စိတ်ဝင်စားဖို့ ကောင်းသည်က ယေရှူ၏ နောက်ဆုံးညစာ သည် ဂျူးဘာသာဝင်တို့၏ အီဂျစ် ကျွန်ဘဝ မှ လွတ်မြောက်မှု အထိမ်းအမှတ် ဘာသာရေး စားသောက်ပွဲ Passover ခေါ် ပသခါ ညစာ ဖြစ်နေခြင်းပင်။ သမ္မာ ကျမ်းစာထဲတွင် ဖေါ်ပြချက် လေးခု ထဲမှ တခု ဖြစ်သည့် Gospel ကျမ်းစာတွင် ယေရှုသည် ကားစင် အတင်မခံရမီ ညစာ ကို ၎င်း၏ နောက်လိုက် သာဝက များ နှင့် အတူ စားသောက်ခဲ့ခြင်းဟု ပါရှိသည်။
ဂျုး တို့၏ အစဉ်အလာအရ ပသခါ ညစာ၏ အဓိက ရည်ရွယ်ချက်သည် တုပ ဖန်တီးထားသော အမှတ်တရ များကို ပြန်လည် သရုပ်ဖေါ်နိုင်ရန် ပင် ဖြစ်သည်။ နှစ်စဉ် နှစ်တိုင်း ဂျူးမိသားစု များသည် အီဂျစ် မှ ၎င်းတို့ အစုလိုက် အပြုံလိုက် ထွက်ခွာ ခဲ့ရသည့် အမှတ်တရ အဖြစ် ပသခါ အကြို လက်ဆုံစားလေ့ ရှိသည်။
ဂျေကော့၏ သားစဉ်မြေးဆက် များ အီဂျစ် တွင် ကျွန်ဘဝ မှ မည်သို့ မည်ပုံ လွတ်မြောက်အောင် ကြိုးပမ်းခဲ့ကြသည့် ဇာတ်ကြောင်းကို ပြန် ပြောင်း ပြောကြရမည့် အပြင် အီဂျစ်တို့၏ နှိပ်စက်ကလူ ပြုခြင်း ကိုယ်တိုငိကိုယ်ကျ ခံခဲ့ရပုံ၊ ပင်လယ်ပြင် ကြီး အား ကိုယ်တိုင် ကိုယ်ကျ မြင်တွေ့ ခဲ့ရပုံများ၊ ဆိုင်းနိုင်း တောင် ကုန်း တွင် ဂျီဟိုဗာ ထံမှ ပညတ်တော် ဆယ်ပါး အား ကိုယ်တိုင် ကိုယ်ကျ လက်ခံရရှိ ခဲ့ပုံများကို အမှတ်တရ လည်း ရှိနေဖို့ လိုအပ်သည်။
ဂျူးတို့၏ အစဉ်အလာတွင် စကားလုံးများကို ချွင်းချန်မထားဘဲ ရှင်းရှင်းဘွင်းဘွင်း ပြောတတ်သည်။ ပသခါ အစဉ်အလာ ဖေါ်ပြသော ကျမ်းတွင် မျိုးဆက်တိုင်း မွေးဖွားလာသူ မှန်သမျှသည် ကိုယ်တိုင် ကိုယ်ကျ အီဂျစ်မှ ထွက်လာခဲ့ကြသလို ယူဆရန် တာဝန် ရှိသည်ဟု ဖေါ်ပြထားသည်။
အကယ်၍ တစုံတယောက်သည် စိတ်ကူးယဉ် ဇာတ်လမ်းသာ ဖြစ်သည်၊ ၎င်းတို့လည်း ကိုယ်တိုင် ကိုယ်ကျ ထွက်လာသူများ မဟုတ်ဟု ငြင်းချက် ထုတ်လာမည် ဆိုလျင် ဂျူး ရှေ့ဟောင်း ပညာရှိ ကြီး များ တွင် တုန့်ပြန် ချေပဖို့ အဖြေ အဆင်သင့် ရှိထားခဲ့ပြီး ဖြစ်သည်။
သမိုင်းစဉ် တလျှောက် လုံး ဂျုးတို့၏ ဝိညာဉ် များ အားလုံးကို ၎င်းတို့ မမွေးဖွားမီ ကာလကြာမြင့်စွာ ကတည်းကပင် ဂျီဟိုဗာ က ဖန်ဆင်းထားခဲ့ပြီး ဖြစ်သည်။ ထိုသို့ ဖန်ဆင်းထားခဲ့သော ဝိညာဉ် များသည် ဆိုင်းနိုင်း တောင်ကုန်းတွင် ရှိခဲ့ကြသည်ဟု ဆိုထားပြီး ဖြစ်သည်။
ဂျူးတို့၏ ဆိုရှယ်မီဒီယာ တွင် ထင်ရှားသူ တဦး ဖြစ်သည့် ဆာဗေးဒိုး လစ်ဗက်သည် ၂၀၁၈ တွင် ထို အကြောင်း နှင့် ပတ်သက်၍ ၎င်း၏ အွန်လိုင်း ဖေါ်လိုဝါ များအား ယခု လို ရှင်းပြခဲ့ဖူးသည်။ "ခင်ဗျား တို့ ကျွန်တော်တို့ အရင်ကတည်းက အတူတကွ နေခဲ့ကြပြီးသား၊ ကျွန်တော်တို့ အီဂျစ်က ကိုယ်တိုင်ကိုယ်ကျ ထွက်လာကြသလို မျက်စိထဲ မြင်လာဖို့ ဆိုတဲ့ ဝတ္တရားကို ဖြည့်ဆည်းရမယ့် အခါမျိုး ကျရင် ဒါကို ဥပစာပေး တင်စားခိုင်းတာ လို့ ယူဆပြီး စိတ်ကူးထဲ ပုံဖေါ်ကြည့်စရာ မလိုဘူး၊ ငါတို့ ထွက်ခဲ့ကြတာ ပါလား လို့ မှတ်မိနေဖို့ပဲ လိုတယ်"
ဂျူး တို့၏ ပြက္ခဒိန် တွင် နှစ်စဉ်လို ပြုလုပ်ရမည့် အရေးပါ ဆုံး အထိမ်းအမှတ် ပွဲလည်း ဖြစ်ပြီး သန်းပေါင်း များစွာသော ဂျုးများသည် ၎င်းတို့ မြင်တွေ့ခဲ့ဖူး ခြင်း မရှိသည့် အရာများ၊ ဖြစ်ချင်မှလည်း ဖြစ်ခဲ့မည့် အကြောင်းအရာ များ ကို မြင်တွေ့ခဲ့လေဟန် အမှတ် တရ ရှိကြောင်း လုပ်ပြကြရသည်။
မြောက်များ လှစွာသော ခေတ်သစ် လေ့လာတွေ့ရှိချက်များ တွင် လူတဦးတယောက်ကို အမှန်တကယ် မဟုတ်သည့် အတုအယောင် အမှတ်ရစရာများ ထပ်တလဲလဲ ပြန်ပြောနေပါက အဆုံးတွင် အပြောခံရသူသည် အစစ် အမှန် ဟု ယူဆလာတတ်သည်ဟု ဖေါ်ပြထားသည်။
ဂျူး နှစ်ယောက် တဦး နှင့် တဦး ပထမဆုံး အကြိမ် တနေရာရာ တွင် တွေ့ကြသည့်အခါ ၎င်းတို့နှစ်ဦးစလုံး တအူတုံဆင်း ညီရင်းအကို အလား ဆက်ဆံ ခဲ့ကြသည်။ ၎င်းတို့ အချင်းချင်း အီဂျစ် တို့ ကျွန်ဘဝ မှ အတူ ရုန်းကန် ပြီး လွတ်မြောက်လာခဲ့ကြသူများ၊ ဆိုင်းနိုင်း တောင်ကုန်း တွင် အတူတကွ ရှိခဲ့ကြဖူးသူ များ အဖြစ် သဘောထားခဲ့ကြသည်။
ထိုသဘောထားသည် ကမ္ဘာတိုက်ကြီး တိုက်ငယ် ကို ကျော် ဖြတ်ပြီး ရာစုနှစ်ပေါင်း များစွာ ဖြန့်ကျက်ထား နိုင်ခဲ့သည့် ဂျုး တို့၏ ကွန်ယက်ကြီး ကို ခိုင်မြံအောင် အားကောင်းစွာ ချည်နှောင်ထားသော နှောင် ကြိုးများ မှ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။
#လူအများက တူညီစွာ လက်ခံ ယုံကြည်ထားမှုများ
ဂျူးတို့၏ ပသခါ ပွဲတော် ဇာတ်ကြောင်းသည် ရှိပြီးသား ဇီဝမျိုးရိုး ဆက်နွယ်မှု ကို ယူပြီး ထပ်မံဆွဲဆန့်ကာ ကြီးမားသည့် ကွန်ယက်ကြီး ဖြစ်အောင် တည်ဆောက် ပေးနိုင်ခဲ့သည်။ စိတ်ကူး စိတ်သန်း တခု တည်း ဖြင့် သန်းပေါင်းများစွာ သော လူများကို မိသားစု တခု အသွင် ဖန်တီးပေးခဲ့သည်။
ကွန်ယက်များကို တည် ဆောက် နိုင်မည့် ဇာတ် ကြောင်းများကို ယခုထက်ပိုပြီး လုံးလုံး လျားလျားပြောင်းလဲပစ် နိုင်သည့် နည်းလမ်းပေါင်းစုံ ရှိနေသည်။ DNA ကဲ့သို့ပင် အသစ် အသစ် သော အရာများကို တည်ဆောက်နိုင်သည့် ဇာတ်ကြောင်းများ ရှိလာသည်။ တကယ်တမ်း တွင် ဇာတ်ကြောင်းများသည် လုံးဝ အသစ် အစစ်အမှန် တခု ဖြစ်လာအောင် ပင် ဖန်တီးပေးနိုင်သည်။
ကျွနုပ်တို့ သိထားသမျှ က ဇာတ်လမ်း ဇာတ်ကွက်များ ထွက်မလာမီက စကြာဝဠာ ကြီး တွင် အမှန်တကယ် ဖြစ်စဉ် အဆင့် နှစ်ခုသာ ရှိခဲ့သည်။ ပုံဝတ္ထု များက တတိယ အဆင့် တွင် နေရာယူလာသည်။
ပုံဝတ္ထု များ မပေါ်ပေါက်မီ ရှိခဲ့သော ရှိခဲ့သော အမှန် ဖြစ်စဉ် နှစ်ခု အား ဓမ္မာဒိဋ္ဌာန် ကျသည့် အမှန်တရား နှင့် ဘက်လိုက်ပြီး ဓမ္မာဒိဋ္ဌာန် မကျသော အမှန်တရား ဟူ၍ သတ်မှတ်ထားခဲ့ကြသည်။
ဓမ္မာဒိဋ္ဌာန် ကျသော အမှန်တရား တွင် ကျောက်တုံးများ၊ တောင်ကြီးများ၊ ဂြိုလ်သိမ် ဂြိုလ်မွှား များ ပါဝင်သည်။ ထိုအရာများသည် ကျွနုပ်တို့ သတိပြုမိသည် ဖြစ်စေ မပြုမိသည် ဖြစ်စေ ရှိနေကြပြီး ဖြစ်သည်။ ဂြိုလ်သိမ် ဂြိုလ်မွှား များသည် ယင်းတို့ ရှိနေသည်ကို မသိခင်ကပင် ကမ္ဘာမြေပေါ်သို့ ပြုတ်ကျ လာခဲ့ပြီး ဖြစ်သည်။
ဘက်လိုက်ပြီး ဓမ္မာဒိဋ္ဌာန် ကင်းသည် အမှန်တရား ဆိုသည်က နာကျင်မှု၊ ကြည်နူးမှု၊ မေတ္တာတရား တို့ ဖြစ်ပြီး ယင်းသည် ပြင်ပထက် အတွင်းသဏ္ဍန်တွင် ဖြစ်တည်နေခြင်းမျိုး ဖြစ်သည်။ ကျွနုပ်တို့ ခံစားသိရှိ နိုင်သော အရာများလည်း ဖြစ်သည်။ မခံစားရသော နာကျင်မှု ဆိုပါက ဆန့်ကျင်ဖက် စကားလုံး နှစ်လုံးကို ပေါင်းစပ်လိုက်ခြင်းမျိုးသာ ဖြစ်ပေလိမ့်မည်။
သို့သော် လူအများ တူညီစွာ လက်ခံနိုင်မှု ရှိသည့် တတိယ အဆင့် အမှန်တရားမျိုးကို အချို့သော ဇာတ်ကွက် ဇာတ်ကြောင်းများက ဖန်တီး နိုင်စွမ်း ရှိနေသည်။ တဖက်တွင် နာကျင်မှု ကဲ့သို့ ပုဂ္ဂလ ဓိဋ္ဌာန် ကျမှု သည် လူတဉီး တယောက်၏ စိတ်သဏ္ဍန်တွင်သာ ရှိပြီး အများ ယုံကြည်လက်ခံ နိုင်သည့် အရာများ ဖြစ်သည့် ဥပဒေ၊ နတ်ဘုရားများ၊ နိုင်ငံများ၊ ကော်ပိုရေးရှင်းကြီးများ၊ ငွေကြေး ဆိုသည်များသည် များပြားလှသော စိတ်သဏ္ဍာန် များ အကြား ဆက်စပ်နေသော အချက်အခြာ နေရာတွင် ရှိနေသည်။
ပိုပြီး တိတိကျကျ ဆိုရလျင် ထိုအရာများသည် လူများ တဦး နှင့် တဦး ပြောကြသည့် ဇာတ်ကြောင်းများ တွင် ပါဝင်နေသည်။ သို့သော် လူများ အပြန်အလှန် ဖလှယ်ကြသည့် သတင်း အချက်အလက် များသည် ၎င်းတို့ ထိုသို့ မဖယ်လှယ်မီ ကတည်းက ရှိနှင့်ပြီးသား အရာများ တော့ မဟုတ်ပေ။ သတင်းအချက်အလက်များ ဖလှယ်မှသာ ထိုအရာများ ထွက်ပေါ်လာခြင်း ဖြစ်သည်။