ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို (၃၃)
*********************
မဒမ်သည် အိမ်မှု ကိစ္စများကို သုံသုံမှုန်မှုန် နှင့် သိမ်းကြုံး လုပ်နေယင်းက အိမ်တွင် တသွေးတသံ တမိန့်ဖြင့် အာဏာရှင် ဖြစ်လာခဲ့သည်။ ဗိုလ်ချုပ်ကြီးကတော့ မည်ကာမတ္တာ အိမ်ထောင်ဦးစီး အဖြစ် နှင့်တရိစ္ဆာန်ရုံထဲက ဖုံအလိမ်းလိမ်း ဖြစ်နေသော ခြင်္သေ့ကြီးလို တခါတရံ တွင် ကလေးများကို ဟိန်းလိုက် ဟောက်လိုက် လုပ်ရင်း အသက်အရွယ် အားဖြင့် ၄၀ နှင့် ၆၀ ကြား ရောက်လာသူတို့ ဖြစ်လေ့ဖြစ်ထ ရှိသော မကျေမနပ်၊ စိတ်ပျက်အားငယ်မှု များ နှင့် နပမ်းလုံးနေဆဲပင် ဖြစ်သည်။
တနှစ်လုံး နီးနီး ထိုအတိုင်းပင် မပြောင်းမလဲ ရှိနေခဲ့သည်။ နောက်ဆုံးတွင် မဒမ်၏ သည်းခံနိုင်မှု သည် ကုန်ခမ်းလုနီးနီး ဖြစ်လာသည်။ သူတို့ အချင်းချင်း ဘာတွေ ပြောဆိုခဲ့ကြသည်ကို ကျွန်တော် မသိရသော်လည်း ဧပြီ ၁ ရက်နေ့ စောစောစီးစီး မှာပင် ဟော်လီဝုဒ် ဘိုလီဗား ခေါ် လမ်းကျယ် ကြီး တနေရာတွင် လုပ်ငန်းသစ် အဖြစ် အရက်မျိုးစုံ ရောင်းသည့် စတိုးဆိုင် ဖွင့်ပွဲ တက်ရောက်ပါရန် ဆိုသည့် ဖိတ်စာကို ရခဲ့သည်။ ဗိုလ်ချုပ်ကြီးလည်း နောက်ဆုံးတွင် မတတ်သာတော့ဘဲ အမေရိကန် အိမ်မက် များ နောက် ကောက်ကောက်ပါအောင် လိုက်ခဲ့ရပြီ ဖြစ်သည်။
ဗိုလ်ချုပ်ကြီးသည် အသက်မွေး ဝမ်းကျောင်း အတွက် လုပ်ကိုင်ရယုံတင်မက ရလာသည့် ဝင်ငွေ နှင့် စားဝတ်နေရေး အတွက် သုံးစွဲရဦးမည် ဖြစ်သည်၊ ကျွန်တော် ကိုယ်တိုင်လည်း အရှေ့တိုင်း ပညာ ဌာန တွင် မျက်နှာ မှုန်တေတေ နှင့် ထိုအတိုင်း လုပ်နေခဲ့ရပြီ ဖြစ်သည်။
ကျွန်တော် အလုပ်သည် ဌာနမှုး၊ သို့မဟုတ် ဌာန ၏ အတွင်းရေးမှုး နှင့် တွေ့ရန် ရောက်လာကြသော ကျောင်းသားများ အား ပထမ ခံစစ်စည်း အဖြစ် အကြောင်းရင်း ကို အရင် မေးရမြန်းရခြင်း ဖြစ်သည်။ အချို့က ကျွန်တော်နှင့် တခါဖူးမျှ တွေ့ဆုံခဲ့ဖူးခြင်း မရှိသော်လည်း နာမည်တပ်၍ ခေါ်ဝေါ် ပြောဆိုတတ်ကြသည်။
ကျောင်းဝင်းထဲတွင် ကျွန်တော်လည်း အသင့်အတင့် လူသိများသူ တဦး ဖြစ်လာခဲ့သည်။ ဤသည်ကလည်း ကျောင်းသားများ ဦးစီးသော သတင်းစာ တွင် ကျွန်တော့်အကြောင်း အထူး ဆောင်းပါး အဖြစ် ပါရှိလာသော ကြောင့် ဖြစ်သည်။
ကျွန်တော်သည် ကောလိပ်ဘွဲ့ရ တဦးသာမက၊ ထူးထူးချွန်ချွန် အောင်မြင်သူများ စာရင်းဝင်သူ တဦး၊ ဂုဏ်ထူးတန်း ကျောင်းသားတဦး၊ ထိုကောလိပ်၏ သမိုင်းတလျောက် ပထမဆုံးသော ဗီယက်နမ်ကျောင်းသားတဦး ဖြစ်ပြီး ယခု ဒုက္ခသည် တဦး ဖြစ်လာ၍ ကျောင်းမှပင် ပြန်လည် ကယ်တင်ထားရသည့် အကြောင်းများ ပါရှိခဲ့သည်။
ထိုမျှမကသေး ကျွန်တော်၏ စစ်သားဘဝ ဖြင့် ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများကို အတိအကျ မဟုတ်သော်လည်း ကျွန်တော် ပြောသမျှ ကို ပါ ထည့်သွင်းရေးသားခဲ့သည်။
ကျွန်တော် အား တပ်ထဲတွင် ဘာလုပ်ခဲ့သလဲ သတင်းစာဆရာ ပေါက်စ ကျောင်းသားတဦး က မေးလာသည်။ သူသည် ဒုတိယ နှစ် ကျောင်းသားတဦး ဖြစ်ပြီး သူ့ပုံစံက ရှိုးတိုး ရှန့်တန့် နှင့် ဖြစ်သည်။ သွားကို ညီအောင် ထိန်းထားသော အကွပ် နှင့် ဖြစ်ပြီး ခဲတံ တွင် ကိုက်ထားသော သွားရာများ တွေ့ရသည်။
ကျွန်တော်က တပ်ထောက်တဦး ဖြစ်ကြောင်း၊ အလုပ်က ပျင်းစရာ ကောင်းပြီး၊ ရာရှင် နှင့် တပ် အတွက် အခြား ထောက်ပို့ ပစ္စည်း များဖြစ်သော ယူနီဖောင်း၊ ဘွတ်ဖိနပ်များ ပြတ်လပ် မသွားရအောင် စာရင်းဇယားများ လုပ် နေရကြောင်း၊ ဖြေခဲ့သည်။
ဒါဆို ခင်ဗျား လူမသတ်ခဲ့ရဖူးပေါ့ ဟူသော အမေးကို တခါဖူးမျှ မရှိခဲ့ကြောင်း ပြန်ဖြေခဲ့ရသည်၊ ထိုအထိ ကျွန်တော် ပြောသမျှသည် အမှန်တွေ ချည်းသာ ဖြစ်သည်။ နောက်ပိုင်း ဖြေသည် များကတော့ ထိုသို့ မဟုတ်တော့၊ ကောလိပ် ကျောင်းလို နေရာမျိုး တွင် ကျွန်တော်၏ လုပ်သက်မှတ်တမ်းကို ဝန်ခံ ပြောဆိုဖို့ ဆိုသည်က ဆိုးရွားသွားနိုင်သည်။
ပထမဆုံး ဗီယက်နမ် သမ္မတ နိုင်ငံ စစ်တပ်တွင် ကျွန်တော်သည် ကြည်းတပ် အရာရှိတဦး ဖြစ်ခဲ့သည်။ အရာရှ်ိ ဘဝ နှင့်ပင် ထိုစဉ်က ဗိုလ်မှုးကြီး အဆင့်သာ ရှိ သေး သော ဗိုလ်ချုပ်ကြီး ထံတွင် အမှုထမ်းနေပြီ ဖြစ်သည်။ ဗိုလ်ချုပ်ကြီး ဖြစ်လာချိန်တွင် အမျိုးသား ရဲတပ်ဖွဲ့၏ အကြီးအကဲ ဖြစ်လာခဲ့သည်။ ကျွန်တော်လည်း သူနှင့် အတူ ပြောင်းရွှေ့လာခဲ့သည်။
တိုက်ပွဲ နှင့် ကြုံခဲ့ရသည် ပြောသည်ထက် ကျွန်တော် ပါတ်သက်ခဲ့ရသည့် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ အကြောင်း ကောလိပ် ကျောင်းဝင်း အတွင်း ထုတ်ပြောဖို့က ထိလွယ်ရှလွယ်သော အကြောင်းအရာမျိုး ဖြစ်နေသည်။
ကျွန်တော် ကျောင်းသားဘဝ တုန်းက ဘာသာရေး နိုးကြားမှု တခုအလား ပြင်းထန်စွာ တောက်လောင် ခဲ့ဖူးသလို ယခုအခါ တက္ကသိုလ် ကျောင်းဝင်းများသည် စစ်ဆန့်ကျင်ရေး လှုပ်ရှားမှု၏ လှိုင်းဂယက် မလွဲမသွေ ရိုက်ခတ်ခံလာရသော အချိန်လည်း ဖြစ်သည်။
ကျွန်တော် တက်သော ကောလိပ်အပါအဝင် ကောလိပ် အများအပြားတွင် ဟိုး ဟိုး ဟိုး သည် ဆန်တာ ကလော့၏ ပြောနေကျ အသံ မဟုတ်တော့ပဲ ထိုအစား ဟိုး ဟိုး ဟိုး ချီမင်း၊ NLF တို့ အနိုင်ရ တော့မည် ဆိုသော အသံများ အစားထိုး ကြွေးကြော်သံများ ခေတ်စားလာသည်။
ကျွန်တော်သည် ကျောင်းသားများ၏ ဘယ်အရာကို မှ မငဲ့ကွက်ဘဲ ပြင်းပြင်းထန်ထန် ပါဝင် လှုပ်ရှားနေသည့် နိုင်ငံရေး စိတ်အား ထက်သန်မှု ကို အားကျမိသည်။ ကျွန်တော် အဖို့က ထိုအချိန်တွင် ဗီယက်နမ် သမ္မတ နိုင်ငံ၏ နိုင်ငံသားကောင်း အသွင်ယူထားရ၍ ကျွန်တော်၏ နိုင်ငံရေး စိတ်အားထက်သန်မှု ကို မြုပ်နှံထားခဲ့ရသည်။
ကျွန်တော် ကျောင်းဝင်း အတွင်း ပြန်လည် ခြေချ မိသည့် အချိန်တွင်တော့ မျိုးဆက်သစ် ကျောင်းသားများ ကို တွေ့လာခဲ့ရသည်။ သူတို့အားလုံးက ယခင် မျိုးဆက်ဟောင်းများလို နိုင်ငံရေး ရော ကမ္ဘာအရေးပါ စိတ်ဝင်စားကြသူ များ မဟုတ်ကြတော့။
သူတို့၏ နုနယ်သော မျက်လုံးများသည် သူတို့ကြောင့်ပါလား ဟု ခံစား၍ ရနိုင်သည့် ရက်စက်ကြမ်းကြုတ်မှုများ၊ ကြောက်မက်ဖွယ်ရာ များ နှင့် ပြည့်နေသည့် ပုံရိပ်များ ပါသည့် သတင်းများ နှင့် နေ့စဉ် ထိတွေ့စရာ မလိုတော့၊ သူတို့ကိုယ် သူတို့လည်း ဒီမိုကရေစီ ကို ကယ်တင်ဖို့ အတွက် အခြားနိုင်ငံတခုကို ဖျက်ဆီးနေရသည့် ဒီမိုကရေစီ နိုင်ငံသား များ ဟု ပင် ခံယူလာကြခြင်းကြောင့်လည်း ဖြစ်သည်။
ထိုထက်ပို၍ အရေးကြီးသည် က ယခုအခါ သူတို့၏ ဘဝများသည် စစ်မှု ထမ်းရန် ဆင့်ခေါ်ခံရမည့် အဖြစ်မှ ကင်းဝေးသွားကြ ခြင်း ပင် ဖြစ်သည်။ ယင်းနှင့် အတူ တခါတရံ နွေဦးပေါက် တွင် ရွာချလာသော မိုးပေါက်များ ကျွန်တော် ရုံးခန်း ပြတင်းပေါက် မှန်တံခါးများကို စည်းချက်ညီညီ ရိုက်ခတ်နေသည့် အသံများ မှ လွဲ၍ တက္ကသိုလ် ကျောင်းဝင်း တခုလုံးသည်လည်း တိတ်ဆိတ် အေးချမ်းသွားခဲ့ရပြီ ဖြစ်သည်။
ကျွန်တော်သည် အနိမ့်ဆုံးလစာ ဖြင့် လုပ်ကိုင်နေရသော်လည်း လုပ်ရသည့် အလုပ်က သောင်းပြောင်း ဖြစ်သည်။ လာသမျှ တယ်လီဖုန်းများ ဒိုင်ခံ ဖြေရခြင်း၊ ပါမောက္ခ၏ စာမူများကို လက်နှိပ်စက် ရိုက်ပေးရခြင်း၊ စာရွက် စာတမ်းများ ဖိုင်တွဲရခြင်း၊ စာအုပ်များ ရှာဖွေပေးရခြင်း၊ ကျွဲကော မျက်မှန် တပ်ထားသော အတွင်းရေး မှုး အမျိုးသမီး မစ္စက် ဆိုဖီယာ မိုရီကို အကူအညီ ပေးရခြင်း တို့ ဖြစ်သည်။
ထိုအလုပ်မျိုးသည် ကျောင်းသား တယောက် အတွက် အလွန်တရာ သင့်တော်လှသော်လည်း ကျွန်တော့ အတွက်က စက္ကူဖြတ်သည့် ဓါးမျိုးဖြင့် အကြိမ်တထောင်ခန့် အမွှန်းခံရသလို ဖြစ်နေသည်။ ပို၍ ဆိုးသည်က မစ္စက် မိုရီသည် ကျွန်တော်ကို သဘောကျ ပုံ မရ ဖြစ်နေခြင်းပင်။