ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(32)

by Hla Soewai - May 14 2025

စစ်ထောက်လှန်းရေး ဖက်ကလား၊ စစ်ရုံးချုပ် ဖက်ကလား၊ မင်းတကယ်ပဲ ဘယ်သူဘယ်ဝါ ဖြစ်နိုင်လဲ ဆိုတာ မတွေးတတ်တော့ဘူးလား၊ ဗိုလ်ချုပ်ကြီး၏ မျက်လုံးများသည် ကျွန်တော်၏ အေးစက်နေသော မျက်လုံးများအား မခွာတမ်း စိုက်ကြည့်နေသည်။ ကျွန်တော်၏ လက်များက ကော်ဖီ ခွက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားဆဲပင် ဖြစ်သည်။

 

ယခု အချိန်သာ ကျွန်တော်၏ ဦးခေါင်းခွံအား ဓါတ်မှန် ရိုက်ကြည့်မည် ဆိုလျင် အကြံဉာဏ် ထုတ်နေရ၍ hamster ခေါ် မြီးတို ပါးတွဲ ကြွက်ကလေးသည် သူ့အတွက် ကစားရန် ဆင်ပေးထားသော ဘီး ပေါ်တွင် မရပ်မနား သွားနေမည် ပုံ တွေ့ရပေလိမ့်မည်။ သူက သံသယ ရှိနေသည်မှာ သေချာ‌‌ နေပါလျက် အကယ်၍ ကျွန်တော်က ဘယ်သူကိုမှ သံသယ မဖြစ်မိဟု ပြောခဲ့မိလျင် ကျွန်တော် အတွက် အလားအလာ ကောင်းတော့မည် မဟုတ်။ ယုံမှား သံသယ ဖြင့် ရစ်နှောင်လာသော စိတ်ကူးစိတ်သန်း များကြားတွင် စပိုင်များသာလျင် စပိုင် ဆိုသည်မှာ မရှိဟု ငြင်းဆိုကြလိမ့်မည်ဟု ထင်မြင်မည်သာ ဖြစ်သည်။

 

ထို့အတွက်ကြောင့် ကျွန်တော် အဖို့ တယောက်ယောက်ကို စပိုင်ဟု ပြောရပေတော့မည်။ သူ့ကို လမ်းကြောင်း လွှဲပေး နိုင်ဖို့ တကယ့်သူလျို မဟုတ်မည့် သံသယ ဖြစ်ဖွယ် ရှိသူ ကို နာမည်တပ်ရဖို့ ဖြစ်လာသည်။ ကျွန်တော့် ခေါင်းထဲ ပထမဆုံး ရောက်လာသူသည် နာမည် ကြားယုံနှင့် အလိုရှိသည် နှင့် ကိုက်ညီ‌ နေသည့် အရက်သမား ဗိုလ်မှုး တယောက် ပင် ဖြစ်သည်။

 

သူလား? ဟု ဆိုကာ ဗိုလ်ချုပ်ကြီးက မျက်မှောင်ကြုံလိုက်ပြီး ကျွန်တော်ကို ကြည့်နေရာမှ မျက်နှာလွှဲသွားပြီး သူ့ လက်ဆစ်များကို စိုက်ကြည့်နေသည်။ ဖြစ်နိုင်ခြေ နည်းလှသည့် ကျွန်တော် ပြောသည့် အမည်ကြောင့် စိတ်ထွေပြားသွားပုံရသည်။ ဒီလူက တရားလွန် ဝ လွန်းတော့ သူ့ ချက် ကို သူ ကြည့်ဖို မှန် ထောင် ကြည့်မှ ရတဲ့လူမျိုး၊ ဒီတခါတော့ မောင်ရင် အတွေး ချော်သွားပြီ။

 

ဖြစ်နိုင်ပါတယ် ခင်ဗျ ဟု ရှက်ချင်ဟန် ဆောင်ပြီး ကျွန်တော် က ပြန်ပြောလိုက်ရသည်။ အာရုံ လွဲသွားရန် လက်ထဲက စီးကရက်ဗူး ကို သူ့ထံ လှမ်းပေးပြီး ကျွန်တော် တန်းလျား ရှိရာသို့ ပြန်လာခဲ့သည်။ သူနှင့် ပြောခဲ့သည့် အကြောင်းအရာ အကျဉ်းချုပ်ကို အဒေါ် ဖြစ်သူ အား အစီရင်ခံရဖို့ ရှိနေသည်။ ထိုအထဲတွင် တော့ စိတ်ဝင်စားစရာ မဟုတ်သည့် ကျွန်တော်၏ ကြောက်ရွံ့ တုန်လှုပ်ခဲ့ပုံ၊ ဇော်ချွေး ပြန်ခဲ့ရသည်များကို တော့ ချန်လှပ်ထားရပေမည်။

 

ကံအား လျှော်စွာပင် ကျွန်တော်တို့ စခန်းတွင် ကြာကြာ မနေခဲ့ရဘဲ ဆန်ဒီရေးဂိုး သို့ ရောက်လာကြသည်။ ကျွန်တော်၏ ပါမောက္ခ ဖြစ်ခဲ့သူ အေဗရီ ဝရိုက် ဟမ်းမား ထံ စခန်းက ထွက်နိုင်ဖို့ အကူအညီ ပေးပါရန် စာရေးတောင်းခံခဲ့ရသည်။ သူသည် ကလော့ဒ် ၏ တက္ကသိုလ် အခန်းဖေါ် တဦးလည်း ဖြစ်သည်၊ ကလော့ဒ် က အလားအလာ ရှိသော ဗီယက်နမ် လူငယ်တဦး အမေရိကား တွင် ပညာ သင်ယူ နိုင်ရန် စကော်လားရှစ် ရဖို့ လိုအပ်နေသည့် အကြောင်း ပြောခဲ့ဖူးသည့် ပုဂ္ဂိုလ်လည်း ဖြစ်သည်။

 

ပါမောက္ခ ဟမ်းမားသည် ကျွန်တော် အတွက် စ‌ကောလားရှစ် ရအောင် လုပ်ပေးခဲ့သည်သာမက နောက်ပိုင်းတွင် ကလော့ဒ် နှင့် မန်း ပြီးလျင် ကျွန်တော် အတွက် အရေးပါဆုံး ဆရာသမား တဦးလည်း ဖြစ်လာခဲ့သည်။ ဟမ်းမားသည် ကျွန်တော် ၏ အမေရိကား ပညာရေး ကို ပဲ့ကိုင် လမ်းညွှန်ပေးခဲ့သည်သာမက သူ၏ ပညာရပ် နယ်ပယ် နှင့် မဆိုင်သည့် ကျွန်တော် ပြုစုခဲ့ရ သော "ဂရေဟမ် ဂရင်း စာပေအနုပညာ ပါ စိတ်ကူးယဉ် ဆန်မှု နှင့် သ‌င်္ကေတ များ" ဆိုသည့် စာတန်းကိုပါ ကြီးကြပ်ပေးခဲ့သည်။

 

ယခု တကြိမ်လည်း သူသည် ကျွန်တော် အရေး ကိစ္စ တွင် ပါလာရပြန်ချေပြီ၊ ကျွန်တော် အတွက် စပွန်ဆာ အဖြစ် တာဝန်ယူပေးသည့် အပြင် နွေရာသီ ထဲမှာပင် အရှေ့တိုင်းဘာသာ လေ့လာရေး ဌာနတွင် စာရေး စာချီ အလုပ်ကိုပါ စီစဉ်ပေးခဲ့သည်။ ကျွန်တော် အတွက် ဆိုကာ အရင် ဆရာ ဖြစ်ခဲ့သူ များ ထံ လိုက်ပြီး အလှုငွေ ကောက်ခံပေးခဲ့သည်။ ထိုသို့ စိတ်ပါ လက်ပါ ကူညီပေးခဲ့မှု များ ကြောင့် ကျွန်တော်သည် အတော်လေး စိတ်ထိခိုက် ခဲ့ရသည်။

 

ရသည့် ငွေများသည် လော့စ် အိန်ဂျယ်လိစ် သို့ သွားဖို့ ဘတ်စကား လက်မှတ်ဖိုး၊ မိုတယ် အခန်းခ၊ တရုတ်တန်း အနီးရှိ အခန်းတခန်း အတွက် စပေါ်ငွေ၊ ၆၄ ထုတ် ဖို့ဒ် ကားဟောင်းတစီး ဝယ် ဖို့များ အဆင်ပြေခဲ့ရသည်ဟု နွေရာသီ အကုန်ပိုင်း အဒေါ်ဖြစ်သူထံ ရေးသော စာထဲတွင် ထည့်ရေးခဲ့သည်။

 

ကျွန်တော်လည်း နေရာသစ် တွင် အခြေကျလာသည် နှင့် အမျှ အနီးအနား တဝိုက် စနည်းနာခဲ့သည်။ အဓိက အားဖြင့် ခရစ်ယာန် ဘုရား ကျောင်းများ၊ စေတနာ ဝန်ထမ်း အသင်းများ ရှိရာ သွားပြီး ဘွန် အတွက် စပွန်ဆာ ပေးနိုင် မပေးနိုင် စုံစမ်းဖို့ ဖြစ်သည်။ ထိုအသင်းအဖွဲ့များက ဒုက္ခသည်များ အပေါ် ကိုယ်ချင်းစာနာစိတ် ရှိကြမှန်း သိထား၍လည်း ဖြစ်သည်။

 

သွားရင်းလာရင်း နှင့် Everlasting Church of Prophets ခရစ်ယာန် ကျောင်းတိုက် တတိုက် ကို တွေ့လာခဲ့သည်။ အမည်အားဖြင့် ခန့်ညားသော်လည်း ကျောင်းတိုက်သည် ရိုးသားပုံ မရပဲ ရသမျှ အခွံနွှာမည့် ကားဘော်ဒီ ဆိုင် နှင့် ဟီးရိုးအင်း စွဲနေသူများ ကျက်စားတတ်သည့် မြေကွက်လပ် အကြား တွင် ရှိပြီး ဘာသာရေး ဆိုင်ရာ အသုံးအဆောင်များ ကို ရှေ့တွင် ဆိုင်လေး ဖွင့်ပြီး ရောင်းချနေသည်။

 

ကျွန်တော်လည်း သင့်တင့် လျှောက်ပတ်သော ငွေကြေး ပမာဏ လှုဒန်းပြီး အနည်း အကျဉ်းမျှ တွန်းတွန်း တိုက်တိုက် ပြောဆိုယုံမျှ ဖြင့် ရေမွန်ဟု သူ့ကိုယ်သူ မိတ်ဆက်လာ သော ဝဖိုင့်ဖိုင့် ဆရာတော် မှ ဘွန် အတွက် စပွန်ဆာ နှင့် အမည်ခံ အလုပ်ရှင် လုပ်ပေးရန် သဘောတူခဲ့သည်။

 

ပညာသင်နှစ် မစမီ စက်တင်ဘာ လောက်တွင် ကျွန် တော် နှင့် ဘွန်တို့ ပြန်လည် ဆုံစည်း ဖြစ်ခဲ့ကြသည်။ တိုက်ခန်း တခန်း တွင် မရှိမဲ့ ရှိမဲ့ဖြင့် လူကုံတန် ဂိုက် ဖမ်းကာ နေခဲ့ကြသည်။ စပွန်ဆာ ပေးထားသော နောက်ဆုံး လက်ကျန် ငွေလေးဖြင့် မြို့လယ်ရှိ အပေါင်ဆိုင် တဆိုင်သို့ သွားပြီး နေဖို့ ထိုင်ဖို့ မရှိ မဖြစ် နောက်ဆုံး လိုအပ်သည့် တီဗီ နှင့် ရေဒီယို တလုံး ဝယ်ခဲ့သည်။

 

ဗိုလ်ချုပ်ကြီး နှင့် မဒမ်တို့ မိသားစု အား တခါက သူ၏ အကြံပေး ဖြစ်ခဲ့သည့် အမေရိကန် ဗိုလ်မှုးကြီး၏ ခယ်မ က စပွန်ဆာ ပေး၍ လော့စ် အိန်ဂျယ်လိစ် သို့ ရောက်လာကြသည်။ ဝင်းကြီး ခြံကြီး နှင့် တော့ မဟုတ်၊ လော့စ် အိန်ဂျယ်လိစ် ရှိ ဟော်လီဝုဒ် နှင့် ကပ်နေသည့် အနည်းငယ်သာ အဆင့်အတန်း ရှိသော အလယ်ပိုင်း လောက်တွင် ဘန်ဂလို တလုံး ငှား၍ နေခဲ့ကြသည်။

 

ကျွန်တော်သည် ဗိုလ်ချုပ်ကြီး အိမ်သို့ လအတန်ကြာ အဝင်အထွက် လုပ်ခဲ့သော်လည်း သွားတိုင်း သူ့အား ‌ယောင်ချာချာ ဖြစ်နေသည်ကို တွေ့ရသည်။ ထိုအကြောင်းကိုလည်း အဒေါ် ဖြစ်သူအား အသိပေး ခဲ့သည်။ သူ့ လက်အောက် အရာရှိဟောင်းများက ယခုထိ ဗိုလ်ချုပ်ကြီး အဖြစ် နေရာပေး ဆက်ဆံနေကြသော်လည်း သူသည် အလုပ်လက်မဲ့ တဦး ဖြစ်နေသည်။

 

ကျွန်တော်တို့ သွားတိုင်း ဈေးပေါပေါ ဝိုင် နှင့် ဘီယာ များ ကို သာ အဖေါ်ပြုနေသည်ကို တွေ့ရသည်။ သူလည်း သူ နှင့် သိပ်မဝေးသည့် အရပ်တွင် ရှိနေသည့် ရစ်ချတ် နစ်ဆင်လိုပင် စိတ်တိုလိုက်၊ တမှိုင်မှိုင် တတွေတွေ နှင့် ဖြစ်နေလိုက် နှင့် ဘာလုပ်ရမှန်း မသိ ဖြစ်နေသည်။

 

မဒမ် သည်သာ ကလေးများ ကျောင်းတက်ဖို့၊ အိမ်လခ ပေးဖို့၊ အိမ်အတွက် ဈေးဝယ်ထွက်၊ ထမင်းချက်၊ အဝတ်လျှော်၊ ကြမ်းတိုက်၊ ဘုရားကျောင်း သွားဖို့ စီစဉ်ရ နှင့် တသက်လုံး သူမ အတွက် အခြားသူများ လုပ်ပေးရသော အောက်ခြေသိမ်း အလုပ်များကို တဦးတည်း ဒိုင်ခံ လုပ် နေရတော့သည်။