"အဲ့လိုကြီးပဲ အမေ" ဟု ပါဗယ်က ခပ်ပြတ်ပြတ် ပြန် ပြောလိုက်သည်။ အမေအားလည်း လူတွေ၏ ကောင်းကျိုး ကို လုပ်ချင် လူများ အကြောင်း၊ လူတွေ အကြား အမှန်တရား မျိုးစေ့ကို ချပေးချင်ကြသူ များ အကြောင်း ပြောပြခဲ့သည်။ အဘယ်ကြောင့် ဆိုသော လူလောကကြီး၏ ရန်သူများသည် သူတို့အား အရိုင်းအစိုင်း တရိစ္ဆာန် များ အလား အမဲလိုက်သလို ဝိုင်းလိုက်ကာ အကျဉ်းထောင်ထဲ ဇွတ် အတင်း ထဲ့သွင်းမည့် လူများ ဖြစ်နေသော ကြောင့်ပင်။ သို့မဟုတ်လည်း ဆိုက်ဘေးရီယား လို နေရာမျိုး သို့ အလုပ်ကြမ်း နှင့် ပြည်နှင်ဒဏ် ပေးကြမည်လည်း ဖြစ်သည်။
"ကျွန်တော် ဒီလို လူမျိုးတွေကို တွေ့ဖူးသွားပြီ အမေ၊ ကျွန်တော် အဖို့တော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ ပြောလို့ရတဲ့ လူမျိုးတွေပဲ အမေရေ" ဟု ပါဗယ်က အားတက်သရော ပြောလိုက်သည်။
သို့သော် ပါဗယ် ပြောသည့် လူမျိုး များ ကား အမေ အား စိုးရိမ် ကြောက်ရွံစိတ်များ နှင့် ပြည့်နှက်လာ စေသည်။ "အဲ့လောက် တောင်ပဲလား သားရယ်' ဟု လည်း မေးလိုက်ချင်မိသည်။
သို့သော် အမေသည် တွန့်ဆုပ်နေခဲ့ပြီး နောက်ကို မှီကာ သူမ မည်သို့မျှ နားမလည်သည့် လူများ အကြောင်း ပြောနေသည့် သားဖြစ်သူ၏ စကားများကိုသာ နားထောင်နေခဲ့သည်။ ထိုလူ များသည် သား ဖြစ်သူ အခုလို ပြောနိုင် တွေးနိုင်အောင် သင်ကြား ပေးခဲ့သူ များသာ ဖြစ်သည်။ ထို အတွေးများသည် လွန်စွာ အန္တရာယ်လည်း များနေသည်။ နောက်ဆုံးတော့ အမေ နှုတ်ဖျားက စကား ထွက်လာသည်။
"သားရေ မကြာခင် အလင်းရောင် ထွက်လာတော့မယ်၊ ငါ့သား အလုပ်သွားရတော့မယ်"
"ဟုတ်ကဲ့ အမေ၊ ကျွန်တော် အခုပဲ အိပ်တော့မယ်၊ အမေ ကျွန်တော် ပြောတာ တွေ နားလည်တယ် မဟုတ်လား"
"နားလည် ပါတယ် သားရယ်" ဟု ပြောရင်း သက်ပြင်း တချက်ကို လေးလေးပင်ပင် ချလိုက်သည်။ မျက်ရည်များလည်း စီးကျလာပြန်သည်။ နောက်ဆုံး ငိုချလိုက်ရင်းက "သားရယ်...အသက်အန္တရာယ် နဲ့ နီးလိုက်တာ" ဟု ပြောလိုက်သည်။
ပါဗယ်သည် အခန်းထဲတွင် ခေါက်တုန့် ခေါက်ပြန် လျှောက်နေသည်။
"ကဲ... အခု ကျွန်တော် ဘာတွေ လုပ်နေတယ်၊ ဘယ်သွားနေတယ် ဆိုတာ အမေ သိပြီ မဟုတ်လား၊ ကျွန်တော် အမေကို မချွင်းမချန် အကုန် ပြောခဲ့ပြီးပြီ၊ အမေ ကျွန်တော်ကို ချစ်တယ် ဆိုရင် ကျွန်တော် လုပ်နေတဲ့ အလုပ်တွေကို မတားပါနဲ့လား အမေ၊ ကျွန်တော် တောင်းပန်ပါတယ်"
"အမေ့ သားလေးရယ်၊ အမေ ဘာတခုမှ မသိခဲ့ဖူး ဆိုရင် ဘယ်လောက် ကောင်းလိုက် မလဲကွယ်"
ပါဗယ်သည် အမေ့၏ လက်ကို ဆွဲယူကာ သူ့လက်နှစ်ဖက် နှင့် ဖျစ်ညှစ်လိုက်ရင်း "အမေရယ်" ဟု တုန်ရီ လှိုက်လှဲသော အသံ ဖြင့် ပြောလိုက်၍ ပါဗယ်၏ အမေ ဟု ခေါ်လိုက်သံ နှင့် သူမ၏ လက်ကို ထူးထူး ဆန်းဆန်း ဆုပ်ကိုင်လာမှု ကြောင့် အမေ ရင်သည် လှုပ်ခတ်သွားခဲ့ရ ပြန်သည်။
"အမေ ငါ့သား ပြောသလို မလုပ်ပါဘူး သားရယ်၊ ငါ့သား သာ သတိဝိရိယ နဲ့ နေနော်" ဟု အမေ သည် တုန်ရီ လှိုက်လှဲသော အသံ နှင့် ပြောလိုက်သည်။ သို့သော်သူမ ကိုယ် တိုင်လည်း သားဖြစ်သူ ကို ဘယ်လို သတိဝိရိယ နဲ့ နေဖို့ မပြောတတ်သည့် အပြင် ဘယ်လို သတိပေးရမည် ကို လည်း မသိ ဖြစ်နေရှာ၍ "ငါ့သားလေ ပိန်သွားလိုက်တာကွယ်" ဟု သာ စိတ်မကောင်းခြင်း ကြီးစွာ ဖြင့် ထပ်ပြောလိုက်ရသည်။
သားဖြစ်သူ ၏ တောင့်တင်းပြီး သွယ်လျတဲ့ ခန္ဓာကိုယ် ကို ချစ်ခင်မြတ်နိုးမှု အပြည့် နှင့် နွေးထွေးသော မျက်လုံးအစုံ နှင့် ကြည့်လိုက်ရင်းက သူမ ပြောချင်သည်များကို ကမန်းကတန်း ပြောလိုက်သည်။
"သားရယ် သွားလေရာ မှ ဘုရားတရား မမေ့နဲ့၊ သား ကြိုက် သလို နေ၊ အမေ မတားပါဘူးကွယ်၊ တခုပဲ တောင်းဆိုခြင်တာက ငါ့သား လူတိုင်းကို စိတ်လွတ် ကိုယ်လွတ် မပြောမိအောင် နေပါလို့၊ လူတွေနဲ့ ဆက်ဆံရင် သတိဝိရိယ နဲ့ ဆက်ဆံ၊ လူတွေမှာ တဦးကို တဦး မုန်းတီးစိတ်တွေ ကိန်းအောင်းနေကြတယ် သား၊ အားလုံး မှာ လောဘ၊ ဒေါသ တွေ၊ မစ္ဆရိယ စိတ်တွေ ရှိနေကြတယ်၊ တယောက်ကို တယောက် ထိခိုက်နစ်နာအောင် လုပ်ဖို့လည်း ဝန်မလေးကြတဲ့ အပြင် ပျော်ပျော်ကြီး ကို လုပ်တတ်ကြတယ် သား၊ သူတို့ကို စွတ်လားစွဲလား နဲ့ ဝေဖန် အကြံပေး တာမျိုး သွားလုပ်ရင် သားကို မုန်းကြလိမ့်မယ်၊ အမေ့ သားရဲ့ ပျက်စီးရာ ပျက်စီးကြောင်း ကို ကြံကြတော့မယ် သားရေ"
ပါဗယ်သည် တံခါးဝ တွင် ရပ်နေရင်းက အမေ ဝမ်းနည်းပက်လက် ပြောနေသည်ကို နားထောင်နေသည်။ အမေ စကားဆုံးသွားသည်နှင့် ပါဗယ် က ပြုံးပြီး....
"ဟုတ်တယ် အမေ၊ လူတွေက တကယ် သနားစရာ ကောင်းတဲ့ သတ္တဝါတွေပဲ၊ ဒါပေမယ့် လောကကြီးမှာ အမှန်တရား ဆို တာ ရှိပါသေးလား လို့ ကျွန်တော် သဘောပေါက်လာတဲ့ အချိန်မှာ လူတွေကို အဲ့ဒီလို မထင်တော့ဘုး၊ သူတို့ကို ထင်တာထက် ပို ကောင်း နေတဲ့ လူ တွေ လို့ မြင်လာတယ်၊
ပါဗယ်သည် ပြောရင်းက ပြုံးလိုက် ပြန်ပြီး ဆက်ပြောလိုက်ပြန်သည်။
"ကျွန်တော်ကို ကျွန်တော်လည်း ဘာဖြစ်လာမှန်းကို မသိတော့ဘူး၊ ငယ်ငယ်တုန်းက ဆို လူတိုင်းကို ကျွန်တော် ကြောက်တယ်၊ အရွယ်ရောက်လာတော့ လူတိုင်း အပေါ် မုန်းတီးစိတ် ဝင်လာပြန်ရော၊ အချိုကျ ယုတ်မာ ကောက်ကျစ် တတ်ကြလို့၊ အချို့ကျတော့လည်း..အဲ..ဘယ်လို ကြောင့်မှန်း မသိဘူး၊ ဒီလိုပဲ မုန်းနေမိတယ်။ ကျွန်တော် အခု လူတွေကို အရင်ကလို မဟုတ်တော့တဲ့ ပုံစံမျိုး နဲ့ မြင်လာတတ်ပြီ၊ ကျွန်တော် သူတို့ အစား ဝမ်းနည်း ပြီး စိတ်မကောင်း ဖြစ်လာမိတယ်။ ဘာကြောင့်လဲဆိုတာ တော့ ကျွန်တော်လည်း နားမလည် နိုင်သေးဘူး၊ လူတွေထဲမှာ အမှန်တရား ဆိုတာ ရှိနေတယ်လို့ သဘောပေါက်လာတဲ့ အချိန်မှာ ကျွန်တော့် နှလုံးသားတွေ နူးညံ့ ပျော့ပြောင်းလာတယ်၊ လူတွေရဲ့ ဆိုးသွမ်းမှု တွေ၊ ညစ်ပတ်မှု တွေ အတွက် လူတိုင်းကို အပြစ်တင်လို့ မရတော့ဘူး ဆိုတာ သိလာလို့ပဲ ဖြစ်မယ်။
ထို့နောက် ပါဗယ်သည့် သူ့ကိုယ်ထဲက ထွက်လာသော တစုံတရာ ကို နားစွင့်နေဟန်ဖြင့် တိတ်ဆိတ်သွားပြန်သည်။ တအောင့်လောက်ကြာမှာ တိုးညှင်းစွာ ဖြင့် လေးလေးနက်နက် ပြောလိုက်ပြန်သည်။
"အဲ့ဒါက အမှန်တရား ဘယ်လို ရှင်သန်နေလဲ ဆိုတာပဲ အမေ"
အမေသည် သားဖြစ်သူ ကို ကြင်နာစွာ ကြည့်လိုက်ပြီး သက်ပြင်း တချက် ချလိုက်ရင်းက "ငါ့သားကို ဘုရားသခင် စောင့်ရှောက်ပါစေ ကွယ်"
သားဖြစ်သူ အိပ်မောကျသွားချိန်တွင်တော့ အမေသည် အိပ်ယာမှ အသာအယာ ထလိုက်ပြီး သား၏ အခန်းထဲသို့ ခြေကို ဖေါ့ပြီး ဝင်လာခဲ့သည်။
ပါဗယ်၏ ညိုမဲပြီး ခိုင်မာ ပြတ်သား တည်ကြည်သော မျက်နှာသည် အဖြူရောင် ခေါင်းအုံး နောက်ခံ တွင် ထင်ထင်ရှားရှား ပေါ်လွင်နေသည်။ အမေသည် သူမ၏ ဝမ်းဗိုက်ကို လက်နှင့် ဖိလိုက်ရင်းက သား၏ ကုတင်ဘေးတွင် ရပ်နေမိသည်။
သူမ၏ နှုတ်ခမ်းဖျား မှ အသံမထွက်ဘဲ တတွတ်တွတ် ရေရွတ်ရင်းက မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာနေသည်။