူကြီး အားလုံးလိုလိုက မိခင်ကြီးအား “ပါမောက္ခ အန်တီ အိုလ်ယာ” ဟု ခေါ်ဝေါ်လေ့ရှိသည်။ “ငါ့သား စာတွေ ဖတ်လာရင် ဆရာတွေက သားကို အထင်တကြီး ရှိလာကြလိမ့်မယ်။ စာကြိုးစား၊ တနေ့ကျရင် ငါ့သားဟာ ကမ္ဘာအနှံ့ သွားလာရတဲ့ လူမျိုး ဖြစ်မလာဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး" ဟု ကျွနုပ်အား ပြောခဲ့သည်ကို ပြန်၍ အမှတ်ရမိခဲ့ပါသေးသည်။

 

၁၉၃၃ ခုနှစ် အတွင်း ကျွနုပ်သည် မင့်စ် (Minsk) တွင် ပညာဆည်းပူးနေစဉ် ဖခင်ကြီးသည် တောထဲဝင်၍ ထင်းခွေသွားရာမှ ပြန်မလာခဲ့တော့ပေ။ အချိန်တန်၍ ပြန်ရောက်မလာသော အဖေအား လိုက်လံရှာဖွေကြရာ အဖေသည် မည်သို့သော ဝေဒနာမျိုး ခံစားနေရသည်မသိ အသက်ယဲ့ယဲ့လေးသာ ကျန်ပေတော့သည်။ ထိုအချိန်က အနီးအနားတွင် ဆေးရုံဆေးခန်းဟူ၍ မရှိသဖြင့် မကြာမီမှာပင် ဖခင်သည် ကွယ်လွန်သွားခဲ့ရပေတော့သည်။ ကွယ်လွန်ချိန်တွင် အဖေသည် အသက် ငါးဆယ်ကျော်ကျော်လေးသာ ရှိသေးပြီး မိခင်ကား နောက် ဆယ့်ငါးနှစ်အကြာမှ မော်စကိုတွင် ကွယ်လွန်သွားခဲ့သည်။ သူမ၏ ဘဝတလျှောက်လုံးကို ကျေးလက်ဒေသတွင် မြှုပ်နှံခဲ့ရရှာသော မိခင်သည် မသေဆုံးမီ လအနည်းငယ်လောက် အလိုတွင်မှ ဆေးဝါးကုသခံရန် မြို့တော် မော်စကိုသို့ ရောက်လာခဲ့သည်။ သို့သော် နောက်ကျသွားခဲ့ရပြီ ဖြစ်သည်။ မိခင် မကွယ်လွန်မီ နှစ်ပတ်ခန့်က အမေရိကန်မှ ကျွနုပ်သည် ပြန်ရောက်လာခဲ့ပြီး ဆေးရုံတွင် မိခင်ကြီးနှင့် အတူ နေခွင့်ရခဲ့သည်။

 

မိဘနှစ်ပါးသည် ရုရှား-ဂျပန် စစ်ပွဲကြီး စတင်ကာနီးလောက်တွင် လက်ထပ် ခဲ့ကြခြင်း ဖြစ်သည်။ ထိုအချိန်၌ ဖခင်သည် အသက် နှစ်ဆယ့်ခုနစ်နှစ် ရှိပြီး မိခင်ကား ဆယ်ကိုးနှစ် အရွယ် ဖြစ်သည်။ တက်ယာနာ ဆိုသော သမီးဦးကို မွေးဖွားခဲ့သော်လည်း နှစ် နှစ် သမီး မှာပင် ဆုံးပါးသွားခဲ့ရသည်။ သူမသည် ကျွနုပ်ထက် ဆယ့်ရှစ်လ စောပြီး မွေးဖွားခဲ့သူ ဖြစ်သည်။

 

ဖခင်၏ ဖခင် ကျွနုပ် အဖိုးသည် ၁၈၆၁ ရုရှား တနိုင်ငံလုံး မြေကျွန်ဘဝမှ လွတ်မြောက်ခွင့် ရခဲ့သည့် အချိန်ကို မှီခဲ့သူ ဖြစ်သည်။ သူ သည် စာတတ်မြောက်ခဲ့သူ တဦး ဖြစ်သဖြင့် ညစာ မစားမီ ကျွနုပ်တို့အား ခရစ်၏ သက်တော်စဉ်နှင့် တရားတော်များကို ကြည်လင် ပြတ်သားစွာ ဖတ်ပြလေ့ရှိသည်။ အဖိုးသည် အသက် ခုနှစ်ဆယ့် ငါးနှစ် အရွယ် ၁၉၂၇ တွင် ကွယ်လွန်သွားခဲ့သည်။

 

အဖွားဖြစ်သူ မာဖာသည်က အမြဲလို နူးညံ့သိမ်မွေ့ပြီး ကြင်နာမှု အပြည့်ရှိသူ ဖြစ်သည်ကို ကျွနုပ်မှတ်မိနေဆဲပင် ဖြစ်သည်။ ကျွနုပ် လွန်စွာ အရွယ်ငယ်သေးသော အချိန်က အဖွားသည် တခါမျှ မကြားဖူးသည့် စကားလုံးကို ပြောဆိုခဲ့သည်။ ကျွနုပ် ဘာအမှားလုပ်ခဲ့သည် မသိ။ အဖွားသည် လက်ညိုးတရမ်းရမ်းနှင့် “နင် ဘာကြံနေတာလဲ ဆိုတာ ငါမသိဘူး မှတ်နေလား ဒီမိုကရက်လေး” ဟု ပြောလာခဲ့သည်။ ထိုအချိန်က တော်လှန်ရေးကြီး ဖြစ်ပွားလာခဲ့ခြင်း မရှိသေးပေ။ “ဒီမိုကရက်” ဟု ကင်ပွန်းတပ်ခံရသူ မှန်သမျှ ထောင်သွင်းအကျဉ်းချ ခံရခြင်း၊ ဆိုက်ဘေးရီယား သို့ နယ်နှင်ဒဏ်ပေးခံခြင်း များ ရှိနေသဖြင့် ထိုစကားလုံးကို သုံး၍ ကျွနုပ် ကို ကြောက်အောင် ခြောက်လှန့်ခြင်းလည်း ဖြစ်နိုင်သည်။ နောက်ပိုင်းတွင် အဖွားသည် ကျွနုပ်ကို ဒေါသထွက်သည့် အခါတိုင်း ထိုစကားလုံးကို အမြဲလို သုံးလာခဲ့သည်။ အဖွားသည် သူမ၏စိတ်ထဲတွင် တကယ်တမ်း ကျွနုပ်အပေါ်ဒေါသ မထွက်မှန်းလည်း သိနေခဲ့၍ အဖွား ပြောသော ဒီမိုကရက် ဆိုသော စကားကို ကျွနုပ်သည် ကြောက်ရွံ့ခြင်း မဖြစ်ပဲ သဘောပင် ကျနေပါသေးသည်။

 

ဖခင်ကြီး တွင် နီကိုလိုင် နှင့် အိုင်ဗန်ဆိုသော ညီအကို နှစ်ယောက်နှင့် ဆိုဖီယာ နှင့် မာရီယာ ဆိုသော ညီအမများ ရှိသည်။ အဖိုး ဖြစ်သူ၏ စိုက်ပျိုး၍ ရသော မြေယာအနည်းငယ်လောက် ကို စုပေါင်းလုပ်ကိုင်ကြရာမှ အဖိုးကွယ်လွန်ချိန်တွင် အဆိုပါ မြေယာလေးအား ခွဲဝေယူကြရသည့်အခါ တဦးနှင့် တဦး စိတ်ဆိုး ဒေါသထွက်ကြသည်အထိ ဖြစ်ခဲ့ရသည်။ ထိုသို့သော ပြဿနာများက ဆင်းရဲနွမ်းပါးသော ကျွနုပ်တို့ အရပ်တွင် ဖြစ်လေ့ဖြစ်ထ ရှိသော်လည်း ကျွနုပ်တို့ မိသားစုသည် စည်းစည်းလုံးလုံးနှင့် ဆက်လက်ရှိနေခဲ့သည်။ ကျွနုပ်တို့ ရွာလေးမှာ သာသာယာယာရှိကြောင်းလည်း မှတ်မိနေပါသေးသည်။ တဦးအိမ်တဦး အလည်သွားခြင်း၊ ကခုန်ခြင်းများ ရှိသော်လည်း အရက်သေစာ သောက်စားတတ်သူဟူ၍ ကျွနုပ်မှတ်မိသလောက် မရှိဟူ၍ပင် ပြောရမည် ဖြစ်သည်။ ကျွနုပ်တို့ မိသားစုထဲတွင် မည်သူမျှ အရက်သေစာ မသောက်စားခဲ့ကြ။ သို့သော် တနှစ်လျှင် နှစ်ကြိမ် သုံးကြိမ်ခန့်တော့ ရွာရှိ ကာလသားများ အရက်မူးသည်ကို တွေ့ခဲ့ဖူးသည်။ ဤသည်ကလည်း ရွာရှိ မိန်းမပျိုများကို လူပျိုလှည့် ရန် ရဲဆေးတင်ကြခြင်းမျိုးသာ ဖြစ်ပေသည်။

 

ကျွနုပ်သည် မိမိနေထိုင်ကြီးပြင်းခဲ့ရာ ဂရိုမီကို ရွာဟောင်းကို သံယောဇဉ်ကြီးသူဟု ဆိုရမည် ဖြစ်သည်။ ရွာတဝိုက်ရှိ လယ်ကွင်းပြင်ကြီးများ၊ သစ်တောကြီးများ၊ စိမ်းလန်းစိုပြေနေသော မြက်ခင်းပြင်ကြီးများ၊ မြစ်များ ချောင်းများကို ကျွနုပ်သည် ချစ်မြတ်နိုးနေတတ်သူ ဖြစ်သည်။ ကမ္ဘာပေါ်တွင် နေချင်စရာ အကောင်းဆုံး ဖြစ်မည်ဟု ပင် ထင်မှတ်ခဲ့သည်။ ကျွနုပ်တို့ အဖို့ကား ဆောင်းရာသီ တခုလုံး စုဆောင်းထားသော အာလူးများမှာ လောက်ငှယုံမျှသာ ရှိသော်လည်း ကျွနုပ်၏ ရွာကိုကား မည်သို့မျှ အပြစ်မမြင်မိခဲ့ပေ။ ထိုအထဲတွင် ဘီဆက် ဟု ခေါ်သော မြစ်ငယ်လေးသည် လွန်စွာ သာယာလှသည်။ နွေဦးပေါက်တွင် ရေနွေးငွေ့သုံး သင်္ဘောလေးများ ခုတ်မောင်းလာနေသည်ကို အမြဲလို တွေ့နေရသည်။ နွေရာသီတွင်ကား ရေကျသွားပြီ ဖြစ်သဖြင့် မြစ်ကမ်းပါးသည် ကျွနုပ်တို့ ကလေးများ ပျော်မြူးကျက်စားရာ နေရာ ဖြစ်လာခဲ့ရသည်။ ကျွနုပ်တို့  မြစ်ကမ်းပါး ဘေးတွင် ငါးမျှားတံ တချောင်းဖြင့် နာရီပေါင်းများစွာ အချိန်ဖြုန်းနေတတ်သည်။ တနေကုန်မှ ငါးသေးသေး ငါးကောင် ခြောက်ကောင် လောက် ဖမ်းမိခဲ့လျှင်ပင် ဂုဏ်ယူမဆုံး ဖြစ်ကြရပြီး ရွာအပြန်လမ်းတွင် တကယ့် တံငါသည်ကြီး တဦးအလား ခေါင်းတမော့မော့ လည်တမော့မော့ နှင့် ပြန်လာခဲ့ကြသည်။

 

ကျွနုပ်တို့ ရွာရှိ ကလေးများအားလုံး အချိန်ရသည်နှင့် လယ်ကွင်းထဲဆင်းကာ ဗီသွာပင်၊ နှမ်းကြပ်ပင်များနှင့် ဘန်လျှော်ပင်များ ခူးဆွတ်ခြင်း၊ အာလူးကောက်ခြင်း၊ သီးနှံများကို ရိတ်သိမ်းခြင်း စသည့်အလုပ်များအတွက် အမျိုးသမီးများကို ကူညီလုပ်ကိုင်ပေးကြရသည်။ ထိုအလုပ်များအားလုံးသည်  သက်တောင့် သက်သာ တော့ မဟုတ်ပဲ ပင်ပန်း တကြီး လုပ်ကိုင်ရသော အလုပ်မျိုးများ ဖြစ်သည်။ ကျွနုပ်တို့တွင် တရိစ္ဆာန်များ အတွက် အစာလုံလောက်စွာ မရှိသဖြင့် ခိုင်း၍ရမည့် တရိစ္ဆာန်များ ကို မွေးမြူထားကြလေ့ မရှိပေ။

 

ကျွနုပ်တို့ ရွာနှင့် သုံးကီလိုမီတာ ခန့် အကွာလောက်တွင် ဂရက်ဖ်ချချီနာ ဟု ခေါ်သော တောကြီး တခု ရှိသည်။ မှိုထွက်သည့် ရာသီရောက်လျှင် လူများသည် အကြောက်အလန့် မရှိပဲ တောကြီးထဲသို့ ဝင်ရောက် ခူးဆွတ်ကြသည်။ ကျွနုပ်တို့ ကလေးများက တောကြီးထဲတွင် တောရိုင်း တရိစ္ဆာန်များ၊ လူဆိုးဓါးပြများ စုန်းမကြီးများနှင့် သူရဲတစ္ဆေများပင် ရှိသည်ဟု တွေးနိုင်လျှင် တွေးနိုင်သလောက် ယုံကြည်ထားကြသူများ ဖြစ်သည်။ တကယ်တမ်းတွင် ဆောင်းရာသီ၌ ဝံပုလွေများ၏ အော်မြည်သံများကိုသာ ကြားရတတ်သည်မှ လွဲ၍ ဘာမျှ ထူးထူးဆန်းဆန်း မရှိပေ။ သို့သော် အဖေါ်မပါပဲ ထင်းခွေခြင်းမျိုးကိုတော့ မလုပ်ကြပေ။ ကျွနုပ်သည် ဖခင်နှင့်အတူ တောထဲသို့ အကြိမ်ပေါင်းများစွာ လိုက်ပါခဲ့ဘူးသည်။ အဖေအား ရန်ပြုလာသည့် ဝံပုလွေရှိလျှင် ကျွနုပ်၏လက်ထဲရှိ ပုဆိန် နှင့် မည်သို့ ခုခံရမည်ကိုသာ အမြဲတွေးနေမိသည်။ သို့သော် ဝံပုလွေများက ကျွနုပ်တို့ သားအဖ ကို ဒုက္ခပေးခဲ့ခြင်း မရှိပေ။

 

မြို့နေလူများ အဖို့ ကျွနုပ်တို့ ကျေးလက်နေ တောသားများ ပြောလေ့ရှိသည့် စုန်းကဝေ မှော် များ ဆိုသည်ကို ယုံကြည်ရန် ခက်ခဲကြပေလိမ့်မည်။ ကလေးများ အဖို့ နှစ်ပေါင်းများစွာ ကြာသည်အထိ စွဲမြဲစွာ ယုံကြည်ထားခဲ့ကြသည့် အဆိုပါ အကြောင်းများကလည်း အယူသည်းခြင်း နှင့် ပေါင်းကာ ဒဏ္ဍာရီ ပုံပြင်များသဖွယ် သားစဉ်မြေးဆက် ပြောဆိုလာခဲ့ကြရာမှ စတင်လာခဲ့ခြင်း ဖြစ်သည်။ အဓိက ပြောလိုသည့် အနှစ်သာရများ ဖြစ်သော ကတိတည်ကြည်ခြင်း၊ တဦးအပေါ် တဦး သစ္စာရှိခြင်း ၊ ရိုးသားပြီး ဂုဏ်သိက္ခာ ရှိစွာ ပြောဆို ကျင့်ကြံရမည် ဆိုသည်များအား ပုံတိုပတ်စများနှင့် တန်ဆာဆင်၍ ပြောဆိုလာခြင်းမျိုး ဖြစ်ပေလိမ့်မည်။ သို့သော် အသက်အနည်းငယ် ရလာသော ကလေးများသည် သူတို့၏ အနာဂတ်ကို သိရှိနိုင်မည့် မှော်အတတ်ကို စူးစမ်းချင်လာကြသည်။ တစုံတယောက်အဖို့ ကြီးလာလျှင် မိမိ၏ အိမ်ထောင်ဖက်သည် မည်သူမည်ဝါ ဖြစ်ကြောင်း သိလိုပါက ရွာအပြင်ရှိ လူသူမနေသော တဲများ၊ ဘင်ညာ ခေါ် ရေချိုးအိမ်များသို့ ပိန်းပိတ်အောင် မှောင်မိုက်နေသည့် ညမျိုးတွင် မီးတုတ်ကို လက်ကကိုင်၍ မှန်တချပ်ကို ယူကာ သွားရမည် ဖြစ်သည်။ မှန်ကို တဲ တံခါးဝရှိ မြင်ရသောနေရာတွင် ထောင်ထားရမည် ဖြစ်ပြီး တံခါးကို ဖွင့်ထားခဲ့ရမည်။ ညသန်းကောင် တိတိ အရောက်တွင် တံခါးဝတွင် ပေါ်လာမည် ဖြစ်သော မိမိ၏ အနာဂတ် အိမ်ထောင်ဖက်၏ ပုံရိပ်သည် မှန် တွင် တွေ့လာရမည် ဖြစ်သည်။ သို့သော် တကိုယ်တည်း စောင့်ကြည့်ဖို့ ဆိုသည်မှာ သတ္တိ အရှိဆုံး လူများအတွက်သာ ဖြစ်နိုင်ပေသည်။