မဟာမိတ် များ နှင့် အကျိုးတူ ပူးပေါင်း အဖွဲ့များ
မည်မျှပင် အင်အားရှိ နိုင်ငံများ ပေါင်းစုပြီး မဟာမိတ် ပြု ထားစေကာမူ စနစ်တခု ခိုင်မာလာအောင်၊ ပျက်စီးအောင်ကို မဟာမိတ်များကသာ ပြုလုပ်နိုင်သည်။
မဟာမိတ် ဆိုသည်ကား မိမိတို့၏ တူညီသော လုံခြုံရေး အကျိုးစီးပွား အား ကာကွယ် မြှင့်တင်နိုင်ရန် နိုင်ငံ များ အတူတကွ စုစည်းလာကြခြင်း ဖြစ်သည်။
ထိုသို့ မဟာမိတ် အဖြစ် စုစည်းလာသည့် နိုင်ငံများထဲတွင် တနိုင်ငံ အား အတိုက်ခိုက်ခံရမည် သို့မဟုတ် အတိုက်ခိုက်ခံရမည့် အရေး ကြုံလာမည် ဆိုက ကျန် နိုင်ငံများက စစ်ရေး အရသော်၎င်း၊ အခြား လိုအပ်သော အထောက်အပံ့ကို သော်၎င်း ပေး ပါမည်ဟု တရားဝင် ကတိပြု ထားကြသည်။
၎င်းတို့ ပေးမည့် အကူ အညီများထဲတွင် စစ်ရေး၊ စီးပွားရေး၊ ထောက်လှန်းရေး သတင်းများ ဖလှယ်ခြင်း၊ ပူးတွဲ စစ်ရေး လေ့ကျင့်ခြင်း၊ အရေးပေါ်လာက အဆင်သင့် ဖြစ်နေရန် အတူ ညှိနှိုင်း ဆုံးဖြတ်ခြင်း၊ မည်သို့ ဟန့်တားရမည်နှင့် အကူအညီ ပေးခြင်းတို့ ပါဝင်သည်။
မဟာမိတ် ဖြစ်ဖို့ လိုအပ်နေသည်ကား အထက်တွင် ဖေါ်ပြခဲ့သည့် အကူအညီများ ပေးနိုင်စွမ်း ရှိရမည့် အပြင် ထိုသို ပေးပါမည်ဟု လည်း ကတိကဝတ် ပြုဖို့ လိုအပ်နေသည်။ ထိုအချက် နှစ်ချက်ထဲက တချက် ပျက်ကွက်မည် ဆိုလျှင် မဟာမိတ် အဖွဲ့သည် အောင်မြင်နိုင်မည် မဟုတ်ပေ။
မဟာမိတ် ဖွဲ့စည်းရန် သို့မဟုတ် ပါဝင်ရန် ဆုံးဖြတ်ရာတွင် အကျိုး အမြတ် သည် တာဝန်ခံ၍ ပေးဆပ်ရမည် ထက် သာလွန်ခြင်း၊ တနိုင်ငံတည်း ထီးထီးကြီး ရပ်တည်ရမည့် အရေးထက် ပို၍ ကောင်းသည်ဟု ထည့်သွင်းစဉ်းစားခဲ့ကြ ခြင်း ကြောင့် ဖြစ်သည်။
ဝင်စတန် ချာချီသည် ထိုအကြောင်းနှင့် ပတ်သက်၍ ယခုလို အရွှန်းဖောက်ခဲ့ဖူးသည်။ "မဟာမိတ်တွေ နဲ့ အတူ တွဲ တိုက်ရတာထက် ပိုဆိုးတာ တခု ရှိတယ်၊ အဲ့တာက ဘာလဲ ဆိုတော့ သူတို့ မပါဘဲ တိုက်ရတာ" ဟူ၍ ဖြစ်သည်။
မဟာမိတ် ဆိုသည်က ပင်ကိုယ်သဘောသဘာဝ အရ မရှိမကောင်း ရှိမကောင်း မျိုး ဖြစ်သည်။ နိုင်ငံ တနိုင်ငံ တည်းက သို့မဟုတ် ပြိုင်ဖက် အုပ်စု တစုက ခြိမ်းခြောက်လာမှု၊ သို့မဟုတ်ကလည်း လက်ရှိ စနစ်ကို ဖြိုဖျက်ပြီး ၎င်းတို့ လိုလားသည့် စနစ် တခု နှင့် အစားထိုးရန် လုံးပမ်းလာမှု များကို ချေဖျက်ရန် နှင့် ထိန်းညှိ နိုင်ရန် ရည်ရွယ်ပြီး အုပ်စု ဖွဲ့ထားနိုင်သည်။
မဟာမိတ် အဖွဲ့များသည် ၎င်းတို့ ဖွဲ့စည်း တည်ဆောက်ပုံ နှင့် ရည်ရွယ်ချက် တို့ကို မူတည်ပြီး ကမ္ဘာစနစ် ကို အထောက်အကူ ပြုနိုင်သည်လည်း ရှိသည်၊ လမ်းလွဲသွားအောင်လည်း လုပ်နိုင်ပေသည်။
နိုင်ငံ တနိုင်ငံချင်း အနေဖြင့် ကျုးကျော် တိုက်ခိုက်လာမည့် ရန်သူတိုင်း ကို ခုခံ ဟန့်တား နိုင်စွမ်း ရှိမည် မဟုတ်ပေ။ လက်ရှိ စနစ်ကြီးကို မှောက်လှန်ပစ်ရန် ကြိုးစားလိုသူများကလည်း ၎င်းတို့ တနိုင်ငံတည်း မတတ်နိုင်၍ အုပ်စုဖွဲ့လာတတ်ကြသည်။
ဤနေရာတွင် ၎င်းတို့၏ အစီအစဉ်များထက် ထိုအစီအစဉ်များကို မည်သို့သော ရည်ရွယ်ချက်ဖြင့် အသုံးချလာမည် ဆိုသည်က ပို၍ အရေးပါသည်။
မဟာမိတ် များသည် နိုင်ငံတကာ ဆက်ဆံရေး ကဲ့သို့ပင် ရှေးကတည်းက ရှိနေပြီး ဖြစ်သည်။ ရှေးဟောင်း ခေါမခေတ်၊ ဥရောပ အလယ်ခေတ် တို့တွင် အသီးသီး ရှိနေကြပြီး ဖြစ်သည်။ အနီးစပ်ဆုံး ထောက်ပြရမည် ဆိုက ပထမ နှင့် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားလာချိန်တို့ တွင် တွေ့ရမည် ဖြစ်သည်။
သမိုင်း၏ အစိတ်အပိုင်း အတော်များများတွင် အင်အားကြီးသူက ၎င်းတို့ ဖြစ်စေချင်သည်များကို အင်အား သေးသော နိုင်ငံများ အပေါ် လက်နက်အားကိုးဖြင့် အနိုင်အထက် ပြဌာန်းလာခဲ့သည်များကိုသာ တွေ့ရမည် ဖြစ်သည်။
ထိုအခါမျိုးတွင် အင်အားသေးသော နိုင်ငံများသည် ၎င်းတို့ထက် ပိုမို အင်အား တောင့် တင်းသော နိုင်ငံများအား ချဉ်းကပ်ပြီး မဟာမိတ် ပြုလာကြသည်။ သို့မှသာ ၎င်းတို့ကို ခြိမ်းခြောက် အကျပ်ကိုင်လာသော နိုင်ငံ အဖို့ အသာစီး ရလာတော့မည် မဟုတ်ပေ။
သို့မဟုတ်ကလည်း ပိုအားကောင်းသော နိုင်ငံ၏ မျက်နှာသာ ရဖို့၊ စစ်ဖြစ်လာက စိုက်ထုတ်သုံးစွဲရမည့် ကုန်ကျစရိတ် ကို ရှောင်ရှားနိုင်ရန် ၎င်းတို့၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် နှင့် လုပ်ပိုင်ခွင့် အချို လက်လွှတ် အလျော့ပေးလိုက်ကြရသည်။
ထိုသို့ လိုက်လျောလာမှု အပေါ် အခေါ်အဝေါ် အမျိုး မျိုး ရှိကြသည်။ တခါတရံ တွင် ပြင်သစ် ဘာသာ ဖြင့် droit de regard ဟု ခေါ်သည်။ ဆိုလိုသည့် အဓိပ္ပါယ်က စစ်ဆေးပိုင်ခွင့် ရှိခြင်းဟူ၍ ဖြစ်သည်။ ဆိုလိုသည်က မိမိနိုင်ငံ အတွက် ဆုံးဖြတ်ချက် ချရာတွင် အခြား အစိုးရ အား ဝင်ရောက် ပြောဆို ပိုင်ခွင့် ပေးရခြင်း မျိုး ဖြစ်သည်။
စစ်အေး တိုက်ပွဲ ကာလ အတွင်း "Finlandization" ဆိုသည့် အခေါ်အဝေါ်သည် ခေတ်စားခဲ့သည်။ ဖင်လန်သည် ၎င်း၏ အင်အားကြီးမားသော အိမ်နီးချင်း ဖြစ်သည့် ဆိုဗီယက် ယူနီယံ နှင့် သတိကြီးစွာထား၍ ဆက်ဆံနေရပုံ မျိုး ကို ဆိုလိုခြင်း ဖြစ်သည်။
ဒုတိယ ကမ္ဘာစစ် မတိုင်မီ တွင် "appeasement" ဆိုသော အခေါ်အဝေါ်လည်း ရှိသေးသည်။ အနောက်နိုင်ငံများက နာဇီဂျာမဏီ၏ စစ်ရေး ရည်မှန်းချက် များကို ထိန်းချုပ်၍ ရလို ရငြား အလျော့ပေး ဆက်ဆံသည့် ရွှေပြည်အေး ဝါဒ လည်း ရှိခဲ့ဖူးသော်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။
မဟာမိတ် အဖွဲ့ကြီးထဲသို့ ဝင်ရောက်ခြင်း၏ အကြီးမား ဆုံး အားသာချက်သည် အင်အားနည်းသော နိုင်ငံများ အဖို့ စစ်ရေးအရ တဦးတည်း ရင်ဆိုင် ဖြေရှင်းရခြင်း၊ သို့တည်း မဟုတ် လက်တွေ့ကျစွာဖြင့် အင်အားကြီး နိုင်ငံ တနိုင်ငံ ၏ အလို လိုက် လျောရခြင်း ဟူသော အခြေအနေမျိုး မှ လွတ်ကင်းသွားရခြင်း ပင် ဖြစ်သည်။