လူသား ကွန်ယက်(24)

by Hla Soewai - May 14 2025

ကျွန်တော့် တကိုယ်လုံး နာကျင် ကိုက်ခဲ နေသည်ဟု ပြောသည် ဆိုက ထိုသို့ ပြောခြင်းကြောင့် နာကျင်မှု ကို ဖြစ်စေခဲ့သည် မဟုတ်၊ ကျွနပ် က ထိုသို့ မပြောတော့ဟု ဆိုကလည်း နာကျင်နေမှုသည် ပျောက်သွားမည် မဟုတ်။ အလားတူပင် ကျွနုပ်က ဥက္ကာပျံ တခု ကို မြင်ခဲ့ရသည် ဟု ပြောသည် ဆိုပါက ယင်းသည် ဥက္ကာပျံ ကို ဖန်တီးခဲ့ခြင်း မဟုတ်၊ လူများက မြင်ခဲ့ရသည်ဟု ပြောသည် ဖြစ်စေ၊ မပြောသည် ဖြစ်စေ ဥက္ကာပျံ ဆိုသည်ကား ရှိနေပြီး ဖြစ်သည်။

 

သို့သော် လူအများအပြားက ဥပဒေ အကြောင်း၊ ဘုရားသခင်အကြောင်း၊ ငွေကြေး အကြောင်း တဦး နှင့် တဦး ပြောသည် ဆိုက အဆိုပါ ဥပဒေ၊ ဘုရားသခင်၊ ငွေကြေးများသည် လူက ဖန်တီးခဲ့သည့် အရာများသာ ဖြစ်သည်။ လူများက ထိုအကြောင်းများကို မပြောတော့ဟု ဆိုက ပျောက်ကွယ်သွားမည်သာ ဖြစ်သည်။ တဦး နှင့် တဦး အပြန်အလှန် ခံစားသိနိုင်သော အရာများသည် သတင်းအချက်အလက်များ ဖလှယ်ရာမှ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။

 

ယခုထက် ပို၍ အသေးစိတ် လေ့လာကြည့်ကြပါစို့။ ပီဇာ တချပ်၏ ကယ်လိုရီ ပမာဏ သည် ကျွနုပ်တို့၏ ယုံကြည်မှု အပေါ် တည်မှီ မနေပေ။ ပီဇာ တချပ်သည် ပုံမှန် အားဖြင့် ဆိုက ကယ်လိုရီ ၁,၅၀၀ နှင့် ၂,၅၀၀ အကြား တွင် ရှိသည်။ ခြားနားချက်သည်ကား ပီဇာ တချပ်၏ တန်ဘိုး သည် ကျွနုပ်တို့၏ ယုံကြည်ထားမှု နှင့် သက်ဆိုင်နေခြင်းပင် ဖြစ်သည်။ တ‌ဒေါ်လာ နှင့် ပီဇာ ဘယ်နှစ်ချပ် ဝယ်၍ ရနိုင်မည်နည်း၊ ဘစ်ကွိုင် ကော မည်မျှ ရနိုင်မည်နည်း။

 

၂၀၁၀ တွင် လာဇလို ဟန်ယက်ဇ် ဆိုသည့် ပုဂ္ဂိုလ်သည် ဘစ်ကွိုင် အရည်အတွက် ၁၀,၀၀၀ ခန့် ရနိုင်သည့် ငွေကြေးဖြင့် ပီဇာ နှစ်ချပ် ဝယ်ခဲ့သည်။ ရှေ့ဖြစ်ကို ကြိုသိနိုင်မည် ဆိုက ‌၎င်းသည် ဈေးအကြီးဆုံး ပီဇာ နှစ်ချပ် ကို ဝယ်ယူခဲ့ခြင်းပင် ဖြစ်သည်။ ၂၀၂၁ နိုဝင်ဘာ ပေါက်ဈေး အရ ဘစ်ကွိုင် တယူနစ်သည် ဒေါ်လာ ၆၉,၀၀၀ ရှိနေသည်။ ထို့အတွက် ဟန်ယက်ဇ် သည် ပီဇာ နှစ်ချပ်ကို ဒေါ်လာ သန်း ၆၉၀ ဖြင့် ဝယ်ယူခဲ့ခြင်းပင် ဖြစ်သည်။

 

၂၀၁၀ နှင့် ၂၀၂၁ အကြား ပီဇာတချပ်၏ ကယ်လိုရီ ပမာဏ သည် မပြောင်းလဲဘဲ ပကတိ အရှိတရား အဖြစ် တည်ရှိနေမည်သာ ဖြစ်သည်။ ထိုကာလ များ အတွင်း တွင်‌ တော့ ဘစ်ကွိုင်၏ တန်ဖိုးနှင့် ပတ်သက်၍မူ လူအများအကြား ခံစားသိမြင် နိုင်သည့် အရာတွင်တော့ သိသိသာသာ မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။

 

နောက်ထပ် နမူနာ တခု တင်ပြရမည် ဆိုလျှင် "စကော့တလန် ကုန်းမြင့် ဒေသ တခု ဖြစ်သည့် လာခ်နက်စ် တွင် ရေနဂါးကြီး တကောင် ရှိခဲ့သည်လားဟု မေးစရာ ဖြစ်လာသည်။ ဤသည်က ဓမ္မာဓိဋ္ဌာန် ကျကျ ပကတိ တရားကို မေးခွန်းထုတ်ခြင်းလည်း ဖြစ်သည်။ အချို့လူများက ဒိုင်နိုဆော ကဲ့သို့ သတ္တဝါကြီးများ လာခ်နက်စ် တွင် နေထိုင်နိုင်သည်ဟု ယုံကြည်ကြသည်။ အချို့ကလည်း စိတ်ကူးယဉ် သက်သက် ဖန်တီးထားသည့် လှိမ့်လုံးများဟု ဆိုကာ လက်မခံခဲ့ကြ။

 

ထိုသို့ နှစ်‌ ပေါင်းများစွာ အငြင်းပွားလာနေမှု ကို အပြီးအပြတ် ဖြေရှင်းနိုင်ရန် sonar scan ၊ DNA ကဲ့သို့ သိပ္ပံ နည်းလမ်းများကို သုံးလာခဲ့ကြသည်။ ‌အကယ်၍ ရေအိုင်ကြီးထဲတွင် ထိုမျှ လောက် ကြီးမားသည့် သတ္တဝါကြီးမျိုး နေထိုင်ခဲ့သည် ဆိုက sonar ဖြင့် သေချာပေါက် ထောက်လှန်းနိုင်သည်။ DNA အထောက်အထားများလည်း ရလာ နိုင်သည်။ သို့သော် ရရှိလာသော အထောက်အထား များ အရ သိပ္ပံပညာရှင်များ အားလုံးက လာခ်နက်စ် ရေနဂါးကြီး အမှန်တကယ် မရှိဟု တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ (၂၀၁၉ တွင် ရရှိခဲ့သော DNA အထောက်အထား များအရ မျိုးရိုးဗီဇ ၃,၀၀၀ ခန့် တွေ့ရှိခဲ့သော်လည်း အဆိုပါ သတ္တဝါကြီး တော့ မပါဝင်ခဲ့ပေ။

 

အနည်းဆုံး ပြောနိုင်သည်က လာခ်နက်စ် တွင် ငါးကီလို ခန့် အလေးချိန်ရှိမည့် ငါးရှဉ့်ကြီးများ ရှိနိုင်သည်ဟူ၍သာ ဖြစ်သည်။ သို့သော်ငြားလည်း လူအများ အပြားက ယုံကြည်နေကြဆဲပင် ဖြစ်သည်။ မည်မျှပင် ယုံကြည်နေကြစေကာမူ ပကတိ အမှန်တရားကို ကိုမူ ပြောင်းလဲသွားအောင် လုပ်နိုင်စွမ်း မရှိပေ။

 

တရိစ္ဆာန်များနှင့် ပတ်သက်၍ ရှိမရှိ ဆိုသည်ကို ဓမ္မဓိဋ္ဌာန် ကျကျ စမ်းသပ် အတည်ပြခြင်း မျိုး ပြုလုပ် နိုင်သော်လည်း နိုင်ငံများ နှင့် ပတ်သက်၍ မူ တဦး နှင့် တဦး အပြန်အလှန် ခံစားသိမြင်နိုင်မှု ဖြင့်သာ အတည်ပြုနိူင်သည်။

 

ကျွနုပ်တို့သည် ပုံမှန် အားဖြင့် ဆိုက အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဘရာဇီး နိုင်ငံများ ရှိနေသည် ဆိုသည့် အချက်ကို အထူးတလည် သတိထားရန် မလိုဟု ယူဆခဲ့ကြသည်။ သို့သော် အချို့နိုင်ငံများ ရှိနေခဲ့သည် ဆိုသည်ကို အငြင်းပွားမှု များ ရှိလာခဲ့သည်။ ဤသို့ဖြင့် တဦးနှင့် တဦး အပြန်အလှန် ခံစားသိမြင်မှု ဆိုသည်မှာ ဘွားဘွားကြီး ထွက်ပေါ်လာခဲ့တော့သည်။

 

ဥပမာ အားဖြင့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ ကို လေ့လာကြည့်မည်ဆိုက အပြန်အလှန် ခံစားသိမြင် နိုင်မှု တရား ပေါ်တွင် တဝဲဝဲ တလည်လည် ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။ အချို့က အစ္စရေး နိုင်ငံ တည်ရှိမှု ကို အသိအမှတ် ပြုရန် ငြင်းဆန်ခဲ့ကြပြီး အချို့က ပါလက်စတိုင်းများကို အသိအမှတ် မ ပြုခဲ့ကြဘဲ ရှိနေသည်။

 

၂၀၂၄ ခုနှစ် အထိ တရုတ်၊ ဘရာဇီး အစိုးရများက အစ္စရေး နှင့် ပါလက်စတိုင်း တို့ကို အတူတူ အသိအမှတ် ပြုခဲ့သည်၊ အမေရိကန် ပြည်ထောင်စု နှင့် ကင်မရွန်း အစိုးရများကမူ အစ္စရေး ကိုသာ အသိအမှတ် ပြုထားကြသည်။ တဖက်တွင် အဲလ်ဂျီရီယား နှင့် အီရန် တို့ကမူ ပါလက်စတိုင်းကိုသာ အသိအမှတ် ပြုခဲ့ကြသည်။

 

ကိုဆိုဗို ကဲ့သို့ နိုင်ငံအား ၂၀၂၄ အထိ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ စုစုပေါင်း၏ တဝက်ခန့်က အသိအမှတ် ပြုထားပြီး အက်ခါဇီယားကို မူ ဂျော်ဂျီယာ၏ အချုပ်အခြာ အာဏာပိုင် နယ်မြေ အဖြစ် အစိုးရ အားလုံး နီးပါးက အသိအမှတ် ပြုထားသော်လည်း ရုရှား၊ ဗင်နီဇွဲလား၊ နိုင်ကာရာဂွာ၊ နော်ရူး နှင့် ဆီရီယား တို့က သာ နိုင်ငံ အဖြစ် အသိအမှတ် ပြုခဲ့ကြသည်။